ယခုအခါတွင် ကမ္ဘာတစ်လွှား၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေမှာ လျော့နည်းကျဆင်းလျက်ရှိပါသည်။ နိုင်ငံများအနေဖြင့်လည်း ကပ်ရောဂါအလွန်ကာလ စီးပွားရေး နာလန်ထအစီအမံများ ဆောင်ရွက်လျက်ရှိကြပါသည်။ နိုင်ငံတကာခရီးသွားလာမှုများ အပါ အဝင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အများပြည်သူကန့်သတ်တားမြစ်ချက်များအား ဖြေလျှော့ပေးခြင်းများကို နိုင်ငံအလိုက် အစီအမံ အသီးသီးဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အဆိုအရ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ ကူးစက်နှုန်း၊ သေဆုံးနှုန်း၊ ဆေးရုံတက်ရောက်မှုနှုန်းများ စောင့်ကြည့်ခြင်း၊ မျိုးကွဲသစ်များ တွေ့ရှိမှုများအား စောင့်ကြည့်ခြင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှုများ တိုးတက်စေရန် ဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ခံနိုင်ရည်ရှိအောင် ဆောင်ရွက် ခြင်းတို့ပေါ်မူတည်၍ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများ ထိန်းညှိချိန်ဆ လုပ်ဆောင်ရန်တိုက်တွန်းထားပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိပိုးတွေ့ရှိမှုနှုန်းမှာ ၁ ရာခိုင်နှုန်းအောက်သာရှိကြောင်း တွေ့ရှိရပါသည်။
မျိုးကွဲသစ်များ စောင့်ကြည့်ခြင်း
ကိုဗစ်-၁၉ ဗိုင်းရပ်၏ မျိုးကွဲသစ်များထွက်ပေါ်မှုနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်လျက်ရှိရာ ယခုအခါ အိုမီခရွန်မျိုးကွဲသစ်တစ်မျိုးဖြစ်သော XE ကို ဗြိတိန်နိုင်ငံတွင် စတင်ဖော်ထုတ်တွေ့ရှိရပါသည်။ အဆိုပါမျိုးကွဲကို ဗြိတိန်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းတွင် စတင်ဖော်ထုတ်တွေ့ရှိရပြီး အဆိုပါကာလမှ စတင်ရေတွက်ပါက ပိုးတွေ့ရှိသူပေါင်း ၆၃၇ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါမျိုးကွဲသစ်သည် အိုမီခရွန်မူလမျိုးကွဲများဖြစ်သော BA.1 နှင့် BA.2 နှစ်မျိုး ပြန်လည် ပေါင်းစပ်ကာ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရှိရပါသည်။ လူတစ်ဦးတည်းတွင် BA.1 နှင့် BA.2 နှစ်မျိုးလုံး ကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်အတွင်း ပြန်လည် ပုံတူကူးမှုဖြစ်စဉ်(Replication)တွင် အဆိုပါမျိုးကွဲနှစ်ခု ပြန်လည်ပေါင်းစည်းမှု (Recombinant) ဖြစ်ပွားရာမှတစ်ဆင့် မျိုးကွဲသစ်ပေါ်ထွက်လာခြင်းဖြစ်ပါသည်။
အဆိုပါမျိုးကွဲသစ် XE သည် BA.2 ထက် ၉ ဒသမ ၈ ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန်နိုင်ကြောင်းလည်း သုံးသပ်မှုများရှိနေပါသည်။ သို့ရာတွင် ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုများကို အနီးကပ်စောင့်ကြည့်လေ့လာလျက်ရှိပါသည်။ ယခုအချိန်အထိ နိုင်ငံတကာတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ လူနာအများစုမှာ BA.2 မျိုးကွဲကြောင့်သာလျှင် ဖြစ်နေဆဲဖြစ်ပါသည်။ XE ကြောင့်ဖြစ်ပွားမှုမှာ အနည်းစုသာ ရှိနေဆဲဖြစ်သော်လည်း ဆက်လက်စောင့်ကြည့်လေ့လာနေကြပါသည်။
ဗြိတိန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းလဲမှုစောင့်ကြည့်လေ့လာခြင်းအား ဆောင်ရွက်နိုင်မှု အများဆုံး နိုင်ငံဖြစ်ပါသည်။ XE မျိုးကွဲအပြင် Delta နှင့် Omicron BA.1 တို့ နှစ်မျိုးပေါင်းမျိုးစပ်ထားသော XD နှင့် XF မျိုးကွဲများလည်း တွေ့ရှိရပါသည်။ BA.1 နှင့် BA.2 နှစ်မျိုးပေါင်းစပ်ထားသော မျိုးကွဲများအဖြစ် XE အပြင် XG, XH, XJ, XK နှင့် XL ဟူ၍ ခြောက်မျိုး ထွက်ပေါ်ထားပြီးဖြစ်ပါသည်။ ၎င်းတို့အနက်မှ XE မျိုးကွဲသည် ကူးစက်မှုပိုမိုမြန်ဆန်ပြီး အတွေ့ရများသောမျိုးကွဲအဖြစ် စောင့်ကြည့် လေ့လာသုတေသနပြုလျက်ရှိပါသည်။
အဆိုပါမျိုးကွဲသစ် XE ကို ယခုအခါ ထိုင်းနိုင်ငံတွင် စတင်တွေ့ရှိနေရပြီဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နေ့စဉ် ကိုဗစ်-၁၉ လူနာသစ်တွေ့ရှိမှုများကို စောင့်ကြည့်ခြင်း၊ ပိုးတွေ့နှုန်းတက်လာသည့်အခါတွင်ဖြစ်စေ၊ အချိန်ကာလအရ ဖြစ်စေ မျိုးဗီဇ ခွဲခြမ်းစိတ်ဖြာခြင်း (Genomic Sequencing)ကို လုပ်ဆောင်သွားရမည်ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ၏ လှိုင်းသဖွယ် ဖြစ်ပွားနိုင်မှု သည် ထွက်ပေါ်လာသော မျိုးကွဲသစ်များ၏ကူးစက်မှုနှုန်းမြန်ခြင်း၊ ပြင်းထန်ခြင်း၊ သေဆုံးနှုန်းမြင့်တက်စေခြင်း၊ ကာကွယ်ဆေးများ ၏စွမ်းရည်ကို ထိခိုက်စေနိုင်ခြင်း၊ ကုသဆေးများ၏အာနိသင်ကို ယုတ်လျော့စေခြင်း စသည့်အချက်များအပေါ်တွင်သာ မူတည်ပါ သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မျိုးကွဲသစ်များထွက်ပေါ်လာမှုနှင့် မျိုးကွဲသစ်များ၏ အာနိသင်တို့ကို အနီးကပ် လေ့လာစောင့်ကြည့်ရမည် ဖြစ်ပါသည်။
အိုမီခရွန် Sub Variant XE ၏ ရောဂါလက္ခဏာများ
အိုမီခရွန်မျိုးကွဲသည် ကာကွယ်ဆေးထိုးနှံထားသူများတွင် ကူးစက်ခံရပါက အဓိကအားဖြင့် အအေးမိတုပ်ကွေးကဲ့သို့သော ရောဂါ လက္ခဏာများကို ခံစားရပါသည်။ ယခင် ကိုဗစ်-၁၉ မျိုးကွဲများတွင်ဖြစ်သော ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့အရသာပျောက်ခြင်း စသည်တို့နှင့်မတူဘဲ နှာစေး၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းတို့ကို အဓိကခံစားရနိုင်ပါသည်။ မျိုးကွဲသစ်ကူးစက် ခံရမှုနှင့် ပတ်သက်၍ အသက်ရှူမြန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယို၊ နှာခေါင်းပိတ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းလျှောခြင်းနှင့် နေထိုင်မကောင်းခြင်းတို့ကို အဓိကထား၍ စောင့်ကြည့် သင့်ကြောင်း သိရှိရပါသည်။
အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားမှုအခြေအနေ
တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားလျက်ရှိပြီး လွန်ခဲ့သည့်တစ်ပတ်အတွင်း တရုတ်ပြည်မကြီးတွင် တစ်ရက် ပျမ်းမျှ ၂၈၇၁၇ ဦး ကူးစက်ခံရကြောင်းသိရှိရပါသည်။ သေဆုံးမှုအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှသုံးဦးခန့် သေဆုံးကြောင်း သိရှိရပါသည်။ အဓိကဖြစ်ပွားလျက်ရှိသည့် မြို့မှာ ရှန်ဟိုင်းမြို့ဖြစ်ပြီး Lockdown များချမှတ်၍ ကူးစက်မှုလျော့နည်းအောင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ရှန်ဟိုင်းမှတစ်ဆင့် ကူးစက်မှုများကို အရှိန်အဟုန်ဖြင့်လျှော့ချရန် (Dynamic Clearance) အတွက် ရှန်ဟိုင်းပတ်ဝန်းကျင်ရှိ မြို့များကိုလည်း Lockdown များချမှတ်ထားကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံတွင် အဓိက ကူးစက်လျက်ရှိသည့် မျိုးကွဲမှာ BA.2 ဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ သေဆုံးမှုနှုန်း လျော့နည်းနေရခြင်းမှာ ရောဂါ အခံရှိသူများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် သေဆုံးပါက အဆိုပါ ရောဂါအခံဖြင့် သေဆုံးကြောင်း စာရင်း သွင်းသည်ဟု သုံးသပ်မှုများရှိနေပါသည်။ ဧပြီ ၁၅ ရက်နေ့ အချက်အလက်များအရ တရုတ်နိုင်ငံတွင် ရောဂါပိုးအသစ်တွေ့ရှိသူ ၂၄၇၉၁ ဦးရှိသည့်အနက် ၃၈၉၆ ဦးမှာ ရောဂါလက္ခဏာပြပြီး ၂၀၈၉၅ ဦးမှာ မည်သည့်လက္ခဏာမျှမပြကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့နှုန်းမှာ သုည ဒသမ ၅၅ ရာခိုင်နှုန်းရှိပြီး တစ်ရက်ပျမ်းမျှ ပိုးတွေ့ဦးရေမှာ ၁၃၆၈ ဦးဖြစ်ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံတွင် အဓိကကူးစက်ပျံ့နှံ့လျက်ရှိသည့်မျိုးကွဲမှာ BA.2 ဖြစ်ကြောင်း သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် တစ်နေ့ပျမ်းမျှပိုးတွေ့ရှိမှုနှုန်းမှာ ၂ ဒသမ ၀၆ ရာခိုင်နှုန်းဖြစ်ပြီး တစ်ရက် ပျမ်းမျှ ပိုးတွေ့ရှိသူဦးရေမှာ ၄၀ ဦးဖြစ်ကြောင်းသိရှိရပါသည်။ နိုင်ငံအတွင်း အဓိကကူးစက်ပျံ့နှံ့လျက်ရှိသည့်မျိုးကွဲမှာ BA.2 ဖြစ်ကြောင်း သိရှိရပါသည်။
မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် တစ်နေ့ပျမ်းမျှပိုးတွေ့ရှိမှုနှုန်းမှာ ၁၂ ဒသမ ၆၈ ရာခိုင်နှုန်းဖြစ်ပြီး တစ်ရက်ပျမ်းမျှပိုးတွေ့ရှိသူဦးရေမှာ ၈၅၂၅ ဦးဖြစ်ကြောင်း သိရှိရပါသည်။ မလေးရှားနိုင်ငံတွင် အဓိကကူးစက်ပျံ့နှံ့လျက်ရှိသည့် မျိုးကွဲမှာလည်း BA.2 ဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအနေဖြင့် လွန်ခဲ့သည့်သုံးပတ်အတွင်း အမြင့်ဆုံးနှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်း လာကြောင်း၊ တစ်ရက်ပျမ်းမျှပိုးတွေ့ရှိသူဦးရေ ၂၂၆၃၅ ဦးရှိကြောင်း၊ သေဆုံးမှုအနေဖြင့် တစ်ရက်ပျမ်းမျှ ၁၄၀ ခန့်ရှိကြောင်း တွေ့ရှိရပါသည်။ ထိုင်းနိုင်ငံတွင် အိုမီခရွန်မျိုးကွဲဖြစ်သည့် XE ကို တစ်ကြိမ်တွေ့ရှိပြီးနောက် ထပ်မံတွေ့ရှိခြင်းမရှိကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားများကို Test and Go စည်းမျဉ်းဖြင့် ခွင့်ပြုထားပြီးဖြစ်ကာ ယခုအခါ ကိန်း ဂဏန်းအချက်အလက်များအရ နိုင်ငံတကာမှဆိုက်ရောက်ခရီးသည်များအကြား ပိုးတွေ့နှုန်းမှာ သုည ဒသမ ၄၆ ရာခိုင်နှုန်း သာတွေ့ရသဖြင့် မေလ ၁ ရက်နေ့မှစ၍ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူများကို တိုက်ရိုက်စစ်ဆေးမှုမပြုတော့ဘဲ မိမိ အစီအစဉ်ဖြင့်သာ စစ်ဆေးခြင်း (Self-Antigen Test)ဆောင်ရွက်ရန် တိုက်တွန်းထားပါသည်။ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသည့် ခရီးသွားများအနေဖြင့် ခရီးမစတင်မီ ၇၂ နာရီအတွင်း စစ်ဆေးထားသည့် Negative RT-PCR Test ပြသရန်လိုအပ်မည်ဖြစ်ပါသည်။ ထို့နောက်တွင် ရောက်ရှိ ကွာရန်တင်းငါးရက် ဝင်ရမည်ဖြစ်ကာ လေးရက် သို့မဟုတ် ငါးရက်မြောက်နေ့တွင် RT-PCR စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကုန်းလမ်းခရီးဖြင့် ဝင်ရောက်လာသူများအနေဖြင့် နှစ်ရက်အထိ နေထိုင်သူများ သည် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးကြောင်းနှင့် Self-Antigen Test ရလဒ်တို့ဖြင့်သာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။ နှစ်ရက် ထက်ပိုမို နေထိုင်မည့်သူများအနေဖြင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူများသည် ကွာရန်တင်းဝင်ရောက်ရန်မလိုဘဲ မထိုးနှံရ သေးသူများသည် ကွာရန်တင်းငါးရက် ဝင်ရောက်ရမည်ဖြစ် ပါသည်။
ယခုအခါတွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုမှာ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့ ရှိသူဦးရေ ၃၁ ဦး၊ ပျမ်းမျှပိုးတွေ့ရာခိုင်နှုန်း သုည ဒသမ ၄၁ ရာခိုင်နှုန်းနှင့် သေဆုံးသူမရှိကြောင်းတွေ့ရှိရပါသည်။ ပြောက်ကျား ကူးစက်မှုများ(Sporadic Spread) တွေ့ရှိရပြီး ၎င်းတို့အား စောင့်ကြည့်စီမံထိန်းချုပ်ရေး လုပ်ဆောင်သင့်ပါသည်။ အားဖြည့် ကာကွယ်ဆေးထိုးနှံခြင်းများအပါအဝင် အကျုံးဝင်သူများအား ကာကွယ်ဆေးအပြည့်အဝထိုးနှံရေး ဆောင်ရွက်သင့်ပါသည်။
မျိုးကွဲ သစ်ဖြစ်ပွားမှုများအား စောင့်ကြည့်ခြင်း(Genomic Surveillance)ကို အိမ်နီးချင်းနိုင်ငံများတွင် မျိုးကွဲသစ်တွေ့ ရှိရမှု၊ နိုင်ငံတကာတွင် မျိုးကွဲသစ်တွေ့ရှိရမှုနှင့် မြန်မာနိုင်ငံတွင် ဒေသအလိုက် ပိုးတွေ့ရှိမှု ရုတ်တရက်မြင့်တက်မှုတို့ပေါ်မူတည်၍ ဆောင်ရွက်သင့်ကြောင်းအကြံပြုတင်ပြအပ်ပါသည်။ ။
ကိုဇေ