ကောင်းမွန်သောငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်မှု

ကောင်းမွန်သောငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်မှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်နေ့က  ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့မိန့်ခွန်းဟာ ပြည်သူတစ်ရပ်လုံး မျှော်မှန်း တောင့်တနေတဲ့ အကြောင်းအရာဖြစ်ပါတယ်။  လွတ်လပ်ရေးရပြီးကတည်းက နယ်ချဲ့တွေရဲ့သွေးခွဲမှုနဲ့  ပေါ်ပေါက်လာခဲ့ရ တဲ့ ပြည်တွင်းရောင်စုံသောင်းကျန်းသူတွေကြောင့်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အဟန့်အတားဖြစ်နေသလို    တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကလည်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လွတ်လပ်ရေးရဲ့အရသာကို ပြည့်ပြည့်၀၀ မခံစားခဲ့ကြ ရပါဘူး။ လွတ်လပ်ရေးမရမီကတည်းက လက်နက်ကိုင် ပဋိပက္ခတွေအစပျိုးခဲ့တာဟာ လွတ်လပ်ရေးရပြီဆိုတာနဲ့  နိုင်ငံတော် အစိုးရကို ဝိုင်းဝန်းတိုက်ခိုက်ကြလို့နောက်ဆုံးမှာ ရန်ကုန်မြို့အနီး တစ်ဝိုက်သာ အာဏာသက်ရောက်တဲ့ အစိုးရဖြစ်ခဲ့ရပါတယ်။

တပ်မတော်အနေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ တပ်မတော်ဖြစ်တာနဲ့အညီ လွတ်လပ်  ရေးကြီး မဆုံးရှုံးစေဖို့ကိုလည်း ကာကွယ်ခဲ့ရပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ လျော့ပါးသွားအောင်  အင်တိုက်အား တိုက်လုပ်ဆောင်နေသလို ပြည်ပကျူးကျော်မှုရန်ကိုလည်း တပ်မတော်ကပြည်သူနဲ့လက်တွဲပြီးတိုက်ခိုက်ခဲ့လို့ မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေး အဓွန့်ရှည်ကြာတည်တံ့နေတာဖြစ်ပါတယ်။ ပြည်ပကျူးကျော်မှုကို   အမြစ်ဖြတ်ချေမှုန်းနိုင်ပေမယ့် ပြည်တွင်းက  တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခကတော့ ချုပ်ငြိမ်းသင့်သလောက် မချုပ်ငြိမ်းခဲ့ပါဘူး။

နှစ်ပေါင်းရှည်ကြာစွာ   တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တိုင်းရင်းသားအချင်းချင်းသံယောဇဉ်ကြိုးကြောင့်လည်း ငဲ့ညှာထောက်ထားမှုရှိခဲ့တယ်လို့ ထင်ပါတယ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆွေးနွေး ခြင်းဖြင့် အဖြေကောင်းရရှိ အောင်ဆောင်ရွက်ခဲ့ကြပါတယ်။ ပါလီမန်ဒီမိုကရေစီအစိုးရ၊   တော်လှန်ရေး ကောင်စီအစိုးရ၊  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရမှသည် ယနေ့ထိတိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့်သာ အဖြေရှာနေတာ ဖြစ်ပါ တယ်။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ ကြတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုအောင်မြင်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရှိသလို   မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေကြောင့် အောင်မြင်မှုမရရှိခဲ့တဲ့ အဖွဲ့အစည်းတွေလည်းရှိပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တပ်မတော်က ကမကထပြုဆောင်ရွက်ပေးခဲ့ပါတယ်။   နောက်ပိုင်း ပါတီစုံဒီမိုကရေစီအစိုးရကာလမှာ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။   ကိုယ်စားလှယ် အသီးသီးဟာ အဆင့်ဆင့်ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုနိုင်ခဲ့ ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဆိုရာမှာ လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ အယူဝါဒရေးရာ သဘော ထားမတိုက်ဆိုင်တဲ့အတွက်  လက်နက်ကိုင်ရတဲ့ အဖွဲ့တွေရှိသလို ၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီ စနစ်ကို ပြောင်းလဲပြီး ဒီမိုကရေစီကိုမျက်ကွယ်ပြုပြီးပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်းရှိပါတယ်။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲ ပြီးမှ လက်နက်ကိုင်အကြမ်းဖက်လာတဲ့အဖွဲ့တွေရှိပါတယ်။

တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက်ငြိမ်းချမ်းရေးတံခါးကိုအမြဲဖွင့်ထားပါတယ်။ အကြမ်းဖက် အဖွဲ့ အစည်းတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းကိုအားပေးထောက်ခံနေတဲ့အဖွဲ့တွေကလွဲလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချမှတ်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်သွားမယ့်အကြောင်းကို ထုတ်ဖော်ပြောကြားထားပြီးဖြစ်ပါတယ်။

ယခုတစ်ဖန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပြောကြားတဲ့မိန့်ခွန်းကို လေ့လာကြည့်လျှင် နိုင်ငံတော်အကြီးအကဲ၏ စိတ်ရင်းအမှန်ကို   ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ ပြည်သူတွေမျှော်လင့်နေတဲ့ငြိမ်းချမ်းရေး မဖြစ်ဖြစ်အောင်တည်ဆောက်ပေးမယ်ဆိုတဲ့ လုပ်ဆောင်ချက်ဟာ ပြည်သူတွေနှစ်ပေါင်း ၇၀ ကျော်ကြာ မျှော်လင့်နေတဲ့ရင်တွင်းဆန္ဒကိုဖြည့်ဆည်းပေးဖို့ လမ်းကြောင်း အမှန်ကိုထုတ်ဖော်လိုက်တာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့တပ်မတော်အနေနဲ့   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ   အစဉ်အဆက်တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်ပါတယ်။  လာမယ့်  ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ ၇၅ နှစ်ကာလကြာပြီဖြစ်တဲ့လွတ်လပ်ရေးရဲ့အနှစ်သာရများကို  တိုင်းရင်းသားပြည်သူများ အပြည့်အဝမခံစားရသေးတာကိုလည်း    လက်ရှိပကတိဖြစ်ရပ်များက ပြဆိုနေပါတယ်။   အဓိကအကြောင်းအရာကတော့ သဘောထား ကွဲလွဲမှုများအပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်တဲ့နေရာမှာ  ကာယကံရှင်များကိုယ်တိုင် တွေ့ဆုံညှိနှိုင်း အဖြေရှာ မယ်ဆိုပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအောင်မြင်မှာပါ။ ဒါပေမဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေက ပြောရမယ်ဆိုရင် အတိတ်ကာလတစ်လျှောက်လုံးမှာ ပြည်ပသွေးထိုးလှုံ့ဆော် နှောင့်ယှက်မှုတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားအောင် လုပ်ဆောင်မှုတွေရှိနေတာကြောင့် ငြိမ်းချမ်း ရေးဟာ ရချိန်တန်ပါလျက် နှောင့်နှေးနေခြင်း ဖြစ်ပါတယ်။ အချို့သော လက်နက်ကိုင်တွေကလည်းပြည်ပ ကိုအားကိုးမှုရှိနေပါတယ်။ ပြည်ပနိုင်ငံအချို့ကလည်း မြန်မာတို့ငြိမ်းချမ်းရေးရပြီး တိုးတက်သာယာမှာကို စိုးရိမ်ကြပါတယ်။ ဘာဖြစ်လဲဆိုတော့ အဆိုပါပြည်ပ နိုင်ငံအချို့အတွက် အကျိုးအမြတ် ဖြစ်ထွန်းနေတာကြီး ရပ်တန့်သွားမှာဖြစ်လို့ပါပဲ။ လူသားတွေ လူမှုစီးပွားရေးဘဝ အသက်မွေးဝမ်းကျောင်းပြုကြရာမှာ ကုန်ပစ္စည်းများ ရောင်းခြင်း ဝယ်ခြင်းလုပ်ငန်းများ၊ တိုက်တာအိမ်ခြံမြေရောင်းဝယ်ခြင်းလုပ်ငန်းများလုပ်ကိုင်ကြပါတယ်။   အဲဒီလို အရောင်းအဝယ်ပြုကြရာမှာ နှစ်ဦးနှစ်ဖက်ပစ္စည်းကိုကြည့်ကာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့်လုပ်ဆောင် ကြပါက အရောင်းအဝယ် လျင်မြန်စွာပြီးမြောက်ပါတယ်။ သို့မဟုတ်ဘဲ ကြားခံလူတစ်ဦးဦးက  ပွဲစား သဘောမျိုး ပါဝင်လာပြီ ဆိုရင်တော့  အဲဒီအရောင်းအဝယ်ဟာ ကြန့်ကြာနေမှာပါပဲ။  ပွဲစားဆိုတာက မိမိအကျိုးအတွက်ကို  အဓိက ကြည့်ရှုပေရာ ၎င်း၏အကျိုးအမြတ်မရှိလျှင် ထိုလုပ်ငန်းကိုကဖျက်ယဖျက် လုပ်မှာအသေအချာပါပဲ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနှင့် အတူပေါ်ပေါက်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးမှာလည်း  ပြည်ပက သွေးထိုးလှုံ့ဆော်နှောင့်ယှက်မှု၊ ကြားဝင်ကူညီမှုတွေရှိနေလျှင် ရာနှုန်းပြည့်အောင်မြင်မှာမဟုတ်ပါဘူး။ မြန်မာတို့ရဲ့ ပြည်တွင်းရေးကို မြန်မာတို့ကိုယ်တိုင် စိတ်ကြိုက်ဆုံးဖြတ်ရသည်ထက် ကြားပွဲစားဖြစ်သူ ပြည်ပနိုင်ငံအချို့က   ဝင်ရောက် စွက်ဖက်နေသည့်အတွက် ချုပ်ငြိမ်းရမည့်ပဋိပက္ခများကြာရှည်နေခြင်းဖြစ်တာကိုတွေ့မြင်ရပါတယ်။ ဒါ့ကြောင့်လည်း ယခုအခါမှာတော့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပြောကြားတဲ့  မိန့်ခွန်းမှာ“၇၅ နှစ်ကာလကြာပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အ၀ မခံစားရသေးတာကိုလည်း လက်ရှိပကတိ ဖြစ်ရပ်များ ကပြဆိုနေပါတယ်။ အဓိကအကြောင်းအရာကတော့ သဘောထားကွဲလွဲမှုများအပေါ်မှာအခြေခံပြီး ဖြစ်ပေါ် လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကြောင့်ပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်မှသာ ဒီမို ကရေစီရဲ့ အနှစ်သာရ လွတ်လပ်ရေးအနှစ်သာရကို အပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကိုဆောင်ရွက်သွားမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်” ဟူ၍ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “ဒါကိုလက်တွေ့ကျကျထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားပါမယ်။ ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးစီတက်ရောက်ပေးကြပါ။ တက်ရောက်မယ့်သူပုဂ္ဂိုလ်များရဲ့ အမည်ကို  ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့နောက်ဆုံးထားပြီး ပြန်ကြားပေးကြစေလိုပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အကြီးအကဲရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ပြောကြားတဲ့မိန့်ခွန်းဟာ ငြိမ်းချမ်းရေးရစေချင်တဲ့ စေတနာ၊ မေတ္တာနဲ့ အရင်းခံနဲ့ပြောကြားခြင်းဖြစ်သလို ငြိမ်းချမ်းခြင်းရဲ့အရသာကို ပြည်သူများစံစားစေချင်တဲ့စေတနာ၊ မေတ္တာ အရင်းခံနဲ့ ပြောကြားခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းရဲ့အရသာကို ပြည်သူများစံစားစေချင်တဲ့ စိတ်ရင်းအမှန်ပဲဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲ၏ ရင်တွင်းစကားများမှာ နိုင်ငံတော်ကြီး သာယာဝပြောရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးရရှိရေးကို ဦးတည်ခြင်းပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုသား အားလုံးရဲ့အကျိုးကိုရှေးရှုပြီး  လိုက်ပါဆောင်ရွက်ပေးကြရတော့မှာဖြစ်ပါတယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိ သည် ဆိုသည့်အတိုင်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး   မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို   ပြည်ပ စွက်ဖက်မှု ကင်းစွာဖြင့် ညီရင်းအစ်ကိုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့်အမြင်ချင်းဖလှယ် ညှိနှိုင်းဆွေးနွေး ကြမည် ဆိုပါက မအောင်မြင်စရာမရှိနိုင်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်ငြိမ်းချမ်းရေးကို အမှန် တကယ် ရယူလိုသည့် ဆန္ဒအစစ်အမှန်ထားရှိကြမည်ဆိုလျှင် ဘေးပြောတာကိုမယုံဘဲ မိမိတို့ ကိုယ်တိုင်  နိုင်ငံတော် အကြီးအကဲနှင့် တွေ့ဆုံကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားအားလုံး စိတ်ချမ်းသာ ပျော်ရွှင်ရေးကိုဦးတည်ကာ ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြရန် ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ပါတယ် ခင်ဗျာ။   ။

 

အာကာမောင်မောင်