ပြည်ပပို့ကုန်တိုးမြှင့်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဧပြီ  ၂၆  ရက်)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၁၉ ရက်နံနက်တွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံကော်ဖီအသင်းနှင့် ပြင်ဦးလွင်ကော်ဖီဥယျာဉ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် “ကော်ဖီများ ကိုစိုက်ပျိုးရာတွင် မျိုးအများအပြားဆောင်ရွက်မည့်အစား လုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေနိုင်မည့် အရည်အသွေးတည်ငြိမ်ပြီး ဈေးနှုန်းခိုင်မာသင့်တင့်သည့်မျိုးများကို ရွေးချယ်ဆောင်ရွက်ကြရန်လိုကြောင်း” လမ်းညွှန်ခဲ့သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် မြန်မာ့ကော်ဖီကို တစ်ကမ္ဘာလုံးက လက်ခံကြိုက်နှစ်သက်ပြီး အားပေးရသည်အထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်သွားရန်အချက်ကိုလည်း လမ်းညွှန်မှုပြုခဲ့သည်။

ကမ္ဘာကြီးတွင် နည်းပညာအသစ်အဆန်းများအချိန်နှင့်အမျှ တိုးပွားလျက်ရှိပေရာ ထိုနည်းပညာများကို အကျိုးရှိရှိ အသုံးပြုနိုင်ရန် ကြိုးစားရမည်ဖြစ်သည်။ စိုက်ပျိုးရေးမှန်သမျှတွင် မျိုးကောင်းမျိုးသန့်ရရှိရေးလိုအပ်သလို အထွက်နှုန်းကောင်းမွန်အောင် ပြုစုပျိုး ထောင်နိုင်ကြရန်လည်း လိုအပ်လှသည်။ မျိုးကောင်းမျိုးသန့်နှင့်မြေများရှိနေသော်လည်း နည်းပညာဟူသော စိုက်နည်းစနစ် ကောင်းများမရှိလျှင်လည်း လုပ်ငန်းတိုးတက်မှုရှိမည်မဟုတ်ပေ။ နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံရှိ ထုတ်ကုန်များ ဈေးကောင်းရရှိရေး အတွက် အရည်အသွေးရှိသော ထုတ်ကုန်ဖြစ်အောင် ကြိုးစားနေကြရသည်။

စီးပွားရေးဈေးကွက်တွင် အရည်အသွေးသတ်မှတ်အဆင့်အတန်းမမီသော ကုန်ပစ္စည်းများကို မည်သူကမျှ အရေးတယူ ဝယ်ယူကြ မည်မဟုတ်ပေ။ ပစ္စည်းကောင်းလျှင်ကောင်းသလောက် ဈေးကောင်းပေးကာ ဝယ်ယူသုံးစွဲနေရသောအခြေအနေတွင် မြန်မာနိုင်ငံမှ ထုတ်ကုန်များသည်လည်း ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်နိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ မည်သည့်လုပ်ငန်းမဆို  ဇွဲလုံ့လဝီရိယ၊ စိတ်ကောင်းစေတနာကောင်းဖြင့်  အောင်မြင်အောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်သည်။  တီထွင်ဆန်းသစ်မှုရှိသလောက် တိုးတက်ကြီးပွားနိုင်မည်ဖြစ်ပြီး တီထွင်ဆန်းသစ်မှုမရှိပါက သူတစ်ပါးကို အားကိုးနေရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ရေမြေသဘာဝကောင်းမွန်ပြီး အလုပ်လုပ်နိုင်သော စွမ်းအားစုများလည်း ရှိထားပြီးဖြစ်သည်။ တီထွင် ဆန်းသစ်မှု နည်းပညာမထွန်းကားသည့်အတွက် အချို့သောလူသုံးကုန်ပစ္စည်းများမှာ မိမိနိုင်ငံတွင်ကုန်ကြမ်းများ ထွက်ရှိနေပါလျက် ပြည်ပမှ အချောထည်ပစ္စည်းများ တင်သွင်းရသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် လျက်ရှိပေရာ ပြည်တွင်းမှထုတ်ကုန်မှန်သမျှ အရည်အသွေး အဆင့်မြင့်မားရေးကို ကြိုးစားကြရမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြု နေပြီး နိုင်ငံတော်အစိုးရက လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေခြင်းဖြစ်သည်။ ပြင်ဦးလွင်မြို့သည် ကော်ဖီအများဆုံး စိုက်ပျိုးရာ ဒေသလည်းဖြစ်သည်။ ပြင်ဦးလွင်မြို့ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ချယ်ရီမြို့တော်၊ ကော်ဖီမြို့တော်ဖြစ်အောင် ရှေးယခင် ကတည်းက ဆောင်ရွက်နေခြင်းဖြစ်သည်။ ပြင်ဦးလွင်ကော်ဖီသည် ပြည်တွင်း၌ လူကြိုက်များသလို ပြည်ပ၌လည်း နာမည်ကောင်း ရပြီးသားဖြစ်သည်။ ကော်ဖီထုတ်ကုန်ကို အခြေခံသည့်အဆင့်မြင့်ပို့ကုန်လုပ်ငန်းကို တွင်ကျယ်စွာလုပ်ဆောင်နိုင်ကြမည်ဆိုပါက ဒေသခံတို့အတွက်အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သည်။

ထို့အတူ ပြည်ပသို့အဆင့်မြင့်မြင့်တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံအတွက်ဝင်ငွေကောင်းလာပေလိမ့်မည်။ ထို့ကြောင့်နိုင်ငံတော်အကြီးအကဲက ပြင်ဦးလွင် ကော်ဖီလုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ်ဆောင်ကြရန်တိုက်တွန်းနေခြင်းဖြစ်သည်။ ပြင်ဦးလွင်ဒေသနည်းတူ အခြားသော ဒေသများရှိ ကော်ဖီလုပ်ငန်းများသည်လည်း တိုးတက်အောင်ကြိုးစားခြင်းဖြင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရမည် ဖြစ်သည်။

ယခင်က ဥရောပနိုင်ငံများတွင်သာ  ကော်ဖီစိုက်ပျိုးမှုနှင့်သောက်သုံးမှုများပြားခဲ့သော်လည်း  လက်ရှိအချိန်တွင် အာရှနိုင်ငံများ၌ လည်း အဓိကထား စိုက်ပျိုးသောက်သုံး လာကြပြီဖြစ်သည်။ ပြင်ဦးလွင်ကော်ဖီသည် ယခင်ကတည်းက အနံ့အရသာနှင့် ပြည့်စုံမှုရှိ သောကြောင့် လူကြိုက်များလျက်ရှိသည့် ကော်ဖီအမျိုးအစားတစ်ခုဖြစ်သည်။ ကော်ဖီနှင့်ပတ်သက်လျှင် ကျန်းမာရေးအတွက် ရေရှည်မှာ ကောင်းမွန်သော အာနိသင်များ ရရှိနိုင်ကြောင်း သိရှိရသည်။ စွမ်းအင်တိုးစေခြင်း၊ ဆီးချိုရောဂါအမျိုးအစား ၂ ဖြစ်ပွားမှုကို လျော့ကျစေနိုင်ခြင်း၊ ဦးနှောက်ကျန်းမာရေးကိုအားပေးခြင်း၊ ကိုယ်အလေးချိန်ကိုထိန်းညှိပေးနိုင်ခြင်း၊ စိတ်ကျရောဂါ ဖြစ်ပွားစေနိုင်မှု အန္တရာယ်ကိုလျော့ကျစေခြင်း၊ အသည်းဆိုင်ရာလုပ်ငန်းများကို အကာအကွယ်ပေးနိုင်ခြင်း၊ နှလုံးကျန်းမာရေးကို အထောက် အကူပြုခြင်းနှင့် အားကစားစွမ်းဆောင်ရည်ကိုတိုးတက်စေခြင်း စသော ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများရရှိစေကြောင်း သိရှိရသည်။

ထို့ကြောင့် အဆင့်မီ၊ အရည်အသွေးမြင့်ကော်ဖီသီးနှံများထုတ်လုပ်နိုင်ရေးကို နိုင်ငံတော်အစိုးရက အားပေးကူညီ ဆောင်ရွက်ပေးနေ ပြီဖြစ်ပါ၍ စိုက်ပျိုးထုတ်လုပ်သူများကလည်း အရည်အသွေးမြင့်ထုတ်ကုန်များကိုထုတ်လုပ်ကြရန်ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် ကော်ဖီလုပ်ငန်းအား အဆင့်မြင့်မြင့်အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များပြားပြီး ကုန်သွယ်မှု ပိုငွေများပေါ်ထွက်လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။