အသက်ရှည်ရှည်နေနိုင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဧပြီ  ၂၇  ရက်)

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်တက်လာမှုနှင့်အတူ ကော့သောင်းမြို့၌ အပူဒဏ်သိသာစွာခံစားလာရကြောင်း သတင်း တစ်ပုဒ်ကိုဖတ်လိုက်ရသည်။ ကော့သောင်းမြို့သည် မြန်မာနိုင်ငံတောင်ဘက်စွန်းတွင်တည်ရှိပြီး အီကွေတာနှင့်နီးကပ်လှသည်။ ဧပြီလ တတိယပတ်အတွင်းမှစ၍ ယခင်နှစ်များနှင့်မတူဘဲ လွန်ကဲသည့်အပူဒဏ်ကိုပိုမိုခံစားလာနေရကြောင်း သတင်းတွင် ဖော်ပြထားသည်။ တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှ ဝါဆိုလပြည့်နေ့အထိသည် နွေဥတုသတ်မှတ်ထားပေရာ နွေ၏သဘာဝအတိုင်း အပူချိန်မြင့်တက်နေမည်သာဖြစ်သည်။

နွေဥတုကာလဖြစ်သည့်အတွက် အပူချိန်မြင့်တက်နေမှုမှာ နှစ်စဉ်ကြုံတွေ့နေရသော သဘာဝတရား ဖြစ်သည်။ နွေပြီးလျှင် မိုးလာမည်၊ မိုးပြီးလျှင်ဆောင်းရောက်မည်၊ ဤသည်မှာစက်ဝိုင်းကဲ့သို့လည်ပတ်နေ သောသဘာဝရာသီဥတုဖြစ်သည်။ နွေရာသီတွင် ဂရုပြုရမည့် သဘာဝဘေးအန္တရာယ်မှာ ခရမ်းလွန် ရောင်ခြည်ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်သည် လူ့ခန္ဓာကိုယ်အရေပြားပေါ်သို့ သင့်တင့်မျှတစွာကျရောက်ပါက ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်ထွန်းသည်။ ဗီတာမင်ဒီကိုရရှိစေသည့်အတွက် သွေးတွင်း ကယ်စီယမ်ဓာတ်ကိုကြွယ်ဝစေပြီး အာရုံကြောနှင့် ကြွက်သားကလာပ်စည်းများကိုအားကောင်းစေသည်။ ကလေးသူငယ်များတွင် အရိုးပျော့ရောဂါကိုကာကွယ်ပေးနိုင်ကြောင်းသိရှိရသည်။

ခရမ်းလွန်ရောင်ခြည်သည် သတ်မှတ်အညွှန်းထက်ကျော်လွန်ကျရောက်ပါက လူသားတို့အတွက် အသားနေလောင်ခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်း၊ မျက်စိအမြင်အာရုံထိခိုက်ခြင်း၊ DNA များထိခိုက် မှုကြောင့် သားသမီးမရနိုင်ခြင်း စသည့် အန္တရာယ်ဆိုးများ ကျရောက်နိုင်သည်။ ထို့ကြောင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ နေပူထဲတွင်သွားလာခြင်းမပြုလုပ်ကြရန်နှင့် သွားလာ ရမည်ဆိုပါက နေရောင်ခြည် ကာကွယ်လိမ်းဆေးများအသုံးပြုခြင်း၊ ခန္ဓာကိုယ်အားလုံခြုံသည့်အဝတ်အစား၊ ဦးထုပ် သို့မဟုတ် ထီး ဆောင်းခြင်းများဖြင့် ကာကွယ်သွားလာကြရန်လိုအပ်ပေသည်။

ထို့ပြင် ခရမ်းလွန်ရောင်ခြည်အား ၉၉ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်သည့် နေကာမျက်မှန်များ တပ်ဆင်ကြရန်လည်းလိုအပ်သည်။ ကလေးငယ်များမှာ လူကြီးများထက် ခရမ်းလွန်ရောင်ခြည်ဆိုးကျိုးကို ပိုမိုထိခိုက်ခံစားနိုင်သဖြင့် ကလေးငယ်များအား သတိပြု ထိန်းကျောင်းကြရန် ကျန်းမာရေးဆိုင်ရာသတိပေး ချက်များကို ထုတ်ပြန်ပေးထားသည်။ အသက်အရွယ်ကြီးရင့်သူများ၊ ကလေးငယ် များနှင့်သွေးတိုး၊ ဆီးချို၊ နှလုံး စသည့်ရောဂါအခံရှိသူများသည် အပူဒဏ်အန္တရာယ်မကျရောက်စေရန် ဂရုပြုကြရမည်ဖြစ်သည်။ ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်တွင် ရေဓာတ်နှင့်ဓာတ်ဆားတို့ ဆုံးရှုံးမှုများပြားနိုင်သည်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ကာ ကိုယ်လက်မအီမသာဖြစ်ပြီး မူးမော်ခြင်းဖြစ်တတ်သည်။ ကိုယ်ခံအားအလွန်နည်းသူတို့မှာ မူးမော်ရာမှ သတိလစ်ခြင်းတို့အထိ ခံစားရနိုင်သည့်အတွက် ကြုံလာရသည့် ရာသီဥတုအန္တရာယ်ကို အသိဉာဏ်ဖြင့်ကာကွယ်ကြရမည်ဖြစ်သည်။

ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်ဆိုစကားအတိုင်း မိမိတို့၏ကိုယ်ပိုင်ဉာဏ်များကို လွှာ၍သုံးစွဲရမည် ဖြစ်သည်။ လွှာ၍သုံးစွဲခြင်း ဆိုသည်မှာ မည်သည့်အန္တရာယ်ကို မည်သည့်နည်းဖြင့်ကာကွယ်မည်ဟူသော အသိတရားဖြစ်သည်။ ဥပမာအားဖြင့် နေအပူချိန်ပြင်း ထန်နေသည်ဆိုပါက အရိပ်ရအေးမြပြီး လေဝင်လေထွက်ကောင်းသည့်နေရာတွင် အနားယူခြင်း၊ ပွပွချောင်ချောင် ချည်ထည် အဝတ်များကိုဝတ်ထားခြင်း၊ ရေကိုမကြာခဏသောက်ခြင်းတို့လုပ်ဆောင်ရမည်ဖြစ်သည်။ ဤနေရာတွင် အထူးဂရုပြုသင့်သည်မှာ ရာသီဥတုပူလွန်း၍အလွန်အေးသောရေကိုသောက်ခြင်းဖြစ်သည်။ ရေအေးအေးလေး တစ်ခွက်လောက် သောက်လိုက်ရမှ ရင်ထဲ အေးသွားသလို စိတ်ခံစားမှုရှိတတ်ကြသည်။ အလွန်အေးသောရေ(ရေခဲရေ)သည် အလွန်ပူပြင်းသော ရာသီနှင့်ဆန့်ကျင်ဘက် ဖြစ်သည်။

ထို့ပြင် အပူချိန်မြင့်မားနေချိန်တွင် ပင်ပန်းစွာအလုပ်လုပ်ကိုင်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ နေပူထဲမှပြန်လာပြီး ချက်ချင်း ရေချိုးခြင်းတို့သည်လည်း အသက်အန္တရာယ်ကိုထိခိုက်စေပါသည်။ သဘာ၀ ဘေးအန္တရာယ်ဆိုသည်မှာ လူသားတို့၏ ပယောဂ များကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကမ္ဘာကြီးပူနွေး လာမှုသည်အခြေခံဖြစ်သည်။ နှစ်စဉ်အပူချိန်မြင့်တက်နေခြင်းကြောင့် ခရမ်းလွန်ကျရောက်မှုသည်လည်း မြင့်မားနေခြင်းဖြစ်သည်။ နွေ မိုး ဆောင်း ဥတုသုံးပါးစလုံးတွင် သဘာဝဘေး အန္တရာယ်တို့ ရှိနေတတ်ပေရာ အထက်တွင်ဖော်ပြခဲ့သော ပြုပြင်နေထိုင်နည်းများဖြင့် မိမိတို့၏အသက်ကို ကောင်းစွာမွေးမြူစောင့်ရှောက် ကြရမည်သာဖြစ်သည်။

တိုးတက်လာသော ခေတ်အခြေအနေတွင် လူတိုင်းသည် မိမိတို့၏ နားမျက်စိများကို ဖွင့်ထားကြရမည် ဖြစ်သည်။ ရုပ်မြင် သံကြားတွင်လည်းကောင်း၊ သတင်းစာ ဂျာနယ်များတွင်လည်းကောင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆောင်းပါးများ ဖော်ပြ လျက်ရှိပါသည်။  ထိုသို့ဖော်ပြနေသည်များကိုဖတ်ရှုကြ ခြင်းဖြင့်လည်း နွေရာသီတွင်ကြုံတွေ့ရသည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ကြရမည် ဖြစ်သည်။ လူတိုင်းသည် ဉာဏ်မျက်စိဖြင့်မိမိအသက်ရှင်သန်ရေးကို လုပ်ဆောင်၍ အသက်ရှည် ရှည်နေနိုင်ကြပါစေကြောင်းရေးသားလိုက်ရပေသည်။    ။