ဆီးဂိမ်းပြိုင်ပွဲအတွက်ဝူရှူးအားကစားနည်းတွင် အားကစားသမား ၁၀ ဦးဖြင့် လေ့ကျင့်ပြင်ဆင်

နေပြည်တော် ဧပြီ ၂၆

ဗီယက်နမ်နိုင်ငံ၌ မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်  မြန်မာ့လက်ရွေးစင်ဝူရှူး အားကစားသမားများ၏ ဝူရှူး(ထောက်လု) Test Match  ပြိုင်ပွဲကို   ယနေ့နံနက် ၁၀ နာရီတွင်  ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

အဆိုပါဝူရှူး(ထောက်လု) Test Match  သရုပ်ပြပြိုင်ပွဲတွင် ထိုက်ချိချွမ်လက်ရွေးစင် အားကစားသမား  မောင်ခန့်မင်းထက်နှင့် မမြတ်နိုးဝေ၊ သောင်းစုလက်ရွေးစင် အားကစားသမား မအေးသစ္စာမြင့်၊ ကျန့်စုလက်ရွေးစင်အားကစားသမား  မစန္ဒီဦးနှင့်နန်းသောင်း လက်ရွေးစင်အားကစားသမား မောင်သိန်းသန်းဦး တို့က တစ်ဦးချင်းပြိုင်ပွဲပုံစံ သရုပ်ပြယှဉ်ပြိုင်ကစားကြသည်။

Test Match  ပြိုင်ပွဲတွင်သရုပ်ပြမှုများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများက  ကြည့်ရှုအားပေးသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်  မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများ အနေဖြင့် ထောက်လုပြိုင်ပွဲတွင် ငါးဦးနှင့်ဆန်ဆိုပြိုင်ပွဲတွင် ငါးဦး စုစုပေါင်း ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်