(၃၁)ကြိမ်မြောက် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း၏ အပြီးသတ် ကစားသမား စာရင်းကို မေ ၅ ရက်တွင် အတည်ပြုကြေညာမည်

(၃၁)ကြိမ်မြောက် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း၏ အပြီးသတ် ကစားသမား စာရင်းကို မေ ၅ ရက်တွင် အတည်ပြုကြေညာမည်

ရန်ကုန်၊ အားကစား

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း နည်းပြ ပိုပေါ့က (၃၁)ကြိမ်မြောက်ဆီးဂိမ်း ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက် ရွေးစင် ယူ-၂၃ အသင်း၏ အပြီးသတ်ကစားသမား စာရင်းကို မေ ၅ ရက်တွင် အတည်ပြုကြေညာမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းကို ပဏာမကစားသမား ၂၉ ဦးဖြင့် စုဖွဲ့ထားပြီး  ဆီးဂိမ်းအတွက်  ကြိုတင် ပြင်ဆင်သည့်အနေဖြင့်  ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌   စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

လက်ရှိ မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းကို ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် အကြိမ် (၃၀)မြောက်ဆီးဂိမ်းတွင် ပါဝင် ယှဉ်ပြိုင် ခဲ့ကြသော လူငယ်ကစားသမားများဖြစ်သည့် လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်း၊ စိုးမိုးကျော်  စသည့် ကစားသမားများနှင့်အတူ ယူ-၁၉ အသင်းမှ ကစားသမားများဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။

(၃၁)ကြိမ်မြောက်ဆီးဂိမ်း  အမျိုးသား ဘောလုံးပြိုင်ပွဲကို အသက် ၂၃ နှစ်အောက်ပြိုင်ပွဲအဖြစ် သတ်မှတ်ထားသော် လည်း သက်ကျော်ကစားသမား သုံးဦးအထိ အသုံးပြုခွင့်ရရှိထားသည့်အတွက် နည်းပြပိုပေါ့ကလည်း သက်ကျော်ကစားသမား သုံးဦး ရွေးချယ်မည်ဖြစ်ပြီး လက်ရှိတွင် ပဏာမအနေဖြင့်သက်ကျော်ကစားသမား ရှစ်ဦးအထိ ရွေးချယ်ထားကြောင်း သိရသည်။

လက်ရှိတွင်  နည်းပြပိုပေါ့က  မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်၊ ဆွမ်လမာန်၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊   အောင်နိုင်ဝင်းနှင့်  သန်းပိုင်တို့ကို ပဏာမသက်ကျော် ကစားသမားများအဖြစ် ရွေးချယ်ထားခြင်းဖြစ်ကြောင်း၊  အဆိုပါ ကစားသမားများထဲမှ မောင်မောင်လွင်၊ အောင်ကောင်းမာန်နှင့်  ဟိန်းထက်အောင်တို့ကို  ရွေးချယ်ဖွယ် ရှိနေကြောင်း  သိရသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် ဒူဘိုင်းခရီးစဉ်အတွင်း ဒူဘိုင်းအခြေစိုက်  ကလပ်အသင်းတချို့နှင့်  ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။                             

STA