ကလေးနှင့် တီဗွီ ဖုန်း ကွန်ပျူတာကြည့်ချိန်
ကလေးငယ်တွေ လှုပ်ရှားမှုရုပ်ပုံကြည့်ခြင်း သတ်မှတ်ထားသင့်တယ်။ လှုပ်ရှားမှု ရုပ်ပုံကြည့်ခြင်းဆိုတာ လှုပ်ရှားမှုရုပ်ပုံပေါ်လာတဲ့ မျက်နှာပြင်(ဖုန်း၊တီဗွီ၊ ဂိမ်း၊ ကွန်ပျူတာ) စတာတွေကြည့်တဲ့ အချိန်လျှော့ချဖို့လိုတယ်။ တန်ဆေးလွန်ဘေး ဆိုသလိုလှုပ်ရှားမှု ရုပ်ပုံကြည့်ခြင်း များလာတဲ့အခါ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ပေါင်းသင်း ဆက်ဆံရေးပိုင်း၊ ဘာသာစကားပိုင်း၊ အမူအကျင့်ပိုင်း၊ စိတ်ခံစားမှုအပိုင်းတွေမှာထိခိုက်လာနိုင်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဘီဂိတ်ကတော့ သူ့ကလေးတွေ ၁၄ နှစ်ရောက်မှ ဖုန်းပေးကိုင်တယ်လို့ ဆိုတယ်။ တီဗွီ၊ ဗီဒီယိုလည်း အချိန်အကန့်အသတ်နဲ့ ကြည့်စေတယ် ဆိုပါတယ်။
လက်ခံထားတဲ့ သတ်မှတ်ချက်တွေက တစ်နှစ်ခွဲအောက် ကလေးတွေ လုံးဝမကြည့်ရတာတွေဖြစ်တယ်။အသက်တစ်နှစ်ခွဲနဲ့ နှစ်နှစ်ကြားမှာ ကလေးပညာရနိုင်တဲ့ အစီအစဉ်မျိုး မိဘနဲ့အတူ အတိုင်းအတာ တစ်ခုထိ ကြည့်နိုင်တယ်။ နှစ်နှစ်နဲ့ငါးနှစ်ကြား အများဆုံး တစ်နာရီပါပဲ။ ငါးနှစ်အထက်ကလေးတွေ အချိန်တိတိကျကျ သတ်မှတ်မထားပေမယ့် ကလေးအိပ်ချိန်၊ စားချိန်၊ ကိုယ်လက်လှုပ်ရှား အားကစားချိန်တွေ မထိခိုက်ဖို့ လိုအပ်ပါတယ်။ ထမင်းမေ့၊ ကစားတာ မေ့လောက်အောင် ဖုန်းမစွဲသင့်ပါဘူး။
ကလေးတစ်ယောက်ရဲ့ အရေးကြီးတဲ့ ဘဝအစရက် ၁၀၀၀ မှာပါတဲ့ ပထမနှစ်နှစ်ဟာ ကလေးရဲ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနိုင်မှုအတွက် အရေးကြီးတဲ့ အချိန်ဖြစ်တယ်။သည်အချိန်မှာ လှုပ်ရှားမှု ရုပ်ပုံကြည့်ခြင်း များမယ်ဆိုရင် ပတ်ဝန်းကျင် စူးစမ်းလေ့လာနိုင်တဲ့ အခြေအနေ ကုန်ဆုံးသွားမယ်။ကလေးဟာ ဖန်သားပြင်ပေါ်မှာပဲ ကျဉ်းမြောင်းတဲ့အမြင် အတွေးအခေါ်နဲ့ ဖွံ့ဖြိုးလာတတ်ပါတယ်။ ကလေးအချင်းချင်း ကစားချိန် မိဘဆွေမျိုးများ အတူနေချိန် စတာတွေ နည်းပါးလာပါတယ်။
ဘာသာစကား ဖွံ့ဖြိုးမှုနည်းတယ်။ ကလေးတစ်ယောက်ဟာ ဘာသာစကား ဖွံ့ဖြိုးဖို့အတွက် ပတ်ဝန်းကျင်မှာရှိတဲ့ တကယ့်လူသားတွေနဲ့ စကားပြောနေတဲ့ အသံကြားဖို့လိုသလို အပြန်အလှန် ပြောဆိုဆက်ဆံတာတွေ၊ မျက်နှာကိုယ်ဟန် အမူအရာနဲ့ ပေါင်းသင်း ဆက်သွယ်တာတွေ စိတ်ခံစားမှုရဲ့ သဘောသဘာဝတွေ သိနားလည်ဖို့ လိုအပ်ပါတယ်။ ဖုန်းနဲ့တီဗွီကရတဲ့ ဘာသာစကားက တစ်လမ်းသွားပဲဖြစ်တယ်။တစ်ဖက်သတ် ဘာသာစကားပဲဖြစ်တယ်။
ကလေးအာရုံ စူးစိုက်မှု နည်းသွားတယ်။ လှုပ်ရှားမှု ရုပ်ပုံကြည့်ခြင်းက ကလေးတွေမှာ တစ်ချိန်လုံးဖန်သား မျက်နှာပြင်ကိုပဲ ငေးကြည့်နေလို့ လူ့သဘာဝလေ့လာမှု လျော့ကျသွားတယ်။ ဂနာမငြိမ်မှု များလာတတ်တယ်။ စာဖတ်စွမ်းရည်ပိုင်း အာရုံစူးစိုက်မရဖြစ်တတ်တယ်။ စာညံ့တတ်ပါတယ်။
အိပ်ချိန်မှန်ဖို့လိုတယ်။ ဖုန်း၊ တီဗွီအကြည့်များတဲ့ အတွက် အိပ်ချိန်ထိခိုက်နိုင်သလို ကြည့်ပါများရင် ဦးနှောက်အတွင်း သဘာဝအိပ်ရမယ့် အချိန်မှာ ထွက်လာတဲ့ ဟော်မုန်းမယ်လက်တိုနင် အထွက်နည်းပြီး အိပ်မရဖြစ်တယ်။ နောက်ဆက်တွဲအနေနဲ့ နောက်နေ့မှာ ကျောင်းသင်ခန်းစာ စိတ်မဝင်စားဘဲ စာမလိုက်နိုင်တာ သဘာဝအိပ်ချိန်မှာ ထွက်ရမယ့်ကြီးထွား ဟော်မုန်းအထွက်နည်းတာ ခန္ဓာကိုယ်ဖွံ့ဖြိုး ကြီးထွားမှု အနှောင့်အယှက်ဖြစ်တာ ဖြစ်နိုင်ပါတယ်။
ဖုန်း၊ ဂိမ်းစွဲခြင်းများတဲ့ ကလေးတွေမှာ စိတ်ခံစားမှုမျိုးစုံ စိုးရိမ်မှု၊ ဒေါသထွက်မှု၊ စိတ်ဓာတ်ကျမှု၊ ဖုန်းစွဲ၊ ဂိမ်းစွဲမှုခံစားမှုတွေ ပိုမိုခံစားရတတ်ပါတယ်။
အမြင်အာရုံ ထိခိုက်စေပါတယ်။ ဖန်သားမျက်နှာပြင်တွေကို အနီးကပ်စူးစိုက်ကြည့်တာ ကျလာတဲ့အတွက် နှစ်ပေါင်းများစွာကြာတဲ့အခါ အမြင်အာရုံသာမက မျက်လုံးရဲ့ အတွင်းပိုင်းမှာရှိတဲ့ နူးညံ့တဲ့အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးလာပါတယ်။ မိဘတွေအနေနဲ့ဖုန်း၊ ဂိမ်းကြည့်နည်းအောင် စနစ်တကျ စီစဉ်သင့်ပါတယ်။
အသက်အရွယ်အလိုက် လှုပ်ရှားမှုရုပ်ပုံကြည့်ခြင်း တိတိကျကျ ကန့်သတ်ဖို့လိုတယ်။ တစ်နှစ်ခွဲအောက် ကလေးတွေ လုံးဝမကြည့်သင့်ပါ။ ကလေးတွေကမိဘတွေကို အမြဲအတုခိုးတဲ့အတွက် မိဘကိုယ်တိုင်ကလည်း အချိန်ကန့်သတ်ဖို့လိုပါတယ်။
လှုပ်ရှားမှုရုပ်ပုံကြည့်ခြင်းကို တိတိကျကျ သတ်မှတ်ထားသလို အိပ်ချိန်၊ စားချိန်၊ ကစားချိန်၊ မိသားစု အနားယူချိန်စတာကိုလည်း သတ်မှတ်ပေးဖို့လိုပါတယ်။
မဖြစ်မနေကြည့်ဖို့လိုလာရင် ကလေးကို တစ်ယောက်တည်း ကြည့်မယ့်အစား မိဘကကလေးနဲ့ အတူကြည့်ကာ ကလေး၊ တီဗွီပေါ်ကဇာတ်ကောင်၊ မိသားစုတစ်စု အပြန်အလှန် ဆက်သွယ်မှုရှိနေရင် ကလေးကို ထိခိုက်မှုနည်းပါတယ်။ မျက်နှာပြင် လှုပ်ရှားမှုရုပ်ပုံကြည့်ခြင်း အတိုင်းအတာ တစ်ခုထိကြည့်လို့ရတဲ့ အရွယ်မှာလည်း ကြည့်သင့်တဲ့ဇာတ်လမ်း၊ ပညာပေး၊ ပရိုဂရမ်စတာတွေ မိဘကရွေးချယ်ဖို့ လိုတယ်။
ပညာရေးကို လိုအပ်ချက်အရ လှုပ်ရှားမှု ရုပ်ပုံကြည့်ခြင်း ထည့်ထားပေမယ့် အချိန်ကြာမြင့်စွာကြည့်ရှုရမယ့် အခြေအနေမျိုးမှာ အချိန်ကြာမြင့်စွာ ကြည့်မယ့်အစား အားလပ်ချိန်ခဏပေးပြီး ကိုယ်လက်လှုပ်ရှားမှုမျိုးတွေ စိမ်းလန်းစိုပြည်တဲ့ ရှုခင်း၊ ကောင်းကင်၊ သစ်ပင် စတာတွေကိုကြည့်ရှု အပန်းဖြေတာမျိုး ပူးတွဲလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
တီဗွီမျက်နှာပြင်ထဲမှာ သရုပ်ဆောင်တွေ အရုပ်ကောင်တွေပြောဆ နေတာကြည့်မယ့် အစား သူငယ်ချင်းတွေ မိဘဆွေမျိုးတွေနဲ့ လှုပ်ရှားမှု ရုပ်ပုံကြည့်ခြင်းပေါ်မှာ ဆိုရှယ်မီဒီယာကတစ်ဆင့် ပြောဆိုဆက်သွယ်ပေးခြင်းကလည်း အကျိုးရှိပါတယ်။
ဆိုးကျိုးတွေရှောင်ကြည်နိုင်မယ့် နည်းလမ်းတွေ သိရှိနားလည်ခြင်းကနေ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုအပိုင်းကို ပံ့ပိုးကူညီနိုင်ပါတယ်။
တီဗွီကြည့်၊ ဂိမ်းဆော့များတဲ့ ကလေးဟာကျောင်းစာလည်း မလိုက်နိုင်။ စိတ်ဓာတ်ကျခြင်းလည်း ဖြစ်စေနိုင်ပါတယ်။ လူတစ်ယောက် စိတ်ဓာတ်ကျခြင်း လက္ခဏာတွေက စိတ်ပျော်ရွှင်မှုမရှိခြင်း၊ စိတ်အားငယ်ကာ ဝမ်းနည်းခြင်း၊ စိတ်ထိုင်းမှိုင်း နှေးကွေးခြင်း၊ ညစဉ် ရက်ဆက် အိပ်မပျော်ခြင်း၊ နံနက်စောစောနိုးခြင်း၊ အစားအသောက်ပျက်ကာ ခန္ဓာကိုယ် အလေးချိန် ကျဆင်းခြင်း၊သာယာမှု စိတ်သုဉ်းခြင်း၊ အာရုံစူးစိုက်မရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အားမရှိသလို ခံစားရခြင်း၊ ကိုယ့်မှာအပြစ်ရှိသလို ခံစားရခြင်း၊ ယုံမှားခြင်း၊ ယုံကြည်မှု မရှိခြင်း၊ သေကြောင်းကြံဖို့ စိတ်ရှိခြင်းတို့ဖြစ်တယ်။
စိတ်ဓာတ်ကျခြင်းရဲ့ အရေးကြီး လက္ခဏာနှစ်ခုမှာ တစ်နေကုန်နုံးချည့်ပြီး အိပ်မပျော်ခြင်းနဲ့ အရင်စိတ်ဝင်စားတာ စိတ်မဝင်စားတော့ခြင်း၊ အရင်ပျော်ရွှင်တာ မပျော်ရွှင်နိုင်တော့ခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တယ်။ အိပ်တာ၊ စားတာမမှန်ခြင်း၊ အရမ်းအိပ်၊ အရမ်းစားဖြစ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ဘာမှမသိဘဲ အပြစ်ရှိသလို ခံစားနေရခြင်း၊ ယုံကြည်မှုကျဆင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှေးကွေးလေးလံခြင်း၊ သတ်သေချင်စိတ်များလာခြင်းတို့ နှစ်ပတ်လောက် ဖြစ်တာပုံမှန်လုပ်နေကျ၊ သွားနေကျ ကျောင်းမသွားတော့ခြင်းတို့ဖြစ်ပါတယ်။
စိတ်ဓာတ်ကျရောဂါဖြစ်နိုင်စေတယ်။ ကျောင်းသူတွေက ကျောင်းသားတွေထက် နှစ်ဆပိုဖြစ်နိုင်တယ်။
စိတ်ကြွစိတ်ကျရောဂါ တွဲပြီးဖြစ်နိုင်တယ်။မျိုးရိုးမရှိသူကလွဲရင် ဇီဝကမ္မဖြစ်စဉ်ကြောင့် ဖြစ်နိုင်တယ်။ ကျောင်းသူတွေ ရာသီမမှန်တာ၊ ရာသီကျော်သွားတာ၊ များတာ၊ နည်းတာတွေက စိတ်ဓာတ်ကျမှု ဆိုးစေတယ်။ အချို့မိဘ ကိုယ့်သားသမီး ဂရုမစိုက်တတ်ဘူး။ အချို့ကအရမ်း ဂရုစိုက်လွန်းတယ်။ နှစ်ခုလုံး မကောင်းပါဘူး။ ငယ်ငယ်ကကျောင်းမှာ အနိုင်ကျင့်ခံရတဲ့ ကလေးမိသားစုမှ နှိပ်စက်ခံရတဲ့ ကလေး၊ လှုပ်ရှားမှု ရုပ်ပုံကြည့်ခြင်း အကြည့်များတဲ့ ကလေးတွေမှာ စိတ်ဓာတ်ကျဆင်းမှု ပိုဆိုးဝါးတယ်။
စိတ်ဓာတ်ကျချိန်မှာ အကောင်းမမြင်တော့ဘူး။ အဆိုးမြင်စိတ် များလာတယ်။ အဆိုးမြင်နဲ့ကြည့်တတ်တယ်။ သည်အချိန် မိဘဆရာတွေ ရိပ်မိဖို့လိုတယ်။
တွေးတောစဉ်းစားမှု ပြောင်းလဲဖို့လိုတယ်။ နေရာတကာ ဆိုးတာရှိသလို ကောင်းတာလည်းရှိတယ်။ ဘဝမှာ ၇၅ ရာခိုင်နှုန်း အောင်မြင်ရင်တောင် ၂၅ ရာခိုင်နှုန်းမအောင်မြင်တဲ့အပေါ် စိတ်ဓာတ်ကျနေရင်အဆိုပါ၁၀ ရာခိုင်နှုန်းကိုအပြစ်မြင်တယ်။ ဒါကြောင့်သူအောင်မြင်ခဲ့တာ ပြောပြနှစ်သိမ့်ပေးရမယ်။ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုတွေအပေါ် နွေးထွေးမှုပေးမယ့် မိသားစုဆရာဝန်၊ ဆရာ၊ ဆရာမ၊ မိဘတွေရဲ့ သူငယ်ချင်းတွေရဲ့ ဝန်းရံပေးမှု အရေးကြီးတယ်။ ယောကျ်ားလေးတွေ ကျောင်းပြေးတာ၊ စာလိုက်မလုပ်တာ၊ စာမေးပွဲဝင်မဖြေတာတွေ ရှိနိုင်တယ်။
ယုံကြည်မှုလျော့နည်းသွားတဲ့၊ လှုပ်ရှားမှုရုပ်ပုံကြည့်ခြင်း ပိုသွားတဲ့ ကလေးတွေမှာ ကြောက်စိတ်ရှိလာတယ်။စာမေးပွဲခန်း မဝင်မီရထားတဲ့ စာအကုန်မေ့တဲ့ ကလေးတွေဖြစ်တတ်တယ်။ကလေးရဲ့ အာရုံထွေပြားမှု၊ တီဗွီ၊ ဗီဒီယိုနဲ့ဂိမ်းတွေ ကစားရသလို ရှိလိုက်မရသလိုဖြစ်လိုက်နဲ့ဖေ့ဘွတ်၊ အင်တာနက်များပြီး အာရုံထွေပြားနေလို့၊ စာထဲစိတ်မရောက်ဘဲ ဖြစ်တတ်တယ်။သည်အချိန်မှာ မိဘကဂိုက်ခေါ်ပြီးလုပ်ပါဦး၊ ဆွဲခေါ်ပါဦးနဲ့နီးရင် ကြောက်လွန်အားကြီးလို့ အမေလုပ်သူက စာဖြေတဲ့အဆောင်နဲ့ နီးတဲ့နေရာအိမ်ငှားပြီး သမီးစာတွေ လိုက်ကျက်မှတ်ပေးကာ ထမင်းတစ်လုတ်ဝါး၊ စာတစ်ပုဒ်ကျက်နဲ့ အမြင်မတော်တဲ့ထိ ဖြစ်လာတယ်။
နည်းပညာ တိုးတက်တာကို လက်ခံပါတယ်။ တီဗွီမျက်နှာပြင် နာရီပေါင်းများစွာကြည့်ခြင်း၊ လှုပ်ရှားမှုရုပ်ပုံကြည့်ခြင်းက ကျောင်းစာတွေမေ့ကုန်တယ်။
ရောင်စဉ်လှိုင်းကစုစည်းမှုမရဘဲ စာမေ့စေသလိုအချိန်ပေးမဖတ်လို့ ကျောင်းစာ လစ်ဟင်းလာပါတယ်။ ။
ဒေါက်တာလွင်သန့်