နှစ်ရှည်သီးနှံ မြန်မာ့ကော်ဖီ တိုးချဲ့စိုက်ပျိုးကြပါစို့

နှစ်ရှည်သီးနှံ မြန်မာ့ကော်ဖီ တိုးချဲ့စိုက်ပျိုးကြပါစို့

ကော်ဖီကို လူအတော်များများ နှစ်သက်သည်။ နံနက်ခင်း အိပ်ရာထတွင် ကော်ဖီတစ်ခွက် နေ့စဉ် သောက်ပေးသင့်ကြောင်းကို ဂျပန်သုတေသီများက ဆိုထားသည်။  အဘယ်ကြောင့်ဆိုသော်  ကော်ဖီတစ်ခွက် နေ့စဉ်သောက်ခြင်းသည် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာနှင့်  အစာရေမျိုကင်ဆာ ဖြစ်နိုင်သည့်အန္တရာယ်ကို  ၅၀  ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်းသိရသည်။ ထိုသုတေသီများက  ကော်ဖီတွင်  ဃေ်နျအသူ  (ကဖက်စ်တောလ်)နဲ့ Cafestol  (ကာဝေါ်လ်)ဆိုသည့် အင်တီအောက်ဆီးဒင့် နှစ်မျိုးပါဝင်ပြီး  ၎င်းတို့က  ကလာပ်စည်းထဲရှိ DNAကို ထိခိုက်ဖျက်ဆီး ပစ်နိုင်သည့် ကင်ဆာဖြစ်စေသည့်  ပစ္စည်းများကြီးထွားမှုကို ပိတ်ပင်တားဆီးနိုင်ခြင်းကြောင့်ဟု  ယူဆကြသည်။ ထိုသို့ အကျိုးများစွာရှိသည့်  ကော်ဖီကိုသောက်သုံးမှု များပြားလာခြင်းကြောင့်  ကော်ဖီစိုက်ပျိုးမှုလည်း ပိုမိုများပြားလာသည်။   ယခုနှစ်တွင်   မြန်မာ့ကော်ဖီဈေးကွက်   ပြည်တွင်း/ပြည်ပဝယ်လိုအား ကောင်းလာပြီး မြန်မာ့ကော်ဖီကဏ္ဍ ပြန်လည် ဦးမော့လာပြီဖြစ်သည်။ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ကော်ဖီစီမံကိန်းကို တစ်ဖန်ပြန်လည် ဆောင်ရွက်လျက် ရှိသဖြင့် နှစ်ရှည်သီးနှံ မြန်မာ့ကော်ဖီစိုက် ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးကြစေလိုပါသည်။  လူတိုင်းနီးပါး နေ့စဉ်ထိတွေ့ ပတ်သက်နေရသည့်ကော်ဖီနှင့်ပတ်သက်ပြီး  လေ့လာမိသမျှ ကော်ဖီအကြောင်း စာရှုသူများကို မျှဝေပေးလိုပါသည်။

ကော်ဖီပင်မျိုး

ကော်ဖီမျိုးစုတွင် မျိုးစိတ် (Species) ပေါင်း ၇၀ ခန့်ပါဝင်ပြီး ယင်းတို့အနက် စီးပွားဖြစ် စိုက်ပျိုးရေးတွင် အဓိကအရေးပါသော ကော်ဖီမျိုးစိတ် လေးမျိုးမှာ Coffee Arabica အာရေးဘီးကားကော်ဖီ၊  Coffee Robosta  ရိုဘတ်စတာကော်ဖီ၊ CoffeeLibrica လိုက်ဘရီကာကော်ဖီနှင့် Coffee excels အိတ်ဆယ်စာကော်ဖီတို့ဖြစ်ကြသည်။ ပင်လယ်ရေ မျက်နှာပြင် အမြင့်အလိုက် ဖြစ်ထွန်းမှုပေါ် မူတည်၍ အထက်ပါ ကော်ဖီလေးမျိုးအား ကုန်းမြင့်ကော်ဖီ Arabica Coffee နှင့် မြေနိမ့်ကော်ဖီ Robosta Coffee ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့်ဒေသများ အနေဖြင့် ကုန်းမြင့်ကော်ဖီ Arabica Coffee ကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အကြီးအကျယ် စိုက်ပျိုးကြသည်။

ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင်လည်း အနည်းငယ်စီ စိုက်ပျိုးကြသည်။ မြေနိမ့်ကော်ဖီမျိုးများကို ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။

မြေနေရာရွေးချယ်ခြင်း၊ မြေအမျိုးအစားနှင့် ရာသီဥတု ကော်ဖီစိုက်ခင်းမြေနေရာသည် ရေစီးဆင်းမှု ကောင်းမွန်သည့်  ပြန့်ပြူးညီညာသော မြေနေရာဖြစ်သင့်သည်။ တောင်စောင်းများတွင် စိုက်ပျိုးပါက ဆင်ခြေလျှော ၁၀ မှ ၁၅ ရာခိုင်နှုန်းသာရှိသင့်ပြီးတောင်စောင်း ရှည်လျားပါက ၃၅  ရာခိုင်နှုန်းထိစိုက် ပျိုးနိုင်သည်။ တောင်စောင်းမတ်စောက်လွန်းပါက ကွန်တိုနှင့် လှေကားထစ်များ ဖော်ထုတ် စိုက်သင့်သည်။

အပေါ်ယံမြေသားနက်ပြီး သစ်ဆွေးဓာတ်ကြွယ်ဝသော မြေမျိုးသည်  အသင့်တော်ဆုံး ဖြစ်သည်။

လေဝင်လေထွက်ကောင်းမွန်ပြီး ရေမဝပ်သော အခြေအနေရှိရန် လိုအပ်ပါသည်။ မြေအချဉ်ငန်ဓာတ် စံ ၇ အောက်တွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း စံ ၄ ဒသမ ၅ မှ ၅ ဒသမ ၅ အတွင်းမှာ အကောင်းဆုံးဖြစ်သည်။

အကြမ်းအားဖြင့် တစ်နှစ်ပတ်လုံး ညီမျှစွာ မိုးရွာသွန်းသည့်  အေးမြသော ရာသီဥတုကိုနှစ်သက်သည်။ အစိုဓာတ် ၇၈ မှ ၈၅ ရာခိုင်နှုန်း အပူချိန် ၁၃ မှ ၂၆ ဒီဂရီစင်တီဂရိတ်နှင့် တစ်နှစ်မိုးရေချိန် ၁၉၀၀ မှ ၂၀၀၀ မီလီမီတာ ရှိရန်လိုအပ်သည်။ ကော်ဖီသည် အလင်းရောင်ကိုမကြိုက်သဖြင့် တစ်ရက်  ၁၃ နာရီ ထက်ကျော်သည့်ဒေသများတွင် သီးပွင့်မှု မရှိသဖြင့် လင်းတာတိုဒေသများတွင်သာ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။

မျိုးစေ့ခံယူရေးနှင့် ပြုပြင်ခြင်း

မျိုးစေ့ခံယူမည့် အမိပင်သည် သက်တမ်းခြောက်နှစ်မှ ရှစ်နှစ်ခန့်ရှိပြီး အပင်ရှင်သန်ကြီးထွားမှု၊ အသီးတင်မှုနှင့် အပင်ပုံသဏ္ဌာန် စသည့် လက္ခဏာများ ကောင်းမွန်သော အပင်များကို ရွေးချယ်ဆွတ်ခူးရမည်။ ဆွတ်ခူးပြီးသည့် အသီးများကို  ရေစည်ပိုင်းတွင်ထည့်၍ ရေစိမ်ပြီး ရေပေါ်နေသော အပင်မပေါက်နိုင်သည့် အသီးညံ့များကို ဖယ်ပစ်ရမည်။ ရွေးချယ်ထားသော အသီးများကို  အခွံချွတ်၍  အချဉ်ပေါက်စေရန် တစ်ညခန့်ရေစိမ်ထားရမည်။  နောက်တစ်နေ့တွင် ရိနေသော  အသီးခွံနှင့်အသီးများ၊ အသားများကို ရေဖြင့်စင်အောင်ဆေးကြော  ဖယ်ရှားပစ်ရသည်။ ဆေးကြောပြီးအစေ့များကို အရိပ်အောက်တွင် ၁၀ ရက်ခန့်ကြာ လေသလပ် အခြောက်ခံရသည်။ အစိုဓာတ် ရာခိုင်နှုန်း ၁၅ မှ ၁၈ ကျန်သည်အထိ အခြောက်ခံ ရသည်။ မျိုးစေ့များကို ဆွတ်ခူးပြုပြင်ပြီး မကြာမီ အချိန်တွင်း  စိုက်ပျိုးသင့်သည်။ သို့ရာတွင် ပြာဖြင့်လူးနယ်၍ ခြောက်သွေ့သောနေရာတွင် သိုလှောင်ခြင်းဖြင့် အချိန်ကာလ အတန်ကြာသည်အထိ အပင်ပေါက်နှုန်းများစွာ မကျဆင်းအောင် ထိန်းသိမ်းနိုင်သည်။

ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်း

ကော်ဖီပင်သည် ပူနွေးသော တိုင်းပြည်များ၌ အထူးသဖြင့် ပင်လယ်ပြင်အထက် ပေပေါင်း ၁၂၀၀ နှင့် ပေ ၂၀၀၀ ကြားရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းလေ့ရှိသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်၍ အလိုအလျောက် ပစ်ထားလျှင် ပေ ၂၀ ကျော်မြင့်တတ်သည်။ သို့သော် စိုက်ပျိုးထားသော ခြံများတွင် အသီးများကို လွယ်လင့်တကူ ဆွတ်ခူးနိုင်စိမ့်သောငှါ အပင်များကို ချိုင်ပေးလေ့ ရှိကြသည်။ ကော်ဖီပင်တွင် အရွက်နှင့် အကိုင်းများဆုံသည့် အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများ အစုလိုက် ပွင့်တတ်ကြသည်။ ကော်ဖီပင်များသည် သုံးနှစ်သားအရွယ်ခန့်တွင် စတင်သီးပွင့်လာကြ၍ ငါးနှစ်သားအရွယ်တွင် သီးအားပြည့်စုံလာသည်။ တစ်ပင်လျှင်  အနှစ်  ၂၀  မျှကြာအောင် သီးပွင့်လေ့ရှိသည်။ အသီးများသည် ပထမ၌ အစိမ်း ရောင်ဖြစ်၏။ ထို့နောက် ဝါလာပြီးလျှင် နောက်ဆုံးတွင် နီသွားသည်။ ရာသီဥတုကောင်းသော ဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်တိုင် အောင် ပွင့်နိုင်၊ သီးနိုင်၍ တစ်ပင်တည်းမှာပင် အပွင့်နှင့်အသီးစိမ်း၊  အသီးမှည့်များကို  တစ်ပြိုင်နက် တွေ့ရတတ်သည်။

ကော်ဖီသီးများ မှည့်သောအခါ အသီးများကို ခူး၍ဖြစ်စေ၊ အောက်မှ အဝတ်ခံကာ အပင်ကို လှုပ်ပေး၍ ဖြစ်စေ သိမ်းယူရသည်။ ထို့နောက် နည်းအမျိုးမျိုးဖြင့် အခြောက်လှန်းခြင်း၊ အခွံချွတ်ထုတ်ခြင်းများ ပြုလုပ်ကြသည်။ သို့သော် အသီးမှည့်တွင် အစေ့အပြင်ဘက်၌ အသားဖတ်ရှိနေရုံမက အစေ့ပေါ်တွင်လည်း အမြှေးခွံများ နှစ်ထပ်မျှ ကပ်နေသေးသည့်အတွက် အခွံချွတ်သည့်အလုပ်မှာ မလွယ်ကူလှပေ။ အစေ့များမှ အမြှေးစင်သွားအောင်လုပ်ရာတွင် အစေ့များကို တစ်နည်းနည်းနှင့် အခြောက်လှန်းပြီးနောက် တလိမ့်များနှင့် လှိမ့်ပေးခြင်း၊ ပွတ်ထုတ်ပစ်ခြင်းများ ပြုလုပ်ရသည်။ နောက်ဆုံး၌ အစေ့များကို ချွတ်ပြီးသောအခါ အရွယ်အလိုက် အစားစားခွဲပြီးလျှင် အိတ်ကြီးများတွင်ထည့်၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချကြသည်။

အနံ့အရသာနှင့် ပြည့်စုံသည့်ကော်ဖီကို သောက်သုံးနိုင်ရန်အတွက် ကော်ဖီစေ့ အစိမ်းများကို ညိုဝါရောင်ရအောင် လှော်ပေးရသေးသည်။ ဤသို့လှော်ပေးရာ တွင် ဂရုတစိုက်ပြုလုပ်ရန်လို၏။ သို့မဟုတ်လျှင် လိုသည့်အနံ့အရသာ ထွက်မလာဘဲ နေတတ်သည်။ ရှေးက ကော်ဖီစေ့များကို အိမ်မှာပင် လှော်ယူကြသော်လည်း ယခုအခါ၌မူ   အလုပ်ရုံကြီးများတွင် အကြီးအကျယ် လုပ်ကိုင်လျက်ရှိပေပြီ။ ကော်ဖီစေ့များကို လှော်ပြီးသောအခါ အမှုန့်ကြိတ်ရပြန်၏။ ကော်ဖီ အမျိုးမျိုးကို ရောစပ်ရာတွင် အချို့အလုပ်ရုံကြီးများ၌ အရသာ ကောင်း၊မကောင်းကို စမ်းသပ်ရန်အတွက် ကျွမ်းကျင်သော ပုဂ္ဂိုလ်များကိုပင်လျှင် ငှားရမ်းထားကြရသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးလျှင်ပြီးချင်း ဖျော်သောက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်ကို တွေ့ရသည်။

ကော်ဖီတွင် ကဖင်း (Caffeine)ခေါ် ဓာတ်တစ်မျိုးပါဝင်သည်။ ကော်ဖီကို စွဲခြင်းမှာ ထိုဓာတ်ကြောင့်ပင်ဖြစ်၏။ ကော်ဖီကို အားပျော့စေလိုလျှင် အခြားပစ္စည်းများ ရောစပ်ပေးခြင်းဖြင့် ထိုဓာတ်ကို လိုသလောက်လျှော့ချထားနိုင်သည်။ အထူးသဖြင့် ဥရောပတိုက်တွင် ချစ်ကိုရီ ခေါ် သစ်မြစ်တစ်မျိုးကို အမှုန့်ကြိတ်၍ ကော်ဖီနှင့် ရောစပ်ကာ ရောင်းချသောက်သုံးလေ့ရှိကြသည်။

ကော်ဖီကို ဖျော်သောက်ရာတွင် ရေဆူဆူဖြင့် ကောင်းစွာနှပ်ပေးဖို့ အရေးကြီးသည်။ ကော်ဖီရည်ကို သက်သက်သောက်သူလည်းရှိ၍ နွားနို့၊ သကြားတို့နှင့်ဖြစ်စေ၊ ကြက်ဥအကာနှင့်ဖြစ်စေ ဖျော်သောက် သူများလည်းရှိသည်။ အချို့ ပျော်ပွဲစားရုံကို ယခုအခါ ကာဖေးဟုလည်း  ခေါ်လေ့ရှိကြရာ ထိုစကားမှာ ကော်ဖီ သို့မဟုတ် ကော်ဖီဆိုင်ဟု အဓိပ္ပာယ်ရသော ပြင်သစ်စကားဖြစ်သည်။

မြန်မာ့ကော်ဖီ

မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုကို လက်ရှိအခြေအနေမှ တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုသည် တန်ချိန်ခြောက်သောင်းအထိ ရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံထွက် ကော်ဖီတို့ကို အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်ဝမ်သို့ တင်ပို့ရောင်းချလျက်ရှိသည်။

လက်ရှိအချိန်၌  မြန်မာနိုင်ငံ၏ ယခုနှစ် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၅၀၁၃၀ ခန့်ရှိ၍ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့်အတွက်  နှစ်ရှည်သီးနှံ  မြန်မာ့ကော်ဖီ တိုးချဲ့စိုက်ပျိုးကြပါစို့ဟု   တိုက်တွန်းရေးသား လိုက်ရပါသည်။  ။

ဇော်မျိုး(နေပြည်တော်)