ငရုတ်သီးမှို သတိပြုစေလို

ငရုတ်သီးမှို သတိပြုစေလို

ဟင်းချက်ရာတွင် အရောင်အဆင်းလှစေရန်၊ ဟင်းအရသာ ပိုမိုထူးကဲစေရန်၊  ငရုတ်သီးပါမှ ထမင်းမြိန်စေရန် စသည်တို့အတွက်  အိမ်ရှင်မများက ငရုတ်သီးကို အမြဲဆောင်ထားလေ့ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ   အိမ်ရှင်မများ၏ မီးဖိုချောင်တွင် ငရုတ်သီးမှုန့်ကို   မရှိမဖြစ်  ဟင်းခတ်ပစ္စည်းအဖြစ် အများဆုံး တွေ့ရသည်။ လူအများစုက ငရုတ်သီး ကြိုက်ကြသဖြင့် ငရုတ်သီးစိမ်း၊  ငရုတ်သီးခြောက်၊ ငရုတ်သီးအစိမ်းမှုန့်နှင့် အကျက်မှုန့်များကို နေ့စဉ်နီးပါး စားကြသည်။ သို့သော် ငရုတ်သီးမှိုက လူကို အဆိပ်သင့်စေတတ်၍ လတ်ဆတ်သော ပစ္စည်းကို ရွေးချယ် ဝယ်ယူတတ်ဖို့လိုသည်။ ငရုတ်သီးအစိမ်းနှင့် အခြောက်တို့တွင်လည်း ပိုးသတ်ဆေး အကြွင်းအကျန်များ၊ သဲမှုန်၊ မြေမှုန်များ ကပ်ငြိနေတတ်ရာ မချက်ပြုတ်မီ ၎င်းတို့ကို ရေဖြင့်စင်ကြယ်စွာ ဆေးကြောသင့်ပေသည်။

ငရုတ်သီးမှို သတိပြုစေလို

ငရုတ်သီးခြောက်တွင်တွေ့ရသော အဆိပ်မှာ Aflatoxin B1  ဖြစ်သည်။ Aflatoxin  (အယ်လ်ဖာတောက်စင်)ကို ဖြစ်စေသော အဓိက မှိုအမျိုးအစား နှစ်မျိုးရှိကြသည်။ ၎င်းတို့မှာ Aspergillus Flavus နှင့် Aspergillus Parasiticus တို့ဖြစ်သည်။ ၎င်းမှိုအဆိပ်ကို   ငရုတ်သီးခြောက်မှာသာမက ကောက်ပဲသီးနှံများဖြစ်ကြသော ပြောင်း၊ နှံစားပြောင်း၊ မြေပဲစေ့နှင့် နေကြာ၊ ပဲပုပ်၊ ငရုတ်ကောင်း၊ နနွင်း စသည်တို့တွင်လည်း တွေ့ရသည်။ ထို့ပြင် အသီးအရွက်များနှင့် ဆားချိုသီးဖျော်ရည် တချို့တွင်လည်း ၎င်းမှိုအမျိုးအစားကို တွေ့ရတတ်သည်။ ငရုတ်သီးတွင် ပါဝင်သော မှိုဆိပ်ကြောင့် ဖြစ်ပေါ်စေတတ်သော ရောဂါများမှာ လတ်တလော အဆိပ်အတောက်ဖြစ်ခြင်း၊ ကိုယ်ခံအားစနစ် လျော့နည်းခြင်း၊ မွေးရာပါ ကုသရန်ခက်ခဲသော ရောဂါများ  ဖြစ်ပွားစေခြင်း၊ သန္ဓေသားကို ထိခိုက်စေခြင်း၊  ကင်ဆာရောဂါ ဖြစ်ပွားစေခြင်းနှင့်  အထူးသဖြင့် အသည်းကင်ဆာ ဖြစ်ပွားစေနိုင်သည်။ ၎င်းကျန်းမာရေး ပြဿနာများကို လူများတွင်သာမက တိရစ္ဆာန်များတွင်လည်း ဖြစ်ပွားစေနိုင်သည်။

ငရုတ်သီးမှို အဆိပ်မသင့်အောင် ပြုလုပ်နည်း

မှတ်တမ်းများအရ   မြန်မာနိုင်ငံအထက်ပိုင်း တိုင်းဒေသကြီး အချို့တွင် ၂၀၁၉ ခုနှစ်အတွင်း အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့် အမျိုးအစားပေါင်း ၃၅၀ ကို ဈေးကွက်အတွင်း ဝယ်ယူစစ်ဆေးရာ ၇၄ မျိုးမှာ Aflatoxin (အယ်လ်ဖာတောက်စင်) ပါဝင်မှုနှုန်း သတ်မှတ်ပမာဏထက်   ကျော်လွန်နေကြောင်း တွေ့ရသည်။  ထို့ကြောင့်  စိုက်ပျိုး ထုတ်လုပ်သော တောင်သူများအနေဖြင့်  ကောက်ပဲသီးနှံများ စိုက်ပျိုးရာတွင် ကောင်းမွန်သော စိုက်ပျိုးမှု အလေ့အကျင့် (GAP)နှင့်အညီ ဆောင်ရွက်ခြင်း၊ သီးနှံများကို ခြောက်သွေ့အောင် နေလှန်းခြင်း၊ သီးနှံအခြောက်ခံစက်များ  အသုံးပြုခြင်း၊  စိုထိုင်းဆနည်းအောင် ပြုပြင်ဖန်တီးခြင်း၊  လိုအပ်သည့် အပူချိန်ရအောင် ဆောင်ရွက်ခြင်း စသည့်နည်းတို့ဖြင့် မှိုအဆိပ်မဖြစ်ပွားအောင် ပြုလုပ်သင့်ပေသည်။ ငရုတ်သီး အပါအဝင် အခြားသော စိုက်ပျိုးရေး ထွက်ကုန်များဖြစ်ကြသည့် ပြောင်း၊ နှံစားပြောင်း၊ မြေပဲ၊ နေကြာ၊ ပဲပုပ်၊ ငရုတ်ကောင်း စသည်တို့မှာလည်း မှိုအဆိပ် မဖြစ်နိုင်အောင် သတ်မှတ်ထားသော ပမာဏအတိုင်း ဓာတုပိုးသတ်ဆေးများကို သုံးစွဲခြင်း၊ မှိုကင်းစင်သော မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များအား ရွေးချယ်စိုက်ပျိုးခြင်း၊ တိရစ္ဆာန် အစာများကို စနစ်တကျ သိုလှောင်ထားရှိခြင်းတို့ ပြုလုပ်ပေးသင့်သည်။

စားသုံးသူများ အနေဖြင့်လည်း စိုက်ပျိုးရေးထွက် ပစ္စည်းများကို ဝယ်ယူရာမှာ  မှိုတက်ခြင်း  ရှိ၊ မရှိ သေချာစစ်ဆေးပြီးမှ   ဝယ်ယူရန်လိုအပ်သည်။ ထုပ်ပိုးထားပြီး အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ထောက်ခံချက်ပေးထားသော ငရုတ်သီးမှုန့်နှင့် စားသောက်ကုန်များကိုသာ ဝယ်ယူစားသုံးသင့်သည်။  ထို့ပြင် FDA က နိုင်ငံပိုင် သတင်းစာများထဲတွင် အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိသော မှိုအဆိပ်သင့် အစားအသောက် တံဆိပ်များကို ဖတ်ရှုမှတ်သား၍ အထူးရှောင်ရှား သင့်ပေသည်။ မှိုအဆိပ်ပါဝင်သော အစားအသောက်များကို စားသောက်ကြသည့် နို့စားနွားများမှ ထုတ်လုပ်ရရှိသော နို့နှင့်  နို့ထွက်ပစ္စည်းတွေမှာလည်း  Aflatoxinပါရှိနေ၍ နွားနို့သောက်သည့်အခါ အပူရှိန်ပြင်းပြင်းဖြင့် ကောင်းစွာ ကျိုချက်သင့်ပေသည်။

ငရုတ်သီး၏ ကောင်းကျိုး၊ ဆိုးကျိုး

ကောင်းကျိုး

ငရုတ်သီးသည် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ပရိုဗီတာမင်အေ၊ ပိုက်တက်စီယမ်၊ မဂ္ဂနီစီယမ်နှင့် သံဓာတ်တို့စုဝေးရာ အရင်းအမြစ်ဖြစ်သည်။ ထို့ပြင် ဗီတာမင်ဘီဓာတ်ပေါင်းစုများ ဖြစ်ကြသည့် နီအာစင်၊ ရီဘိုဖလာဗင်၊ ဗီတာမင်ဘီဝမ်းနှင့် ဘီစစ်တို့လည်းကြွယ်ဝစွာပါရှိကြသည်။ ငရုတ်သီးထဲတွင် ပါဝင်သော ဗီတာမင်စီသည် လိမ္မော်သီးထဲတွင် ပါဝင်သော ဗီတာမင်စီ ပမာဏထက် ခုနစ်ဆမျှပိုသည်။ ငရုတ်သီးထဲ

တွင်ပါရှိသော သဘာ၀ Capsaicin အပူဓာတ်သည်  သွေးလည်ပတ်စီးဆင်းမှုကို  အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းအတွင်း  ရောဂါပိုးများ ဝင်ရောက်ခြင်းကို   တိုက်ထုတ်ပေးသည့် အတွက် ကိုဗစ်-၁၉ ရောဂါကို ဖြစ်ပေါ်စေသော ကိုရိုနာ ဗိုင်းရပ်ရောဂါ ကူးစက်မှုကို    ကာကွယ်ရာတွင် ငရုတ်သီးက အထောက်အကူ ဖြစ်စေနိုင်ကြောင်း သြစတြေးလျ သုတေသီများက အကြံပြုထားသည်။ 

နှိုင်းယှဉ်ကြည့်ရာ၌ ရင့်မှည့်သွားသော အနီရောင် ငရုတ်သီးထဲရှိ ဗီတာမင်စီနှင့် ပရိုဗီတာမင်အေ ပါဝင်မှုသည် အစိမ်းရောင် ငရုတ်သီးထဲတွင် ပါဝင်မှုထက် ပို၍များပြားနေကြောင်း လေ့လာတွေ့ရှိရသည်။ အဆိုပါ အာနိသင်များကြောင့် ငရုတ်သီးစားခြင်းက သွေးကိုသန့်စေကာ ပြင်ပရောဂါအမျိုးမျိုး ကူးစက်ခြင်းမှ  တိုက်ထုတ်ပေးနိုင်ခြင်း၊ သွေးထဲရှိ မကောင်းသော ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး နှလုံးသွေးလွှတ်ကြောတွင်    အဆီပိတ်ဆို့ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းနှင့်    လေဖြတ်ခြင်းတို့ကို လျော့ပါး သက်သာစေနိုင်ခြင်း၊ အဆုတ်၏ လေလမ်းကြောင်းကို  ကျယ်ကား လာစေနိုင်သည့်အတွက် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေခြင်း၊ နှာခေါင်း

ပိတ်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ နှာခေါင်းပေါက်နှင့် ဆက်သွယ်ထားသော ဦးခေါင်းခွံ၏ အတွင်းလမ်းကြောင်း ကိုက်ခဲခြင်း၊ ထိပ်ကပ်နာရောဂါနှင့် ခေါင်းကိုက်ရောဂါ စသည့် ဝေဒနာ အမျိုးမျိုးတို့ကို သက်သာစေနိုင်ခြင်းဖြင့် ငရုတ်သီးက ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါသည်။ ထို့ပြင် ငရုတ်သီးထဲတွင် ပါရှိသော  Capsaicin ဓာတ်က ဦးနှောက်ကို တက်ကြွလန်းဆန်းစေကာ   ရောဂါဘယများကို နာကျင်ခြင်းမှ သက်သာစေသည့် ဟော်မုန်းတစ်မျိုးကို ဦးနှောက်မှ ထွက်ရှိလာအောင် နှိုးဆော်ပေးနိုင် စွမ်းရှိပါသည်။

ဆိုးကျိုး

ငရုတ်သီးအနည်းငယ် စားပြီးနောက်  ဝမ်းပျက်၊ ဗိုက်နာ၊ ဗိုက်အောင့်ဖြစ်သူများသည် ငရုတ်သီးစားသုံးမှုကို အထူးရှောင်ရှားသင့်ပါသည်။ အစာအိမ်နာရှိသူများ၊ လိပ်ခေါင်းရောဂါရှိသူများ၊ စအိုကွဲနာရှိသူ၊ စအိုဝတွင် ပြည်တည်နာရှိသူများ အနေဖြင့်  ငရုတ်သီးလုံး၀ မစားသင့်ပေ။ ငရုတ်သီးက အစာအိမ်၏ အချွဲမြှေးကို ကောင်းကျိုးမပေးဘဲ  အစာအိမ်ရောင်ရမ်းနာကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် နေ့စဉ်နီးပါး ငရုတ်သီး များများစားသုံးခြင်းက အစာအိမ်နှင့် အူလမ်းကြောင်းကို ရောင်ရမ်းထိခိုက်စေသည်။ နေ့စဉ်နှင့်အမျှ ငရုတ်သီး စားလွန်းသူတွေမှာ ဝမ်းမမှန်တော့ဘဲ ဝမ်းချုပ်ခြင်းကို ဖြစ်စေသည်။  အကယ်၍ လိပ်ခေါင်းရောဂါ ရှိသူတစ်ယောက် ငရုတ်သီးစားများပါက ဝမ်းပိုချုပ်နိုင်ပြီး ရောဂါအခြေအနေ ပိုမိုဆိုးရွားလာစေသည်။ ထို့ကြောင့် ငရုတ်သီးစိမ်းတောင့်နှင့် အမှုန့်များကို လွန်ကြူးစွာ စားသုံးပါက အစာအိမ်ကင်ဆာနှင့် အသည်းကင်ဆာ ဖြစ်ပေါ်စေတတ်ကြောင်း အိန္ဒိယ၊ မက္ကဆီကိုနှင့့်ေူန တက္ကသိုလ်မှ ကျန်းမာရေး သုတေသီများက အကြံပြု သတိပေးထားကြသည်။

အချုပ်အားဖြင့်ဆိုသော်  ငရုတ်သီးစားခြင်းက  ကျန်းမာရေး အတွက် အားသာချက်ရှိသလို ဘေးထွက် ဆိုးကျိုးများစွာကိုလည်း   ဖြစ်ပေါ်စေနိုင်သည်။ မှိုတက်နေသော ငရုတ်သီးကို   စားမိခြင်းကြောင့် အသည်းကင်ဆာကို  မလွဲမသွေ ခံစားရပါမည်။

ထို့ကြောင့် သန့်ရှင်းလတ်ဆတ်၍ မှိုအဆိပ်ကင်းစင်သော ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်၊ ငရုတ်သီးအစိမ်းမှုန့်နှင့် အကျက်မှုန့်တို့ကို  ရွေးချယ်ဝယ်ယူ၍ သင့်တင့်မျှတစွာ စားသုံးနိုင်ကြပါစေကြောင်း အကြံပြု လိုက်ရပါသည်။  အိမ်ရှင်မများ အနေဖြင့်လည်း အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိသော စားသုံးရန်မသင့်သည့်  ငရုတ်သီးမှုန့်နှင့် စားသောက်ကုန် အမှတ်တံဆိပ်များကို လေ့လာ ဖတ်ရှုမှတ်သား၍ ရှောင်ရှား ကြစေလိုပါသည်။  ။

ပေါက်ပေါက်