လမ်းမမှားသော ခြေလှမ်းများ ဖြစ်စေချင်သည်
ကျွန်မတို့၏ဘ၀ ကျွန်မတို့ခြေလှမ်းများ အစပြုခဲ့ကြသည့် ဤမြေသည် တိုင်းတစ်ပါး လူမျိုးခြားတို့ ပိုင်သည့်မြေမဟုတ်ပါ။ ကျွန်မတို့ထာဝရ နေထိုင်နိုင်ခွင့်ရှိသည့် ကိုယ်ပိုင်အမိမြေဖြစ်သည်။ ဤမြေသည် ကျွန်မတို့ ခေတ္တခဏ တိတ်တဆိတ် လာရောက်ခိုလှုံ နေထိုင်ရသည့်မြေမဟုတ်ပါ။ မြန်မာ့ရေ၊ မြန်မာ့မြေနှင့် မြန်မာ့သယံဇာတများသည် ကျွန်မတို့၏ ဘိုးဘွားစဉ်ဆက်ကတည်းကပင် တည်ရှိခဲ့၊ ပိုင်ဆိုင်ခဲ့သည့် အရာများဖြစ်ပါသည်။ ဘိုးဘွားစဉ်ဆက်ဟု ဆိုသည့် စကားကြောင့်ပင် ကျွန်မ၏ အတွေးစများ ကျယ်ပြန့်ခဲ့ရပါတော့သည်။
ကျွန်မတို့ ငယ်ရွယ်စဉ်ကလေးဘ၀ မိမိကိုယ်တိုင် မိမိခြေထောက်နှင့် မိမိခြေဖဝါးနှစ်ဖက်အပေါ် ရပ်တည်ကာ တည့်တည့်မတ်မတ်၊ ဖြောင့်ဖြောင့်တန်းတန်းနှင့် ယိုင်လဲမသွားအောင် လမ်းမလျှောက်နိုင်သေးခင် အချိန်တွင် မိဘနှင့်ဘိုးဘွား ဆွေမျိုးစသည်တို့၏ အကူအညီကောင်းများစွာကို ရယူခဲ့ကြရပါသည်။
မည်သည့်ကလေးငယ်မျှမဆို သူ့အလိုအလျောက် တစ်ပါးသူ၏ အကူအညီကို မရယူဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ လမ်းလျှောက်နိုင်ခဲ့သည် ဟူ၍ မရှိပါချေ။
သို့ဆိုပါလျှင် ကျွန်မတို့သည် လမ်းဖြောင့်ဖြောင့် လျှောက်တတ်ပြီဆိုသော အချိန်သို့ ရောက်လာသည်တွင် မိမိအား လမ်းလျှောက်တတ်အောင် သင်ပေးခဲ့သူတို့မှာ မည်သူမည်ဝါတို့ဖြစ်ကြောင်း သိချင်စိတ်များ ဖြစ်ပေါ်ခဲ့ဖူးကြပါသလားဟု မေးခွန်းတစ်ခု မေးချင်မိပါသည်။
သည်အတွေးကို စာရေးသူ ကိုယ်တိုင်ပင်လျှင် အသက်အရွယ်တစ်ခုသို့ ရောက်ရှိလာချိန်မှသာ စဉ်းစားတတ်မိခဲ့ခြင်း၊ သတိပြုမိခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။
အမှန်ပင် ရိုးသားစွာဝန်ခံရပါလျှင် မိမိရှေ့တွင် ကလေးငယ်တစ်ဦးအား မိဘနှစ်ဦးက ဘေးနှစ်ဖက်မှ ထိန်းကျောင်း၍ လမ်းလျှောက်သင်ပေးနေကြသော မြင်ကွင်းလေး တစ်ခုကို အမှတ်မထင် မြင်တွေ့ခဲ့ရစဉ် စာရေးသူ၏ အတွေးအိမ်တွင် မိမိအား ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကာ ကိုယ့်လမ်းကိုယ် လျှောက်တတ်အောင် မိဘဆွေမျိုးများ သို့တည်းမဟုတ် တစ်စုံတစ်ယောက် ဖြစ်သူတို့သည် အဘယ်မျှအားစိုက်ကာဖြင့် ဂရုတစိုက် သင်ကြားပေးခဲ့ရပါလိမ့်ဟု တွေးကြည့်နေမိခဲ့ပါသည်။
စာရေးသူ ကိုယ်တိုင်ကရော ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် ဘဝကို ရရှိလာခဲ့ခြင်းနှင့် ပိုင်ဆိုင်လာခဲ့ခြင်းတို့အတွက်ကိုလည်း တည့်မတ် သင်ပေးခဲ့ကြသည့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ကျေးဇူးတင်မိ ခဲ့ဖူးပါသလားဟု ပြန်စဉ်းစားကြည့်မိသည်။
အန္တရာယ်မရှိသော လမ်းကောင်းကို ရွေးချယ်တတ်ရန်၊ ခြေလှမ်းမယိုင်ရန်၊ ခြေတစ်လှမ်းနှင့် တစ်လှမ်း အစိပ်အကျဲညီရန်၊ မတ်မတ်လျှောက်ရန်၊ ခန္ဓာကိုယ်ဟန်ချက်ညီရန် စသည်စသည်ဖြင့် ကောင်းမွန်စွာ လမ်းလျှောက်တတ်ခြင်း ပညာရပ်ကို လူကြီးသူမများထံမှသာ စာရေးသူတို့ တတ်မြောက်ခဲ့ကြရပါသည်။ ကျွန်မတို့ ကောင်းစွာမတ်မတ်ရပ်၍ ဖြောင့်ဖြောင့် လျှောက်တတ်သည့်အချိန်မှသာ ကျွန်မတို့အား ပဲ့ကိုင်ထိန်းကျောင်းပေးခဲ့ကြသည့် လူကြီးမိဘတို့က စိတ်ချလက်ချ လက်လွှတ်ပေးခဲ့ကြသည် မဟုတ်ပါလားရှင်။
ထိုသို့သော မိဘဘိုးဘွား ဆွေမျိုးဉာတကာတို့၏ ကျေးဇူးတရား၊ မေတ္တာတရားတို့နှင့် အစပြုခဲ့ရသည့် ဤမြေပေါ်မှ ကျွန်မတို့၏ ဘဝခြေလှမ်းများအကြောင်းကို သတိတရနှင့် တွေးနေမိသည့်အခါတိုင်း ကျွန်မ၏ စိတ်အစဉ်တွင် ဆက်စပ်တွေးတောမိသည့် အကြောင်းအရာများစွာ ရှိလာခဲ့ပါသည်။
သည်အတွေးတစ်စနှင့် အတူ ခံယူချက်တစ်ခုသည်လည်း ကျွန်မရင်မှာ ခိုဝင်လာခဲ့ပါသည်။ ကျွန်မ တို့အားလုံး ကိုယ့်မြေပေါ်တွင် ကိုယ်မတ်မတ် ရပ်တည်နိုင်အောင် ကြိုးစားကြရန်နှင့် မည်သည့်အချိန်နှင့် မည်သည့်အကြောင်းကြောင့်မဆို ပြိုလဲယိုင်နဲ့နေ၍ မဖြစ်ပါလားဆိုသည့် ခံယူချက်တစ်ခု စွဲထင်ကပ်ငြိလာခဲ့ပါသည်။
လမ်းလျှောက်တတ်ခါစ ကလေးဘဝကဆိုပါလျှင် “ဒီဘက်ကိုလျှောက်လာခဲ့သမီးလေးရ . . . လာလာ ဟိုဘက်ကို မသွားနဲ့သမီး လဲကျမယ်” စသည်ဖြင့် အန္တရာယ်ကို တားဆီးကာကွယ်ပေးနိုင်သည့် လူကြီးသူမနှင့် မိဘများကား အသက်အရွယ်အရ ကျွန်မတို့နှင့် အတူတူ အစဉ်အမြဲရှိနေချင်မှ ရှိနေနိုင်တော့မည်ဖြစ်သည်။ အချိန်ကာလ အတိုင်းအတာတစ်ခုအထိသာ တည့်မတ်ပေးနိုင်ပေလိမ့်မည်ဖြစ်ပါသည်။
ကိုယ့်ဘဝနှင့် ကိုယ့်ခြေလှမ်းတို့သည် ကိုယ့်အသိဉာဏ်၏ တိုက်တွန်း နှိုးဆော်မှုကြောင့်သာလျှင် ရွေ့လျားနိုင်ရမည့် အသက်အရွယ်သို့ ရောက်ခဲ့ကြပြီဖြစ်ပါသည်။ ထိုအသိဉာဏ်များကို ရရှိလာစေရန်အတွက်လည်း ကျွန်မတို့ လူငယ်များ အတန်းပညာရပ်များကို အဆင့်အတန်း အမျိုးမျိုးနှင့် လေ့လာနိုင်ခဲ့ပြီးဖြစ်သည်။
အမိမြေကို တကယ်ချစ်သည်ဆိုပါလျှင် အမိမြေ သာယာဝပြောရန်၊ စိမ်းလန်းစိုပြည်ရန် ဤအမိမြေ ပေါ်တွင် ဤရေကိုသောက်၍ အသက်ရှင်သန်ကြီးပြင်းကာ ဘဝအခြေချ လမ်းစပြုခဲ့ကြရသည့် ကျွန်မတို့ကဲ့သို့ မြန်မာနိုင်ငံသား လူငယ်ခေတ်ပညာတတ်များထက် မည်သူကပို၍ တာဝန်ရှိနေနိုင်ဦးမှာပါလဲရှင်။
ယခင်ငယ်စဉ်က ကျွန်မထင်ခဲ့မိသည် ဉာဏ်ရည်မြင့်မားသူ၊ စာကြိုးစားပြီး ကျောင်းစာပညာရပ်များတွင် လွန်စွာထူးချွန်သူတို့မှာ ကျွန်မတို့သာမန် အဆင့်ဉာဏ်ရည်ရှိသူတို့ထက် ကိုယ့်လူမျိုးနှင့် ကိုယ့်တိုင်းပြည်ကို ပို၍ချစ်မြတ်နိုးလိမ့်မည် ဟူသော ကလေးဆန်ဆန် အတွေးမျိုး တွေးမိခဲ့ပါသည်။
လက်တွေ့တွင် ကျွန်မ၏ ထိုအတွေးများကား ရာခိုင်နှုန်းပြည့် မမှန်ကန်ခဲ့ကြောင်း သိခဲ့ရပါသည်။ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် အမိမြေ၏ ကျေးဇူးတရားတို့ကို ကျွန်မအထင်ကြီးခဲ့သည့် ဉာဏ်အားစွမ်းရည် ထက်သန်သူတိုင်းတွင် ရှိနေခြင်း မဟုတ်ကြောင်း၊ မျက်မှောက်ခေတ် ကာလဖြစ်စဉ်များနှင့် သာဓကများအရ ထင်ထင်ရှားရှား သိလာရပါသည်။
ကျွန်မတို့နိုင်ငံမှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပါသည်။ သို့ဖြစ်လေရာ ခေတ်မီနည်းပညာရပ် များစွာဖြင့် ဖွံ့ဖြိုးပြီး တိုးတက်နေပြီဖြစ်သော နိုင်ငံကြီးများကို ကျွန်မတို့မြန်မာလူငယ်များ အနေဖြင့် အားကျသင့်သည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ အားကျနေရုံမျှသာမကဘဲ ကောင်းမွန်သော အလေ့အထနှင့် ပညာရပ်တို့ကိုလည်း အတုယူသင့်သည်များကို အတုယူရမည်မှာ အမှန်ပင်ဖြစ်ပါသည်။
လူပီသသည့် လူသားတိုင်းသည် မိမိဘဝနှင့် မိမိပတ်ဝန်းကျင်ကို အကောင်းဆုံး ဖြစ်အောင် လုပ်မပေးနိုင်သော်လည်း မိမိကြောင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ မိမိနေထိုင်ရာ ကမ္ဘာမြေကို ပျက်စီးရာပျက်စီးကြောင်း မကြံစည်သင့်ဟု ယူဆမိပါသည်။
ယခုတော့ ကျွန်မ သဘောပေါက်ခဲ့ပါပြီ။ မွေးရာပါ ဉာဏ်ရည်မထက်သန်ခြင်းမှာ ရှက်စရာမဟုတ်ပါ။ ဉာဏ်ရည်ထက်မြက်ကြပါလျက် ခေတ်ပညာများ လွန်စွာတတ်မြောက်ကြပါလျက်နှင့် ကိုယ့်အမိမြေ၏ သမိုင်းကြောင်းအမှန်ကို အမှန်အတိုင်း သိအောင်မမြင်နိုင်ကြခြင်းကသာ ရှက်စရာဖြစ်ပါသည်။
အတန်းပညာသင်စာကိုသာ တတ်မြောက်ကျွမ်းကျင်ကြခြင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းနှင့် ဆက်နွှယ်ခဲ့သော မြန်မာတို့၏ သမိုင်းကိုမူ မျက်ကွယ်ပြုနေခဲ့ကြခြင်း၊ စာမဖတ်ကြခြင်းတို့ကြောင့်သာလျှင် နိုင်ငံတော်၏ စေတနာနှင့် ကျေးဇူးတရားကို မသိနားမလည် နိုင်ခဲ့ခြင်းတို့ ဖြစ်ခဲ့ရကြောင်းကို ကျွန်မကောင်းစွာ နားလည်သဘောပေါက်ခဲ့ပါပြီ။
ထို့ထက်ပို၍ ဝမ်းနည်းစရာ အကောင်းဆုံးမှာ ခေတ်ပညာတတ် လူငယ်များပင်ဖြစ်လင့်ကစား ဘာသာတရား၏ အဆုံးအမနှင့် ကင်းလွတ်ကာ၊ မိမိထက်အသက်အရွယ်ကြီးမြင့်သူကိုဖြစ်စေ၊ ဂုဏ်ကြီးမြင့်သူကို ဖြစ်စေ၊ ဘုန်းကံကြီးမြင့်သူကို ဖြစ်စေ၊ အမိကိုဖြစ်စေ၊ အဘကိုဖြစ်စေ ဆဲရေးတိုင်းထွာ၍ ပြောဆိုရန်ကိုလည်း ဝန်မလေး တတ်ကြသူများ ဖြစ်လာကြခြင်းပင် ဖြစ်ပါသည်။
လူတစ်ယောက်၏ အရင်းခံဝါသနာနှင့် မွေးရာပါ ဗီဇအမှန်ဆိုသည်ကား ကြာကြာဖုံးကွယ်ထား၍ ရသည့်အရာ မဟုတ်ပါချေ။ ထို့အတူပင် လွယ်လွယ်နှင့်လည်း ဖယ်ရှားပစ် ဖျောက်ဖျက်ပစ်၍ မရနိုင်ပါပေ။
မိမိအတွက်ကြောင့် မိမိပတ်ဝန်းကျင်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ခြင်း လုပ်ငန်းများ ရပ်တန့်စေခဲ့ခြင်း သို့မဟုတ် ပျက်စီးဆုံးရှုံးနစ်နာမှုများ ဖြစ်စေခဲ့သော လုပ်ရပ်တို့သည် မိမိနိုင်ငံတော်မှ မိမိအား ခေတ်ပညာတတ်တစ်ယောက်၊ နည်းပညာတတ်မြောက်သူတစ်ယောက်ဖြစ်လာစေရန် သင်ကြားပေးခဲ့ရသည့် နိုင်ငံတော်၏ ကျေးဇူးတရားများကိုမျှ မထောက်ထားဘဲ လူမဆန်သည့်လုပ်ရပ်များဟု စာရေးသူအနေဖြင့် ထင်မြင်သုံးသပ်ပါသည်။
ငယ်စဉ်က ခြေလှမ်းမမှားဘဲ လမ်းလျှောက်တတ်ရန် ကျွန်မတို့ အတတ်နိုင်ဆုံး လေ့ကျင့်ခဲ့ကြရပါသည်။
ယခုလည်း ကျွန်မတို့မြန်မာ့မြေမှ တန်ဖိုးရှိသောခေတ်ပညာတတ် သားကောင်းများကို ဤလောက၏ဘဝပြေးလမ်းပေါ်တွင် ခြေလှမ်းမမှားကြစေလိုပါ။ လမ်းမှားလျှောက်မိကာ ဘဝခြေလှမ်းများ ယိုင်လဲပြိုကွဲ၍ ခေတ်၏ သားကောင်များ မဖြစ်စေလိုပါ။
ဤမြန်မာ့မြေပေါ်တွင် ဘဝအစပြုရပ်တည်ကာ လျှောက်လှမ်းခဲ့ကြသော အမိမြေမှ သားကောင်းများအားလုံး ဆူးလွှမ်းသော လမ်းမှားများကို မလျှောက်လှမ်း မိကြပါစေနှင့်ဟူ၍သာ အကြိမ်ကြိမ်အခါခါ ဆန္ဒပြု ဆုတောင်း နေမိပါတော့သည်။ ။
ခင်လေး(ပြည်ထောင်စုနယ်မြေ)