တန်ဖိုးကြီးမား၍ ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသော ငြိမ်းချမ်းရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံပိုင်မီဒီယာများက တစ်ဆင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး မျှော်လင့်နေသော ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။
ထိုငြိမ်းချမ်းရေးမိန့်ခွန်းသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်သူတစ်ရပ်လုံး၏ ကောင်းကျိုးကို ရှေးရှုကာ ထာဝရငြိမ်းချမ်းရေး အတွက်ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်ခြင်းဖြစ်သည်။
ထိုဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီး၏ ခေါင်းဆောင်များ ကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ရန် ဖိတ်ကြားထားပြီး တိုင်းရင်းသားပြည်သူများ အားလုံး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့အရသာကို ခံစားနိုင်ရေး ကျွန်တော်တို့အားလုံး လက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားကြပါမည့် အကြောင်း ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင်တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော်သည် ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ အတူတကွ နေထိုင်လာခဲ့ကြသူများဖြစ်သည်။ သမိုင်းကြောင်းတွင် ညီအစ်ကိုချင်း အင်အား စမ်းပွဲများရှိခဲ့သော်လည်း ချစ်ခင်ရင်းနှီးမှု ပျက်ပြားသွားခြင်းမျိုး လုံးဝမရှိခဲ့ပေ။ ဤအချက်ကို ခိုင်မာသော သက်သေပြရလျှင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၊ ဒုတိယစစ်ပွဲနှင့် တတိယစစ်ပွဲများတွင် တိုင်းရင်းသား အားလုံးတို့သည် မြန်မာနိုင်ငံအပေါ် ကျူးကျော်လာသော နယ်ချဲ့အင်္ဂလိပ်တို့ကို သွေးစည်းညီညွတ်စွာ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းက သက်သေဖြစ်သည်။
တိုင်းရင်းသားပြည်သူ အပေါင်းတို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတစ်လျှောက်လုံးတွင် အနိုင်မခံ အရှုံးမပေးသော တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ ဝံသာနုရက္ခိတတရား၊ အချင်းချင်းရိုင်းပင်း ကူညီမှု၊ ကိုယ်ကျိုးစွန့်မှုတို့ကို အရင်းတည်ကာ လွတ်လပ်ရေးအတွက် ဇွဲမာန်သတ္တိဖြင့် ကြိုးပမ်းကြလျက် တိုက်ပွဲဝင်ခဲ့ကြသည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရှိခြင်းကိုပြသခြင်းဖြစ်သည်။ ထို့ကြောင့် နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာတို့၏ သွေးစည်းညီညွတ်မှု၊ စည်းလုံးခြင်းအင်အားကို စနစ်တကျအစီအစဉ် ချကာ သွေးခွဲအုပ်ချုပ်ခဲ့သည်။ အဆိုးဆုံးမှာ မြန်မာတို့၏ သမိုင်းဖြစ်ရပ်မှန်များကို ဖုံးကွယ်ကာ ယင်းတို့အကျိုးငှာ လိုရာဆွဲ၍ပြင်ဆင် ရေးသားခဲ့ခြင်းဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသားတို့သည် တစ်ဦးကိုတစ်ဦး ရန်သူများသဖွယ် ထင်မြင်လာအောင် လုပ်ဆောင်ခဲ့ကြသည်။ ကိုလိုနီကျွန်ဘဝတွင် အဆိုးဆုံးသော ရက်စက်ယုတ်မာမှုမှာ တိုင်းရင်းသား သွေးချင်းညီအစ်ကို မောင်နှမများအကြားမှာ သွေးခွဲအုပ်ချုပ်ခြင်းဖြစ်သည်။ တောင်တန်းဒေသများက တိုင်းရင်းသားများနှင့် မြေပြန့်ဒေသက တိုင်းရင်းသားများ အကြား သံသယစိတ် အမျိုးမျိုးရိုက်သွင်းကာ ကျွန်သက်ရှည်အောင် ဆောင်ရွက်ခဲ့သည်။ မလွှဲသာ၍ လွတ်လပ်ရေး ပေးရတော့မည့်အချိန်အထိ ခွဲခြားအုပ်ချုပ်မှုများ၊ သပ်လျှို သွေးခွဲမှုများနှင့် အချင်းချင်းစည်းလုံးမှုပြိုကွဲအောင် လုပ်ဆောင်ခဲ့ကြသည်။
မည်သို့ပင် သွေးခွဲသပ်လျှို အုပ်ချုပ်ခဲ့သော်လည်း မြန်မာတိုင်းရင်းသား အပေါင်းသည် မျိုးချစ်စိတ်ကို အရင်းတည်ပြီး ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးဖွားကာ လွတ်လပ်ရေးကြီးကို ပြန်လည်ရယူခဲ့ကြသည်။ လွတ်လပ်ရေးကြီး ရခဲ့သော်လည်း နယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုအုပ်ချုပ်မှု အကျိုးဆက်မှာ ယနေ့တိုင် ထင်ကျန်နေဆဲဖြစ်သည်။ နိုင်ငံအတွင်း မငြိမ်းချမ်းသော တိုင်းရင်းသားနယ်မြေများ ရှိနေခြင်းမှာ နယ်ချဲ့တို့၏ သွေးထိုးလှုံ့ဆော်မှု အရှိန်ကြောင့်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် မစားရသည့်အမဲ သဲနှင့်ပက်သည့်ပမာ မြန်မာနိုင်ငံကို တည်ငြိမ်မှုကင်းမဲ့အောင်၊ လက်နက်ကိုင်ပဋိပက္ခများ အစဉ်တစိုက်ရှိနေအောင် ဖန်တီးလျက်ရှိသည်။
ယနေ့တိုင်လည်း ဖန်တီးနေဆဲဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ကျစ်လျစ်ခိုင်မာစွာ ရှိနေသော တပ်မတော်သည် ဗမာလူမျိုးတစ်မျိုးတည်း ပိုင်ဆိုင်သော တပ်မတော်မဟုတ်ပါ။ တပ်မတော်တွင် ပြည်ထောင်စု တိုင်းရင်းသားအားလုံး ပါဝင်အမှုထမ်းလျက်ရှိသည်။ တပ်မတော်၏ ရာထူးအဆင့်တိုင်းတွင် တိုင်းရင်းသားများ တာဝန်ထမ်းဆောင်လျက်ရှိပြီး နိုင်ငံတော်တွင် အရေးကိစ္စကြုံလေတိုင်း တပ်မတော်က ဦးဆောင်ခဲ့ရသည်။ တပ်မတော် ဦးဆောင်မှုဖြင့် နိုင်ငံတော်ကို တည်ငြိမ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် သက်သေသာဓကများ အထင်အရှားရှိသည်။ ဆိုလိုသည်မှာ နိုင်ငံတိုင်းတွင် တပ်မတော်တစ်ရပ် ရှိနေကြသလို မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အတွက် တပ်မတော်တစ်ရပ် ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ပျက်စီးရေးကို ဦးတည်နေသူများ၊နယ်ချဲ့တို့၏ အလိုကျလိုက်ပါ လုပ်ဆောင်လိုသူများက တပ်မတော်ကို မလိုမုန်းထားစိတ်ဖြင့် အစဉ်တစိုက် တိုက်ခိုက်လျက်ရှိသည်။
နိုင်ငံတကာဖြစ်ပေါ် ပြောင်းလဲမှု သမိုင်းစဉ်များကို ပြန်လည်သုံးသပ်ကြည့်မည် ဆိုပါက ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလ တစ်လျှောက်လုံးတွင် ဖွံ့ဖြိုးပြီးအင်အားကြီးနိုင်ငံအချို့မှာ ယင်းတို့နိုင်ငံများ၏ အကျိုးစီးပွားကို ဦးစားပေး လုပ်ဆောင်လာကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပဋိပက္ခများ၊ ဒေသတွင်း စစ်ပွဲငယ်များ ဖြစ်ပွားအောင် ဖန်တီးလုပ်ဆောင်ခဲ့ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် နိုင်ငံအချို့မှာ နှစ်ခြမ်းပြိုကွဲခဲ့သလို နိုင်ငံတွင်းလူမျိုးရေး ပဋိပက္ခများ၊ ပြည်တွင်းစစ် အနိဋ္ဌာရုံများနှင့် တဝဲလည်လည် ဖြစ်နေသည်ကိုမြင်တွေ့နေကြရသည်။
စစ်အေးကာလ နောက်ပိုင်းတွင်လည်း နိုင်ငံကြီးအချို့က ဖွံ့ဖြိုးဆဲ နိုင်ငံများကို ယင်းတို့၏ သြဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံ ရုပ်သေးရုပ်များ မွေးမြူကာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးစသော အကြောင်းပြချက်များဖြင့် ပြည်တွင်းပြည်ပမှ အားပေးအားမြှောက်ပြုကာ သြဇာခံ လောင်းရိပ်အောက်ကို သွတ်သွင်းရန်ကြိုးစားခဲ့ကြသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးရှိပေရာ သပ်လျှိုသွေးခွဲခြင်းကို လွယ်ကူစွာ ခံခဲ့ရသည်။ တပ်မတော်၏ ခိုင်မာတည့်မတ်စွာ ရပ်တည်မှုကြောင့်သာ မြန်မာတို့ တစ်ကျော့ပြန် သူ့ကျွန်ဘဝသို့ မရောက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပေါ်ပေါက်လာခြင်းမှာ အထက်တွင်ဖော်ပြခဲ့သလို နယ်ချဲ့တို့၏ သွေးခွဲမှုသံသယစိတ် အခြေခံခဲ့ခြင်းဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အတွက် အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်များအကြား ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ပါဝင် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။ မြန်မာတို့၏ ငြိမ်းချမ်းရေး ကိစ္စရပ်များသည် ပြည်ပစွက်ဖက်မှု လုံးဝကင်းစင်စွာဖြင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း နဖူးတွေ့ဒူးတွေ့ထိပ်တိုက်ရင်ဆိုင်ဆွေးနွေး အဖြေရှာမည်ဆိုပါက အောင်မြင်မှုရရှိပြီး နိုင်ငံတော်တစ်ဝန်းလုံး ငြိမ်းချမ်းရေး ရရှိနေပြီဖြစ်သည်။
ပြည်ပမှမြှောက်ထိုးပင့်ကော် လုပ်ဆောင်မှုနှင့် ပြည်ပအားကိုးပုဆိန်ရိုးတို့၏ အမျိုးမျိုးသော နှောင့်ယှက်မှုများကြောင့်သာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ထင်သလောက် ခရီးမပေါက်ခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံ ကောင်းကျိုးမလိုလားသူများသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်လာလျှင် တပ်မတော်ကိုသာ လက်ညှိုးထိုးလိုကြသည်။ ထို့ကြောင့် တပ်မတော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီး ပစ်ခတ်တိုက်ခိုက်မှုများကို တစ်ဖက်သတ် ရပ်စဲပေးထားခဲ့သည်မှာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဖြစ်သည်။
မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသော နိုင်ငံဖြစ်သည့်အတွက် အနောက်နိုင်ငံကြီးအချို့က ယင်းတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းသြဇာ ကျယ်ပြန့်လာရေးအတွက် မြန်မာနိုင်ငံကို နည်းလမ်းမျိုးစုံသုံး၍ ဖိအားပေး အကျပ်ကိုင်မှုများ၊ အပြစ်ရှာဝေဖန် တိုက်ခိုက်မှုများ၊ ပိတ်ဆို့အရေးယူမှုများကို ဆောင်ရွက်လျက်ရှိသည်။
တိုင်းရင်းသားအချင်းချင်း သံသယစိတ်များဖြစ်ပေါ်ကာ နိုင်ငံပြိုကွဲအောင်၊ တည်ငြိမ်မှုပျက်ပြားပြီး ဖွံ့ဖြိုးမှုနှောင့်နှေးအောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဤသည်ကိုလည်း တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက နားလည် သဘောပေါက်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံငြိမ်းချမ်းမှ မြန်မာတိုင်းရင်းသားတို့ စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိကြမည်။ ငြိမ်းချမ်းခြင်း၏ အရသာနှင့်မငြိမ်းချမ်းခြင်း၏ ဒုက္ခမျိုးစုံတို့ကို နှစ်ပေါင်း ၇၀ ကျော် ပြည်သူအများ ခံစား၊ စံစားခဲ့ကြပြီးဖြစ်ပေရာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ငြိမ်းချမ်းရေး လိုလားတောင့်တလျက်ရှိသည်မှာ မြေကြီးလက်ခတ်မလွဲ အမှန်တရားပင်ဖြစ်သည်။
ထို့ကြောင့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ခူးလပြည့်ကျော် ၇ ရက် ခရစ်နှစ် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ မိဘပြည်သူများသို့ ပြောကြားသော မိန့်ခွန်းသည် ပြည်သူတစ်ရပ်လုံး လိုချင်တောင့်တမျှော်လင့်မှုကို ဖြည့်ဆည်းပေးမည့် မိန့်ခွန်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇန်ဝါရီလ ၄ ရက်နေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်သည့်အတွက် လွတ်လပ်ရေး၏ အနှစ်သာရ တိုင်းရင်းသား ပြည်သူအားလုံး အပြည့်အဝ ခံစားစေချင်သည်။ သဘောထားကွဲလွဲမှုကို အခြေခံပြီး ဖြစ်ပေါ်လာသော တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်း စေချင်သည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က “ဒါကိုကျွန်တော်တို့ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့အနှစ်သာရ လွတ်လပ်ရေး အနှစ်သာရကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကိုလက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ အတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်”ဟူ၍ ပွင့်လင်း မြင်သာစွာ ဖိတ်ခေါ်ထားပါသည်။
(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင်လည်း နိုင်ငံတော်အစိုးရ အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်သမိုင်းတွင် တစ်ခါမှ မရှိခဲ့ဖူးသော “ တစ်ဖက်သတ်ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲပေးခြင်းနှင့် ထာဝရငြိမ်းချမ်းရေးကို ဦးတည်ပြီး ကြိုတင် ကန့်သတ်ချက်မထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး” ဖိတ်ကြားဆောင်ရွက်ခဲ့သည်။ ယခုငြိမ်းချမ်းရေး အတွက် ဖိတ်ခေါ်မှုမှာလည်း နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်တွေ့ဆုံမည် ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲရာနှုန်းပြည့် အောင်မြင်မှုရှိမည်မှာ အမှန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ ကြီးမားသော မျှော်လင့်ချက်ကြီးကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ထို့ကြောင့် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံသော ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးခြင်းကို နှစ်ထောင်းအားရ ကြိုဆိုမိပါကြောင်းနှင့် အောင်မြင်ပါစေကြောင်း ဆုတောင်း ရေးသားလိုက်ရပါသည်။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)