စိမ်းလန်းစိုပြည် ကော်ဖီမြေ
ကော်ဖီသီးနှံသည် ပြည်တွင်းပြည်ပ ဈေးကွက်ဝင်သီးနှံဖြစ်ပါသည်။ ကော်ဖီသီးနှံကို မြန်မာနိုင်ငံအနှံ့အပြား၌ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ကော်ဖီစိုက်ပျိုးပြီးဧကမှာ ၅၀၁၃၀ ဧကခန့်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကော်ဖီစိုက်ပျိုးပြီးဧကမှာ ၄၈၃၆ ဧကခန့် ရှိပါသည်။ မန္တလေးတိုင်းဒေသကြီး အတွင်းတွင် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပြီး ပြင်ဦးလွင်မြို့နယ်နှင့် မိုးကုတ်မြို့နယ်၌သာ ကော်ဖီသီးနှံကို အဓိက စိုက်ပျိုးထုတ်လုပ်ပါသည်။ ကော်ဖီသီးနှံကို ပြင်ဦးလွင်မြို့နယ်တွင် ၄၃၈၇ ဧကခန့်၊ မိုးကုတ်မြို့နယ်တွင် ၄၄၉ ဧကခန့် စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၉၈ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၈ မိနစ်ကြားတွင်တည်ရှိပြီး ပြင်ဦးလွင်မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂ မိနစ် ၄ ဒသမ ၃၈ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၇ မိနစ် ၃၁ ဒသမ ၄၉ စက္ကန့်အကြားတွင်လည်းကောင်း၊ မိုးကုတ် မြို့နယ်သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၅၀ မိနစ်နှင့် ၂၃ ဒီဂရီ ၃၀ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၁ မိနစ်နှင့် ၉၆ ဒီဂရီ ၄၅ မိနစ်ကြားတွင်လည်းကောင်း တည်ရှိပါသည်။ ပျမ်းမျှအားဖြင့် ပြင်ဦးလွင်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၃၈ ပေခန့်နှင့် မိုးကုတ်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၈၀၀ ကျော်ခန့်တွင် တည်ရှိပါသည်။ ပြင်ဦးလွင်မြို့နယ်တွင် ပင်လယ်ရေ မျက်နှာပြင်အထက်အမြင့်ပေ ၃၅၀၀ ကျော်မှစ၍လည်းကောင်း၊ မိုးကုတ်မြို့နယ်တွင် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၃၈၀၀ မှ ၄၈၀၀ ခန့်အတွင်းတွင် လည်းကောင်း ကုန်းမြင့်ဒေသ ကော်ဖီမျိုး (Coffee arabica) ကို စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီမျိုး ၂၉ မျိုးရှိသော်လည်း ပြင်ဦးလွင်မြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် အများအားဖြင့် S-795 , Catuai , Catimor , H-528 နှင့် SL-34 ကော်ဖီမျိုးတို့ကိုသာ အဓိက စိုက်ပျိုးထားရှိပါသည်။
ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးထားသော ကော်ဖီမျိုးများအနက် S-795 ကော်ဖီမျိုးသည် S-288 နှင့် Kent ကော်ဖီမျိုးစပ်ရာမှ ရရှိပြီး မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်ပါသည်။ S-795 မျိုးသည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၃၈၀၀ ကျော်တွင် စိုက်ပျိုးဖြစ်ထွန်း ပါသည်။ သံချေးမှိုရောဂါကို ခံနိုင်ရည်ရှိသော ကော်ဖီမျိုးတွင် ပထမဆုံးမျိုးဖြစ်ပြီး မြေမျက်နှာပြင်မြင့်သော နေရာဒေသများတွင် ပို၍ခံနိုင်ရည် ရှိသည်ကို တွေ့ရှိရပါသည်။ ကော်ဖီသောက်သုံးမှု အရည်အသွေး အထူးကောင်းမွန်သော မျိုးဖြစ်ပါသည်။
Catuai ကော်ဖီမျိုးသည် Mundo Novo နှင့် Caturra ကော်ဖီမျိုးစပ်ရာမှ ရရှိပြီး မူရင်းဒေသမှာ ဘရာဇီးနိုင်ငံဖြစ်ပါသည်။ Catuai မျိုးကို ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၃၃၀၀ - ၃၈၀၀ အတွင်းတွင် စိုက်ပျိုးသင့်ပါသည်။ မိုးများသည့်ဒဏ် ခံနိုင်ရည်ရှိပြီး ကော်ဖီသောက်သုံးမှု အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သော မျိုးဖြစ်ပါသည်။
Catimor ကော်ဖီမျိုးသည် Hybrido De Timor နှင့် Caturra ကော်ဖီမျိုးစပ်ရာမှ ရရှိပြီး မူရင်းဒေသမှာ ပေါ်တူဂီနိုင်ငံဖြစ်ပါသည်။ Catimor မျိုးသည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၃၃၀၀ အောက်တွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး အထွက်နှုန်း ကောင်းမွန်သည့်မျိုးဖြစ်ပါသည်။ သံချေးမှိုရောဂါနှင့် ကော်ဖီသီးလုံးခြောက် ရောဂါကို ခံနိုင်ရည်ရှိပြီး ရေငတ်ဒဏ်လည်း ခံနိုင်ရည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေမြင့်သော နေရာတွင် စိုက်ပျိုးပါက ကော်ဖီသောက်သုံးမှု အရည်အသွေး ပို၍ကောင်းမွန်လာသည်ကို တွေ့ရှိရပါသည်။
H-528 ကော်ဖီမျိုးသည် HW-26 နှင့် Catuai ကော်ဖီမျိုးစပ်ရာမှ ရရှိပြီး မူရင်းဒေသမှာ ပေါ်တူဂီနိုင်ငံဖြစ်ပါသည်။ H-528 မျိုးသည် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၃၃၀၀ အောက်တွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သော အထွက်ကောင်းမျိုးဖြစ်ပါသည်။
ခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိပြီး သံချေးမှိုရောဂါကိုလည်း ခံနိုင်ရည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေမြင့်သော မိုးကုတ်ဒေသတွင် စိုက်ပျိုးပါက ကော်ဖီသောက်သုံးမှု အရည်အသွေး ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိပြီး အထူးသဖြင့် ကော်ဖီအချဉ်ဓာတ် (Acidity) ပိုမိုလာသည်ကို တွေ့ရှိရသော်လည်း ထိုကဲ့သို့ ပိုမိုလာသော အချဉ်ဓာတ်မှာ Non-acid ဖြစ်သောကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။
SL-34 ကော်ဖီမျိုးသည် Borubon မျိုးမှ မျိုးဖြစ်ထွန်းလာခြင်း ဖြစ်ပြီးမူရင်းဒေသမှာ ကင်ညာနိုင်ငံဖြစ်ပါသည်။ SL-34 မျိုးသည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၃၃၀၀-၃၈၀၀ အတွင်းတွင် စိုက်ပျိုးသင့်ပါသည်။ ခြောက်သွေ့မှုဒဏ်နှင့် မိုးသည်းထန်ခြင်းကိုလည်း ခံနိုင်ရည်ရှိပါသည်။ မိုးများပြီး ပင်လယ်ရေမျက်နှာပြင် အထက်မြင့်သောဒေသများတွင် စိုက်ပျိုးသင့်ပါသည်။ ကော်ဖီသောက်သုံးမှု အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော မျိုးဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေမြင့်သော နေရာတွင်စိုက်ပျိုးလေ ကော်ဖီသောက်သုံးမှု အရည်အသွေး ပို၍ကောင်းမွန်လေဖြစ်သည်ကို တွေ့ရှိရပါသည်။
ရေမြေဒေသအလိုက် သင့်တော်သော ကော်ဖီမျိုးများကို စိုက်ပျိုးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းသော ကော်ဖီစိုက်ခင်းများ တိုးတက်များပြား လာမည်ဖြစ်ပါသည်။ ထို့ပြင် ကော်ဖီစိုက်ခင်း တည်ထောင်လျှင် မဖြစ်မနေ ယှဉ်တွဲစိုက်ပျိုးရသော အရိပ်ပင်ကြီးများကြောင့် မြို့၏သဘာဝ ဂေဟစနစ်ကို ကောင်းမွန်အောင် ထိန်းသိမ်းပေးရုံသာမက ကမ္ဘာ့အလယ်တွင် စိမ်းလန်းမြို့တော် (Green Community)) အဖြစ် ထည်ဝါစွာ ရပ်တည်နိုင်မည်ဖြစ်ပါသည်။
ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုကို စိတ်ပါဝင်စားသော မြန်မာနိုင်ငံ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကော်ဖီစိုက်တောင်သူများ၊ ကော်ဖီလုပ်ငန်းရှင်များ နေရာဒေသအလိုက် ကော်ဖီမျိုး ရွေးချယ်စိုက်ပျိုး နိုင်ရန်အတွက် ကော်ဖီကြိုက်နှစ်သက်သော ရေ၊ မြေ၊ ရာသီဥတု၊ မိုးရေချိန်၊ အပူချိန်နှင့် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေအလိုက် စိုက်ပျိုးသင့်သည့် ကော်ဖီမျိုးများ အကြောင်းကို စိုက်ပျိုးရေး ဦးစီးဌာန ကော်ဖီ-ရာသီသီးနှံ ဌာနခွဲမှ ထုတ်ဝေထားသော “ မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှု ပတ်ဝန်းကျင်ဇုန် (Coffee Ecological Zone in Myanmar)” စာအုပ်တွင် အသေးစိတ်လေ့လာ သိရှိနိုင်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲသို့ ဆက်သွယ်မေးမြန်း ရယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ။
နီလာထွန်း