နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 
နေပြည်တော်၊ ဧပြီ - ၂၂

 
(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျောက် မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှု အဆင့် ဆင့်နှင့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနား ကျင်းပနိုင် ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပုလဲနှင့်ကျောက်မျက်ရတနာ များရောင်းချရာတွင် နိုင်ငံခြားငွေများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ် တို့အပြင် နောင်ပြပွဲများတွင် ဟောင်ကောင်ဒေါ်လာနှင့် ထိုင်းဘတ်ငွေတို့ဖြင့်ပါ ရောင်းချနိုင်ရေး စီစဉ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကိုလည်းကောင်း၊ ခန်းမ အပြင်ဘက်တွင်ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို လည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယနေ့ပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း အတွဲ ၂၀၀၀ တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိကကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများလည်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း။
ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများ ဝယ်ယူရာတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေတို့ဖြင့် လည်းကောင်း ပေးချေနိုင်ကြောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်း ဈေးသတ်မှတ်ထားရှိပြီး ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ တို့ဖြင့် ပေးချေနိုင်ကြောင်းသိရှိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်စိမ်းဥယျာဉ်ပြန်လည် အဆင့်မြှင့်တင်ထားရှိမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများ၏တင်ပြချက်များ အပေါ် လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါ ကျောက်စိမ်းဥယျာဉ်အား ၂၀၁၀ ခုနှစ်၌ မြေဧရိယာအကျယ်အဝန်း ၈ ဒသမ ၂၆ ဧက ပေါ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဥယျာဉ်အတွင်း ကျောက်စိမ်းရိုင်းတုံးပေါင်း ၅၁၁၇ တုံးနှင့် အခြားကျောက်ရိုင်းပေါင်း ၁၄၂၅၂ တုံးထားရှိထားကြောင်းနှင့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှစတင်၍ ဥယျာဉ်အား ပြန်လည်ပြုပြင်ထိန်းသိမ်းအဆင့်မြှင့် တင်ခြင်းများဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။