မင်္ဂလာတရားတော်နှင့် အညီ ကျင့်ကြံနေထိုင်ကြစေလို
ဂေါတမမြတ်စွာဘုရား မပွင့်သေးမီကာလက ထိုခေတ်လူသားများအဖို့ အနှစ်သာရရှိသော အဖိုးတန်တရားစကားမျိုးကို ကြားနာခွင့်မကြုံခဲ့ရပါ။
မင်္ဂလာဟူသည် အဘယ်နည်းဟူသော ပြဿနာတစ်ရပ်ပေါ်ပေါက်ခဲ့ဖူးသည်။ ဒိဋ္ဌသမားများက အမြင်ကောင်းအာရုံကို မင်္ဂလာဟုဆိုသည်။ သုတသမားများက အကြားကောင်း အာရုံဟုပြောသည်။ မုတသမားများမူအနံ့ကောင်း အရသာကောင်းအာရုံ အတွေ့ကောင်းအာရုံဟုငြင်းသည်။ ၁၂ နှစ်ကြာသည့်တိုင် အဖြေမရှာနိုင်ခဲ့ပေ။ ဂေါတမမြတ်စွာဘုရား ပွင့်ပေါ်လာမှသာ မင်္ဂလာ၏အဓိပ္ပာယ်ကို သိခွင့်ရတော့သည်။ မင်္ဂလာတရားတော်ကို သာဝတ္ထိပြည်ဇေတဝန် ကျောင်းတော်ကြီးပေါ်တွင် အညတရနတ်သား တစ်ဦးလျှောက်ထား၍ ဘုရားရှင်က ရှင်းလင်းဟောကြားခဲ့သည်။
မင်္ဂလာတရားသည် အရေအတွက် ၃၈ ပါးရှိ၏။
မင်္ဂလာတရားသည် ကြီးပွားခြင်း၏အကြောင်းဖြစ်၏။
နတ်တကာတို့ထက်မြတ်သော ဝိသုဒ္ဓိနတ်ဘုရားမြတ်သည် သတ္တဝါအားလုံးတို့၏ အကျိုးစီးပွားအလို့ငှာ မင်္ဂလာတရားလို့ ဟောတော်မူခဲ့သည်။ မကောင်းမှု အားလုံးကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟုခေါ်ပါသည်ဟူသောအဓိပ္ပာယ်ကို မင်္ဂလသုတ်အမွှမ်းတွင်တွေ့ရသည်။ ပါဠိသက်ဝေါဟာရ အဘိဓာန်တွင် အလိုပြည့်ခြင်း၊ အောင်မြင်ခြင်း၊ ကြီးပွားခြင်း၊ပြည့်စုံခြင်း၊ ကြီးပွားချမ်းသာ အကြောင်းတရား၊ ကံကောင်းခြင်း၊ နိမိတ်ကောင်းခြင်း၊ နှစ်သက်ခြင်း၊ ချမ်းသာပျော်ရွှင်ခြင်းဟူ၍ အဓိပ္ပာယ်ဖွင့်၏။
“ဘဂဝါအတုလ၊ သမ္ဗုဒ္ဓသည်၊ အဋ္ဌတိံသာ၊ မင်္ဂလာကို၊ ဉာဏ်လွှာထောက်ကူ၊ ဟောတော်မူခဲ့” သော ၃၈ ဖြာမင်္ဂလာတွင် အသေဝနာစဗာလာနံသည် ပေါင်းသင်းဆက်ဆံရေး မင်္ဂလာသုံးပါးအနက် ကနဦး မင်္ဂလာဖြစ်သည်။ “လူဆိုး လူမိုက်ကို မမှီဝဲ မပေါင်းသင်းရ” ဟု ငယ်နုစဉ် ကလေးဘဝကပင် မိဘဆရာများ သွန်သင်ပါသည်။ လူဆိုးလူမိုက်နှင့် ကင်းဝေးအောင် ရှောင်ရှားခြင်းသည် အမင်္ဂလာများနှင့် ကင်းဝေးခြင်း မည်ပါသည်။ “ယုတ်မာသော အဆွေခင်ပွန်းတို့ကို မဆည်းကပ်ရာ၊ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသော သူတို့ကိုလည်း မဆည်းကပ်မမှီဝဲရာ၊ အဆွေခင်ပွန်းကောင်းနှင့် သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ရာ၏”ဟုဓမ္မပဒတွင် လာရှိ၏။ ဓမ္မပဒအဆိုသည် ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း ပူဇော်ထိုက်သောသူတို့ကို ပူဇော်ခြင်းတည်း ဟူသော ပေါင်းသင်းဆက်ဆံရေး မင်္ဂလာနှစ်ပါးကိုပါ ရည်ညွှန်းပါသည်။
“ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းကြောင့် သိကြားမင်းသည် နတ်တကာတို့ ထက်မြတ်သောအကြီးအမှူးအဖြစ်သို့ ရောက်၏ “ဤကားဓမ္မပဒလာ မမေ့မလျော့ခြင်း ကဏ္ဍမှအဆိုတည်း။ နေရေးထိုင်ရေး မင်္ဂလာသုံးပါးတွင် “ပုဗ္ဗေစကတပုညတာ”ရှေး၌ ပြုဖူးသော ကောင်းမှုအထူးရှိခြင်းသည် မင်္ဂလာတစ်ပါး မည်၏။ ယင်းမင်္ဂလာနှင့် ညီသူတို့မှာ ဤသို့သော အကျိုးထူးခံစားရမြဲဖြစ်သည်။ “ပတိရူပဒေသဝါသောစ-သင့်လျော်သော အရပ်၌နေရခြင်း” မင်္ဂလာတစ်ပါးသည် လောကလူသားတို့၏ လူမှုဘဝအတွက် အရေးပါလှသည်။ ရပ်ပြစ်ရှစ်ပါးနှင့် လွတ်ကင်းသော အရပ်သည် သင့်လျော်သော အရပ်ဖြစ်သည်။ နီတိကျမ်းအလိုအရ မိမိ၏စီးပွားရေးအတွက် အရောင်းအဝယ် ဖွံ့ဖြိုးသောအရပ်၊ ပညာသင်ကြားနိုင်သော အရပ်၊ဆေးဝါးဓာတ်စာ၊ ဆေးဆရာရှိသော အရပ်၊ ရာသီဥတု ညီမျှ၍ ဆန်ရေစပါးပေါများသော အရပ်ကို ပတိရူပဟုဖွင့်ကြောင်း ဆရာကြီးဦးသုခ၏ မင်္ဂလသုတ် အဖွင့်တွင်ဆိုပါသည်။ အတ္တသမ္မာပဏိဓိသည် မိမိကိုယ်ကို မိမိဆောက်တည်နိုင်ခြင်းဖြစ်ပြီး အဋ္ဌကထာ အလိုအားဖြင့် သဒ္ဓါမရှိလျှင် သဒ္ဓါရှိအောင်၊ သီလမရှိလျှင် သီလရှိအောင် မကောင်းမှုဟူသမျှ မပြုရအောင် မိမိစိတ်ကိုမိမိ ထိန်းကွပ်ချုပ်ကိုင်ခြင်းဖြစ်ကြောင်း ရှင်းပြထားသည့် ဆရာကြီးဦးသုခ၏ ကျေးဇူးကြောင့် ထင်ယောင်ဝိုးတဝါး အတ္တသမ္မာပဏိဓိသည် ရှင်းလင်းထင်ရှား သွားပါသည်။
“အမှုရောက်သောအခါ အပြစ်ကိုပြ၍ အပြစ်နှင့် လျော်စွာဆုံးမရာ၏။ အမှုမရောက်မီကလည်း မကောင်းမှုမပြုလေအောင် ကြိုတင်ဆုံးမ၍ မကောင်းသော အပြုအမူတို့မှ တားမြစ်ရာ၏။ ထိုသို့ဆုံးမတားမြစ်သောသူကို သူတော်ကောင်းတို့ ချစ်မြတ်နိုးကုန်၏” ဟု ဓမ္မပဒလူလိမ္မာကဏ္ဍ၌ ဖော်ပြထားသည်။ မင်္ဂလာတရားတော်များသည် မကောင်းသော အပြုအမူတို့မသက်ရောက်ရလေအောင် ကြိုတင်တားမြစ်ထားသော အဆုံးအမ သြဝါဒများသာတည်း။ ဤသို့မပြုအပ်၊ ဤသို့ပြုအပ်၏ ဟူသောသြဝါဒကို ကလေးအရွယ် လူမမယ်မှစ၍ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်သည အရွယ်တိုင် လက်မလွတ်သင့်သော ဗုဒ္ဓအဆုံးအမများ သာတည်း။
လောကီလောကုတ် အကြားအမြင်များခြင်း၊ စက်မှုလက်မှု အတတ်တို့ကို တတ်ရခြင်းဟူသော သင်ကြားရေး မင်္ဂလာများကို ကြားနာရသောအခါ “ဉာဏ်ပညာ ဓာတ်ခံပါလျှင် ကြံစည်တိုင်း အထက်တန်းရောက်၏” ဟူသောအခြေပြုပဋ္ဌာန်း တရားတော်လာ ဖွင့်ဆိုချက်ကို အမှတ်ရလာမိသည်။ လောကီလောကုတ် ဗဟုသုကြွယ်ဝခြင်းကား မည်သည့်အခါမျှ အဟောသိကံ မဖြစ်ပါ။ စက်မှုလက်မှု အတတ်စုကို တတ်ခြင်းဖြင့်လည်း သမ္မာအာဇီ၀ ကောင်းသော အသက်မွေးမြူမှုကိုဖြစ်စေပါသည်။ အရွယ်သုံးပါး အမှားမရှိစေရန် မြတ်စွာဘုရား ညွှန်ပြသော မင်္ဂလာတရားကား လောကအနှစ် များသာတကား၊ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာသင်ကြားနားလည်ခြင်း၊ အပြောအဆို ချိုသာယဉ်ကျေးခြင်းဖြင့် လူဝင်ဆံ့ပြီး လူချစ်လူခင် ပေါများကာ ကြံစည်အပ်သော လုပ်ငန်းတို့လည်း အောင်လံတံခွန် လွှင့်ထူနိုင်ပေသည်။ ဤသို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လာသော မင်္ဂလာတရားတော်များသည် ငယ်ရာမှ ကြီးလာသောသူတိုင်း အတွက် ဣစ္ဆာဿယ ဆေးတစ်ခွက်အလား တန်ဖိုးထိုက်လှပေသည်။
လူ့သက်တမ်းနှင့် လိုက်ဖက်စွာ မြော်မြင်တွေးတော လမ်းညွှန်ထားသော မင်္ဂလာတရားတို့သည် အတတ်ပညာသင်ပြီး လူလားမြောက်လာသော အရွယ်တွင်တွေ့ကြုံရမည့် ဘဝခရီး ဆက်လျှောက်နည်းကို မာတာပိတုဥပဋ္ဌာနံ အစချီ ပြုစုရေးမင်္ဂလာ သုံးပါးဖြင့် ပြဆိုပါသည်။ မာတာပိတုဥပဋ္ဌာနံတွင် လုပ်ကျွေးခြင်းဆိုသည်မှာ အသက်အရွယ် မကြီးရင့်သေးသော အချိန်၊ မအိုသေးသောမိဘကို လုပ်ကိုင်ရှာဖွေ၍ ရအပ်သော ဝမ်းစာကိုအပ်နှံသဖြင့် လုပ်ကျွေးခြင်းဟု ဆိုထိုက်ကြောင်း၊ မွေးမြူဟူသည် မိမိလည်း အိမ်ထောင်ကျပြီး မိဘနှစ်ပါးမှာလည်း အိုမင်းမစွမ်းချိန်၊ ထိုအချိန်တွင် မိဘနှစ်ပါး စိတ်ချမ်းသာကိုယ်ချမ်းသာ အသက်ရှည်စွာ အနာမဲ့ကြောင်း ဂရုစိုက်ရခြင်းဟု ဆရာဦးသုခ၏ မင်္ဂလသုတ်အဖွင့်တွင် မိန့်ဆိုထားသည်။ သားမယားတို့ကို ချစ်ကြည်မြတ်နိုးစွာ တရားနှင့်အညီ လုပ်ကျွေးခြင်း၊ အလုပ်ဆိုရာတွင်လည်း အနှောင့်အယှက် ကင်းသောအလုပ်ကို လုပ်ကိုင်ခြင်း မင်္ဂလာမှာလည်း လူလတ်ပိုင်းအရွယ် အိမ်ထောင်ဦးစီးတို့ ကျင့်စဉ်တည်း။
ဤသို့ဖြင့် အဆိုပါသတို့သားသည် စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊ သုစရိုက်တရားကို ကျင့်ခြင်း၊ ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း၊ အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်းဖြင့် လိုက်နာကျင့်သုံးရေး မင်္ဂလာလေးပါးကို ဖြည့်ဆည်းပြီးဖြစ်လေသည်။ ထို့ပြင် တဝရှောင်ကြဉ်အပ်သော မင်္ဂလာတရားကား လေးပါးအပြားရှိ၏။ မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း၊ မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း၊ မူးယစ်သေစာ မသောက်စားခြင်း၊ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်းတို့ဖြစ်သည်။ ဓမ္မပဒ၌ “ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်၏။ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းသည် ပူပန်ဆင်းရဲ အဖန်တလဲလဲ သေရခြင်း၏အကြောင်းဖြစ်၏” ဟု ပါရှိသည်။
ဆိုလိုရင်းမှာ ကုသိုလ်၌ မမေ့သူတို့သည် မသေသောသူများဖြစ်ပြီး မေ့သူတို့သည် အသက်ရှင်လျက်ရှိကြသော်လည်း အဖန်တလဲလဲ သေကြရဦးမည်ဖြစ်၍ သေသောသူနှင့် တူ၏ဟူ၍ဖြစ်သည်။
၃၈ ဖြာမင်္ဂလာတရားတော်တွင် “ဂါရဝေါစ နိဝါတောစ သန္တုဋ္ဌိစ ကတညုတာ ကာလေနဓမ္မဿဝနံ” ဟူသော စိတ်ထားရေးမင်္ဂလာ ငါးပါးသည်လည်း ဧတံမင်္ဂလမုတ္တမံပါပေ။ ထိုငါးပါးမှာ ရိုသေထိုက်သူတို့ကို ရိုသေရခြင်း၊ မိမိကိုယ်ကို နှိမ့်ချရခြင်း၊ ရောင့်ရဲလွယ်ခြင်း၊ သူတစ်ပါးကျေးဇူးကိုသိခြင်း၊ သင့်လျော်သောအခါ တရားနာခြင်းမင်္ဂလာတို့ဖြစ်သည်။ ဤငါးပါးကို တော်ရုံလူတို့မကျင့်နိုင်ကြ။ စိတ်ကို ရင့်ကျက်အောင် ဆောက်တည်ရသောကြောင့်ပါပေ။ “ကောင်းစွာ စောင့်ရှောက် ဆောက်တည်အပ်သော စိတ်သည်သာလျှင် မိဘဆွေမျိုးထက်ပို၍လွန်၍ လူ၊ နတ်၊ နိဗ္ဗာန်သုံးတန်သော ချမ်းသာကို ပေးနိုင်၏”ဟု ဓမ္မပဒ “စိတ်”ကဏ္ဍ၌ ပြဆိုထားသည်။ မင်္ဂလသုတ်၏ ပန်းတိုင်ရသမှာလည်း နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရေးပင် ဖြစ်ရာ စိတ်ထားရေးမင်္ဂလာ ငါးပါးသည် မင်္ဂလသုတ်၏ အထွတ်အထိပ်ပိုင်းဟုလည်း ဆိုနိုင်လောက်ပေသည်။
ဓမ္မဟူသည်တရား၊ ပဒဟူသည့် ပုဒ်ဖြစ်သည်။
တရားဟူသည် သဘာဝကျစွာ ဖြစ်တည်ပေါ်ပေါက်လာသော အကြောင်းနှင့် အကျိုးများဖြစ်၏။ ထိုအကြောင်းနှင့် အကျိုးများကို ဗုဒ္ဓရှင်တော်မြတ်သည် နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က သူ၏ မျက်မှောက်တွင် ဖြစ်ပျက်ပေါ်ပေါက်ခဲ့သည်တို့၌ အခြေခံလျက် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့အား အကျယ်ဝေဖန်၍ ဟောကြားခဲ့၏။ အကျဉ်းချုံးကာ ဥပဒေသအဖြစ် အနှစ်ချုပ်၍လည်း ဟောကြားခဲ့၏။ ထိုအနှစ်ချုပ်ကလေးများသည် ဓမ္မပဒဟူသော အမည်ဖြင့် ထင်ရှားသော တရားပုဒ်ကလေးများ ဖြစ်လာသည်။ ဘုရားရှင်၏ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က တရားအနှစ်ချုပ် ကလေးများတွင် ဝေနေယျတို့အား ကောင်းစေလိုသည့် အဆုံးအမလမ်းညွှန်များ ပါရှိသကဲ့သို့ ဘုရားရှင်၏ မင်္ဂလာ တရားတော်များတွင်လည်း အလားတူပါရှိနေပါသည်။ ဓမ္မပဒသည် လိုရင်းတိုရှင်း ဗုဒ္ဓအဆုံးအမ ဖြစ်သကဲ့သို့ မင်္ဂလသုတ် တရားတော်သည်လည်း လောကီလောကုတ် အဆုံးအမများဖြစ်ပေသည်။ ဓမ္မပဒ၌ “ပညာရှိကို မှီဝဲဆည်းကပ်သောသူမှာ အလွန်အကျိုးများ၏။ ဘယ်အခါမျှ အကျိုးမဆုတ်ယုတ်လေ” ဟု တွေ့ရသကဲ့သို့ မင်္ဂလသုတ်၌ “ပဏ္ဍိတာနဉ္စသေဝနာ-ပညာရှိ လူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း” သည် မြတ်သောမင်္ဂလာဟု ဆိုပါလေသည်။ သတ္တဝါဝေနေယျ အကျိုးငှာ အကြောင်းအရာ တစ်ခုကိုပင် အဖန်ဖန်အထပ်ထပ် ညွှန်ကြားထားသော သဘောကို တွေ့မြင်ရပေသည်။
“ခန္တီစ သောဝစဿတာ၊ သမဏာနဉ္စဒဿနံ၊ ကာလေန ဓမ္မသာကစ္ဆာ” ဟူသော သည်းခံရခြင်း၊ ဆုံးမလွယ်ရခြင်း၊ ရဟန်းသံဃာတို့အား ဖူးမြော်ရခြင်း၊ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း မင်္ဂလာလေးပါးသည် သည်းခံရေး မင်္ဂလာဖြစ်၏။ ပါရမီဆယ်ပါးလာ ခန္တီပါရမီဖြည့်ကျင့်ခြင်းလည်းဖြစ်သကဲ့သို့ လောကီမင်္ဂလာဟုလည်း ဆိုကြသည်။ သူတစ်ပါး ပြောတာဆိုတာ စော်ကားရန်စတာ၊ အနိုင်အထက်ပြုတာတို့ကို ရန်တုံ့မမူတာကို သည်းခံခြင်းအပြင် သူတစ်ပါးပြောတာကိုမခံချင်စိတ်မပေါ်အောင်၊ မခံချင်စိတ်ပေါ်လာခြင်းကို နှိပ်ကွပ်သည်းခံနိုင်လေ သူတစ်ပါးကို သည်းခံနိုင်ဖြစ်သည်။ သို့အတွက် ကိုယ့်ကိုယ်ကိုယ် သည်းခံခြင်းကစရမည်ဟု မင်္ဂလသုတ်အဖွင့်တွင် ဆိုပါသည်။
သမဏာနဉ္စဒဿနံ-ရဟန်းသံဃာတော်များကို ဖူးမြော်ရခြင်း မင်္ဂလာနှင့်စပ်လျဉ်း၍ ရတနာသုံးပါးကို ကြည်ညိုသူများအတွက် ကြည်ညိုဖွယ်ရှိသော ရဟန်းတော်ကို မြင်တွေ့ရလျှင် စိတ်ကြည်နူးကြရသည်။ ရဟန်းတော်များထံမှ တရားဒေသနာများကို ကြားနာရနိုင်သည်။ ထို့ကြောင့် သူတော်ကောင်းကြီးများက”ငါ၏မျက်စိသည် ကြည်ညိုဖွယ်ဂုဏ်နှင့် ပြည့်စုံသော ရဟန်းတော်အား ဖူးတွေ့ရခြင်း၌ မရောင့်ရဲ မတင်းတိမ်ရှိလှချေ၏” ဟု ဥဒါန်းကျူးတော်မူကြကြောင်း မင်္ဂလသုတ်အဖွင့်တွင် ဖတ်ရှုမှတ်သားရပါသည်။
အခါအားလျော်စွာတရား ဆွေးနွေးခြင်းကား အချိန်မှန်မှန် ဝတ်တစ်ခုအနေနှင့် ပိုင်းခြားသတ်မှတ်ပြီး ဝိပဿနာ ဘာဝနာတရားမျိုးကို နာကြားသော အဆင့်မှ မေးမြန်းစူးစမ်း ဆွေးနွေးယူရမည်ဖြစ်သည်။ “ဆွေးနွေးမေးမြန်း၍ ရသောသူတော်ကောင်းများနှင့် တွေ့ဆုံပေါင်းသင်းရခြင်းဟာ လောကုတ္တရာတရား ရဖို့ တစ်ဝက်လောက် သေချာတယ်ထင်ပါတယ်။ မြတ်စွာဘုရား” ဟု ဗုဒ္ဓကို အရှင်အာနန္ဒာက လျှောက်သောအခါ မြတ်စွာဘုရားက “ ချစ်သား တစ်ဝက်မဟုတ်ဘူး။ ရာခိုင်နှုန်းပြည့် ရနိုင်တယ်” ဟု အရှင်အာနန္ဒာ၏ စကားကို ပြင်ပေးတော်မူလေသည်။
“တပေါစ ဗြဟ္မစရိယဉ္စတေ”သော မင်္ဂလာတရား လေးပါးသည် လောကီလူ့ကျင့်ဝတ်များကို အဆင့်မြင့်သည်ထက်မြင့်အောင် လမ်းညွှန်အပြီး လောကုတ္တရာ လမ်းညွှန်ခန်းသို့အရောက် လိုက်နာကျင့်ကြံဖွယ်တို့တည်း။
ခြိုးခြံချွေတာခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း။
သစ္စာလေးပါးကိုသိခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း မင်္ဂလာတို့သည် ရင့်ကျက်လာသော ဘဝအပိုင်းအခြားတွင် မလွဲမသွေဆောင်ရွက်ရမည့် တိုးတက်ကြီးပွားကြောင်း မင်္ဂလာများပါပေ။ “သစ္စာလေးပါးကို တကယ်သိမြင်ကြသည့်အခါ နိဗ္ဗာန်၏ တံခါးဝလို့ဆိုနိုင်တဲ့ သောတပန်အဆင့်ကို ရောက်ပါလိမ့်မယ်။
အဲသည်ကတစ်ဆင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ ရေးသုံးပါးကို ဆင်ခြင်ကျင့်ကြံပြီးမှ ကိလေသာအာသ ဝေါကုန်ခန်းပြီး အရဟတ္တဖိုလ်ကို ရောက်ကြောင်း”သစ္စာလေးပါးကို ဖွင့်ဆိုရာ ဓမ္မစကြာ တရားတော်တွင် မြတ်စွာဘုရား ဟောကြားတော်မူပါသည်။
မင်္ဂလသုတ် နိဂုံးမင်္ဂလာလေးပါးကား စိတ်ထားခိုင်ခံ့ရန်ဖြစ်သည်။ လာဘော၊ အလာဘော၊ ယသော၊ အယသော၊ နိန္ဒံ၊ ပသံသံ၊ သုခံ၊ ဒုက္ခံ လောကဓံရှစ်ပါးနှင့် တွေ့ကြုံသောအခါ စိတ်ဓာတ် မတုန်လှုပ်ခြင်းသည် တရားအနှစ်ပြည့်ခြင်းဖြစ်သည်။ ထို့ပြင် အသောကံ-မစိုးရိမ်ခြင်း၊ ဝိရဇံ-ကိလေသာမြူကင်းခြင်း၊ ခေမံ-ဘေးကင်းခြင်း ဤလေးပါးသည် မြတ်သောမင်္ဂလာဟု လောကုတ္တရာကြောင်းသက်သက်မင်္ဂလာတို့ကိုပြဆိုပါသည်။ ဤသို့လျှင် မင်္ဂလသုတ်တော်ပါ ကျင့်စဉ်များကို တစ်ပုဒ်ပြီးတစ်ပုဒ် ကျင့်ဆောင်အောင်မြင်လာခဲ့သူသည် ယခုအပိုဒ်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ဖြစ်နိုင်ပါပေသည်။
သဘာဝလောကဓမ္မတာ ရွက်ကျင်ရွက်ဟောင်းတို့ကျကြွေပြောင်း၍ ရွက်သစ်ပုရစ်ဖူးတို့ ထွက်ပြူလာသည့်နည်းတူ နှစ်ဟောင်းသည် တရွေ့ရွေ့ထွက်ခွာ သွားလေပြီ။ နှစ်သစ်နှစ်ဦးတွင် ခပ်သိမ်းကုန်သော နတ်လူတကာသည် နှစ်ဟောင်း၏ ပုံရိပ်လွှာများပေါ်မှ အမည်းစက်များကိုဖယ်ရှားပြီး နှစ်ဦးပန်းချီကို ရေးဆွဲရပေဦးတော့မည်။ ထိုအခါ “ပစ္စုပ္ပန် တမလွန်ပြညွှန် ဥဿုံအလုံးစုံသော လောက၌ ဘေးရန်ကင်းကွာ လွန်ချမ်းသာသို့ ရောက်ကုန်သော သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတော်ကို ဆောင်ရာ၏။ ယင်းတရားတော်သည် တမလွန်နောက်နှောင်း ဘဝဟောင်း၌သာ ကောင်းကျိုးပေးသည်မဟုတ်။ ပစ္စုပ္ပန်တွင် ကျင့်လျှင်ကျင့်ချင်း ထင်လင်းမျက်မှောက် လက်ရောက်ကောင်းကျိုး ပေးတတ်၍ လွန်ကဲထူးမြတ် ချီးမွမ်းအပ်သောမင်္ဂလာ” ဟု လျှောက်ထားသူ နတ်သားအားမြတ်ဘုရား မိန့်ကြားသည်မှာ အထင်အရှားဖြစ်ပါသည်။ ”လောကီတွင် အပြစ်ကင်းစွာ စားသောက်နေထိုင် သွားနိုင်လျှင် တမလွန်ဘဝနိဗ္ဗာန်အထိ အကျိုးပြုသည်” ဟုလည်းလောကနီတိ အဆိုရှိကြောင်းကို နှစ်သစ်မင်္ဂလာမှာ ရင်ဝယ်ပိုက်လိုက်နာကျင့်ကြံ မွေးမြူအပ်သည်သာတည်း။ ။
ဘယ်လရီစန်းရီ