အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ ဧပြီ ၂၄ ရက်)
လူတိုင်းအတွက် ကျန်းမာရေးတွင်လိုအပ်ချက်မှာ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ အစားအစာများ သန့်ရှင်းရေးနှင့် လေကောင်းလေသန့် ရှူရှိုက်ရေးဖြစ်သည်။ ရေ၊ လေနှင့် အစားအစာတို့သည် သက်ရှိသတ္တဝါတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ ရေနှင့်ပတ်သက်လျှင် လူသားတို့သောက်သုံးနေသည့် ရေများမှာ သန့်ရှင်းမှုနည်းပါးလှကြောင်း ပညာရှင်များက ထောက်ပြပြောဆိုကြသည်။ ထိုသန့်ရှင်းမှုနည်းပါးလှသည့်ရေသည်ပင်လျှင် လာမည့်အနာဂတ် ကာလများတွင် ရှားပါးလာမည်ဖြစ်သည်ဟု ဆိုပြန်ပါသည်။ မသန့်ရှင်းသောရေကိုပင် လူသားတို့ လုံလောက်စွာရရှိရန် ခက်ခဲလာမည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။
မြန်မာနိုင်ငံအနေဖြင့် ရေအလျှံပယ်ပေါကြွယ်သောနိုင်ငံဟုဆိုနိုင်သော်လည်း ပြည်သူတစ်ရပ်လုံးက ရေကိုချွေတာ သုံးစွဲသော အလေ့အကျင့်ရှိကြမှသာ ရေရှားပါးမှုကိုကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ရေကိုချွေတာရမည်ဖြစ်သလို မိုးရွာတုန်း ရေခံဆိုသောစကားရပ်ကိုလည်း မမေ့သင့်လှပေ။ အချို့သောနိုင်ငံများတွင် နိုင်ငံအတွင်း ရေအရင်းအမြစ်ထိန်းသိမ်းရေးကို ပိုမိုတိုးတက်စေရန် မိုးရေခံရက် ၁၀၀ စည်းရုံးရေးလုပ်ငန်းကို လုပ်ဆောင်နေကြပြီဖြစ်သည်။ မုတ်သုံရာသီမတိုင်မီ ရေကန်များကိုရှင်းလင်းပြီး မိုးရေခံနိုင်ရေးအတွက်ပြင်ဆင်ရန် အဆိုပါရက် ၁၀၀ စည်းရုံးရေးလုပ်ငန်းတွင် သတ်မှတ် ထားသည်။ မိုးရွာသွန်းမှုမစတင်မီ(မိုးကြိုကာလ) တွင် ရပ်ကွက်၊ ကျေးရွာများရှိ ရေကန်များကို ပြည်သူများက စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ကာ ကြိုတင်ပြင်ဆင်မည်ဆိုပါက မိုးရွာသွန်းသည့်အခါ အလိုအလျောက် သိုလှောင် ထားပြီးဖြစ်ပေမည်။
ရေသည်လူသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရာစုနှစ်ပေါင်းများစွာကြာ အရေးပါလျက်ရှိခြင်းကြောင့် ရေအရင်း အမြစ်ထိန်းသိမ်းရေးအတွက် လူသားများတွင်တာဝန်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ မေလနှင့်ဇွန်လတို့တွင် မိုးသည် အဆက်မပြတ်ရွာတော့မည်ဖြစ်ပေရာ မြန်မာနိုင်ငံအနေဖြင့်လည်း မိုးရေခံရက် ၁၀၀ စည်းရုံးလုပ်ဆောင်ခြင်းမျိုးကို ကျယ် ကျယ်ပြန့်ပြန့်ဆောင်ရွက်သင့်လှသည်။ မြန်မာနိုင်ငံ၏ ဒေသများစွာတွင် မိုးရွာသွန်းမှုများပြားလှပေရာ ရွာသွန်းသော မိုးရေများမှာ ပင်လယ်သမုဒ္ဒရာတွင်းသို့ အလဟဿ စီးဆင်းသွားမည်ဆိုပါက လူသားတို့အတွက်ဆုံးရှုံးမှုပင်ဖြစ်သည်။
ပင်လယ်သမုဒ္ဒရာအတွင်း ရောက်သွားသည့် ရေမှန်သမျှမှာ ရေချိုဖြစ်မလာတော့ဘဲ ရေငန်များဖြစ်သွားသည့်အတွက် သောက်သုံးရန် ခက်ခဲသွားပြီဖြစ်ပါသည်။ ပင်လယ်သမုဒ္ဒရာထဲတွင် ခုတ်မောင်းသွားလာနေကြသောသင်္ဘောများမှာ ရေချိုကိုသီးသန့်သယ်ဆောင်သွားကြရသည်။ သွားလာမည့် ခရီးစဉ်အကွာအဝေးနှင့် ကြာမြင့်နိုင်သည့် အချိန်ကိုတွက်ချက် ၍ ရေချိုကိုသယ်ဆောင်ကြရသည်။ နည်းပညာတိုးတက်လာသော ခေတ်တွင်မူ သောက်၍မရသောပင်လယ်ရေ၊ သမုဒ္ဒရာရေများကို ပြုပြင်သုံးစွဲနိုင်ပြီဖြစ်သည်။ သို့သော်တချို့ဒေသရှိ ပင်လယ်သမုဒ္ဒရာရေများမှာ ပြုပြင်၍မရလောက် အောင်ပင်ညစ်ညမ်းနေသည်မျိုးရှိပေသည်။
ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှုတို့မှာ လူသားတို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလာခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာကြီးသည်ပုံမှန် ရာသီဥတုအနေအထားဖြင့် လည်ပတ်နေရမည်ဖြစ်သော်လည်း လူသားတို့၏ ပယောဂကြောင့် ကမ္ဘာကြီးမကျန်းမာခြင်း ဖြစ်လာသောအခါထိုဆိုးကျိုးကို လူသားတို့ပင်ပြန်လည် ခံစားနေရပြီ ဖြစ်သည်။ မကျန်းမာသောကမ္ဘာမြေကြီးက ထုတ်လုပ်သောအစာအာဟာရမှာ ကျန်းမာရေးအတွက် အထောက်အကူမပြုရုံမက လူသားတို့ကိုရောဂါအမျိုးမျိုး ဖြစ်ပွားစေသည်။ အစားအစာထုတ်လုပ်မှုတွင်လည်း အသင့် ထုပ်ပိုးအစာများသည် ကောင်းကျိုးထက်ဆိုးကျိုးကိုသာ တိုးပွားစေသည်။ လူသားတို့စိုက်ပျိုးမှုတွင်လည်း ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာတို့ကို အရည်အသွေးနိမ့်ပါးသည်များ အသုံးပြုမိသောအခါ ရရှိသော အစားအစာ ထုတ်လုပ်မှုတွင် သန့်ရှင်းမှုနည်းပါးသွားပြီဖြစ်သည်။
လူသားတို့ကျန်းမာရေးတွင် လေကောင်းလေသန့်ရရှိရေးသည်လည်း တစ်ခုပါဝင်သည်။ ရုပ်ကြွင်းလောင်စာများ အသုံးပြု သည့်ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်၊ ထင်းမီးဖို၊ မီးသွေးမီးဖိုစသည်တို့၏ ဓာတ်ငွေ့များကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေသည်။ ကမ္ဘာပေါ်ရှိ လူ ၁၀ ဦးတွင် ကိုးဦးသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိသည့် လေကိုရှူရှိုက် နေကြရသည်။ ထိုသို့ရှူရှိုက်နေရခြင်းကြောင့် နှစ်စဉ်လူဦးရေခုနစ်သန်းသည် လေထုညစ်ညမ်းမှုနှင့် ဆက်စပ်၍ ဖြစ်ပွားသည့် ရောဂါများကြောင့် သေဆုံးနေရကြောင်း လေ့လာသိရှိရသည်။
ဤကမ္ဘာလောကကြီးတွင် လူသားတို့၏သက်တမ်းကို နှစ် ၁၀၀ ဟုဆိုထားသည်။ သက်တမ်းပြည့် နေနိုင်သူရှားပါး လှသော်လည်း ထိုရှားပါးသူတို့တွင် လူတိုင်းပါဝင်ချင်ကြသည်။ နိုင်ငံတိုင်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင် နေကြသလို လူသားတိုင်းသက်ရှည် ကျန်းမာစေရေးကိုလည်း သုတေသနပြုလုပ်ဆောင်လျက်ရှိသည်။ လူသားများ အနေဖြင့် အနာဂတ်ကာလတွင် ကျန်းမာရေးအရ ဘေးကင်းလုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန်အတွက် ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ရရှိစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထကောင်းများ ဖန်တီးပေးနိုင်ရန်လိုအပ်ပေရာ ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ရေးသားလိုက်ရပေသည်။ ။