နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ မှတ်တမ်း

နေပြည်တော်  ဧပြီ  ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို   ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး   စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊  သတင်းထုတ်ပြန်ရေးအဖွဲ့    အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့်   ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏     သိရှိလိုသည့် မေးမြန်းမှုများကို   ပြန်လည်ဖြေကြားသည်။

ဦးစွာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ယခင်သတင်းစာ ရှင်းလင်းပွဲများနှင့် မတူဘဲ အပြောင်းအလဲဖြင့် စတင်လိုပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် မီဒီယာများကို တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်အဖြစ် အလေးထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်ကတည်းက     တပ်မတော်နှင့် မီဒီယာများကြား ဆက်သွယ်ဆက်ဆံမှုကို ဆောင်ရွက်စေခဲ့ပါကြောင်း၊ ထိုအချိန်ကတည်းက မိမိတို့အနေဖြင့် မီဒီယာများက မေးသည့် မေးခွန်းများကို ဖြေခဲ့ရသည်မှာ အချိန်ကာလအားဖြင့်၊ အရေအတွက် ပမာဏအားဖြင့် များခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုဖွဲ့စည်းပြီး သတင်းမီဒီယာကောင်စီနှင့် စတင်ဆက်သွယ်ဆက်စပ်မှု ပြုလုပ်ခဲ့ပါကြောင်း၊ တပ်မတော်နှင့် သတင်းမီဒီယာများအကြား    သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအတွက်    အလုပ်ရုံဆွေးနွေးပွဲများဖြင့်   စတင်ခဲ့ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများကို     သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ် စိုးနိုင်ဦး ဦးစီးပြီး ပြုလုပ်ခဲ့ပါကြောင်း၊ ထိုအချိန်က မိမိသည် ဒုတိယဗိုလ်မှူးကြီးအဆင့်သာရှိကြောင်း၊  အလုပ်ရုံဆွေးနွေးပွဲများတွင် မီဒီယာများကိုပါ ဖိတ်ခေါ်ပြီး သိလိုသည်များ၊ မေးမြန်းသည်များ၊ ရှင်းပြခြင်းများ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိတိကျကျ အချိန်ဖြင့် ပြောရမည်ဆိုပါက ပထမဆုံးအလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်     စတင်ခဲ့ပါကြောင်း၊ ၆ ကြိမ်ပြုလုပ်ခဲ့ပါကြောင်း၊ ရန်ကုန်တွင် ပြုလုပ်ခဲ့ပါကြောင်း၊   အချို့သတင်းမီဒီယာများ ထိုပွဲများကို  တက်ဖြစ်ခဲ့မည် ဖြစ်ပါကြောင်း၊   ထို့နောက် တပ်မတော်သတင်းစာ ရှင်းလင်းပွဲများကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စပြီးပြုလုပ်ခဲ့ပါကြောင်း၊ တပ်မတော်က   နိုင်ငံတော်တာဝန်ယူပြီးနောက် ပထမဆုံးသတင်းစာ ရှင်းလင်းပွဲကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၄ နှစ်ကုန်ပိုင်းကစပြီး ရေတွက်မည်ဆိုပါက   ၇ နှစ်ကျော်ကာလရှိပြီ ဖြစ်ပါကြောင်း၊   အလုပ်ရုံဆွေးနွေးပွဲပေါင်း ၆ ကြိမ်၊ သတင်းစာရှင်းလင်းပွဲပေါင်း ၃၈ ကြိမ်ရှိခဲ့ပါကြောင်း၊    ထိုကြားကာလများတွင် မီဒီယာများမေးမြန်းမှုနှင့် မိမိတို့ဖြေကြားမှု မည်မျှရှိမည်ကို တွက်ဆ၍   ရမည်ဖြစ်ပါကြောင်း၊ ယနေ့တွင် မီဒီယာများ၊ မီဒီယာများဟု ပြောရာတွင် ယနေ့ပွဲကို တက်ရောက်လာသည့် မီဒီယာများကိုသာရည်ညွှန်းခြင်း မဟုတ်ပါကြောင်း၊    မီဒီယာအားလုံးကို ရည်ညွှန်းခြင်းဖြစ်ကြောင်း၊    မိမိကစပြီး မေးခွန်းအနည်းငယ် မေးခွင့်ပြုပါဟု တောင်းဆိုလို ပါကြောင်း၊ ထိုမေးခွန်းများကို ချက်ချင်းဖြေနိုင်ပါက ဖြေနိုင်ကြောင်း၊ မဖြေနိုင်ပါက အချိန်ယူပြီး ဖြေနိုင်ပါက ဖြေနိုင်ပါကြောင်း ပြောကြားသည်။

ပထမဆုံးမေးခွန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု များရှိခဲ့ပါကြောင်း၊ ဥပဒေ၊ စည်းကမ်းများနှင့်အညီ   ဖြေရှင်းပေးရန် ကြေညာချက် ၆ ခုကို    လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါကြောင်း၊ ပထမဆုံးထုတ်ပြန်ခဲ့သည့် ကြေညာချက်အနေဖြင့် ရွေးကောက်ပွဲနှင့် ဆက်လျက် UEC အဖွဲ့နှင့် ပတ်သက်သော    သဘောထားကြေညာချက်ဟု ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပမီဒီယာများ ရှေ့တွင် သက်သေအထောက်အထား စုံစုံလင်လင်ဖြင့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊    နောက်ပိုင်း ပြန်လည် ဖွဲ့စည်းခဲ့သည့့် UEC အသစ်ကလည်း တွေ့ရှိချက်များကို သံတမန်များ၊ မီဒီယာများကို     ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး မိမိမေးလိုသည့် မေးခွန်းအနေဖြင့် ထိုအချိန်က မဲမသမာမှုများကို ဖြေရှင်းပေးရန်အတွက် တပ်မတော်နှင့် နိုင်ငံရေးပါတီအချို့က တောင်းဆိုခဲ့သည်ကို ဘာကြောင့်မရှင်းတာလဲ။ ရှင်းဖို့မလိုဘူးဆိုရင် ဘာကြောင့် ရှင်းဖို့မလိုတာလဲ။   ဒါဆိုမဲမသမာမှု မရှိဘူးဆိုတာ ဘာကြောင့်   သက်သေမပြတာလဲဆိုတဲ့ မေးခွန်းကို မီဒီယာအများစုက သက်ဆိုင်သူတွေကို ဘာကြောင့်မမေးခဲ့တာလဲ။ ဟုတ်ပြီ။

ဒါဆိုဒီနေ့ ကျွန်တော်မေးပြီ။ မဲမသမာမှုတွေလုပ်ပြီး   ထွက်ပြေးနေကြတဲ့သူတွေ၊ ထွက်ပြေးပြီး ရောက်တဲ့နေရာကနေ လူငယ်တွေ၊ ပြည်သူတွေကို မြှောက်ပင့်ပြီး ပဋိပက္ခဖြစ်အောင် လုပ်နေတဲ့ သူတွေကို ဒီမေးခွန်းကို ဒီနေ့တက်ရောက်လာသည့် မီဒီယာများ သာမဟုတ်ဘဲ ဒါနဲ့ပတ်သက်ပြီး အထူးပြုပြီး ရေးနေသည့် မီဒီယာများမေးပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ မှန်ရင်၊ သတ္တိရှိရင် မဲမသမာမှု မရှိပါဘူးဆိုတာ   သက်သေနဲ့အခိုင်အလုံပြပေးပါ ဟု   မိမိပြောလိုပါကြောင်း ပြောကြားသည်။

နောက်မေးခွန်းတစ်ခုအနေဖြင့် NUG ဆိုတဲ့အကြမ်းဖက်အဖွဲ့သည် ငွေတိုက်စာချုပ်ဆိုသည်များ၊    ဘွန်းဆိုသည်များ ရောင်းပါကြောင်း၊   Ticket ဆိုသည်များလည်း ရောင်းပါကြောင်း၊ ဘာပရောဂျက်၊ ညာပရောဂျက်ဆိုပြီးလည်း   အလှူခံပါကြောင်း၊ ဟိုအထိမ်းအမှတ်၊   ဒီအထိမ်းအမှတ်ဆိုပြီး ရောင်းသည်ရောင်း၊ အလှူခံသည် ခံလုပ်ပါကြောင်း၊ သက်သေအထောက်အထားများရှိကြောင်း၊    ဒလက်များ၏ သတင်းများတွင် ဝေေ၀ဆာဆာဖြင့် ဖော်ပြနေသည်လည်း      မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ ဘယ်ပွဲတွင် ဘယ်လောက် ရောင်းရသည်၊   အလှူငွေဘယ်လောက်ရသည် ဆိုသည်များလည်း   မြင်ရမည်ဖြစ်ကြောင်း၊ အချို့မီဒီယာများ၏ ဖော်ပြနေသည့် သူတို့အရေး၊ သူတို့အပြောအရ ငွေပမာဏသည် မနည်းသည်ကိုလည်း မိမိတို့သိရပါကြောင်း၊ ထိုကိစ္စများအပြင်   အခြားပြည်ပနိုင်ငံက ထောက်ပံ့သည်ဆိုသည့်ပမာဏပါထည့်ပေါင်းလျှင် အတော်လေး များသည့် ပမာဏဆိုသည်ကို သတိပြုမိမည်ဟု     ထင်ပါကြောင်း၊ ဘယ်လောက်ရသလဲ။  ဘယ်နေရာတွင် သုံးနေသလဲ။    မီဒီယာများ မေးဖူးပါသလား။ ဒလက်များက မေးဖူးပါသလား။    ထွက်လာသည့် အဖြေသည် ပြည်သူကို ရှေးရှုသလား။  မျက်နှာမူသလား၊ အကြမ်းဖက်အဖွဲ့သည် ပြည်သူ့အတွက် လုပ်နေပါသလား ဆိုသည့် အဖြေပဲဖြစ်ပါကြောင်း ပြောကြားသည်။

မေးခွန်းတစ်ခုထုတ်လိုပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နာမည်ကြီးဖြစ်စဉ် တစ်ခုဖြစ်ပါကြောင်း၊ ဖြစ်စဉ်ဆိုရာတွင် သာမန်အဆင့်ထက် အများကြီးပိုသည့် လူအမြောက် အမြားကို     သတ်ဖြတ်ကျူးလွန်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပါကြောင်း၊ ထုတ်ဖော်ပြောကြားချက်များအရ လူ ၁၀ ဦးကို ဗိုလ်သံမဏိဆိုသည့် အကြမ်းဖက်သမား ဦးဆောင်သည့် အဖွဲ့က သတ်ဖြတ်ခဲ့ပြီး ထုတ်မပြောသာခြင်း၊ ထုတ်မပြောရဲ၍ ငြိမ်နေလိုက်ရသည့် စာရင်းများ ထပ်ပေါင်းလျှင် မနည်းလှသည့်လူများကို သတ်ခဲ့သည်ဟု    သိရှိထားရပါကြောင်း၊  ၎င်းတို့ ထုတ်ပြောသည့် စာရင်းအရ အသတ်ခံရသည့် လူ ၁၀ ဦးထဲတွင် ယခင်သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည့် ထာဝရထက်တစ်ရက် ပိုပါသည်ဆိုသည့် လူ ၆ ဦးပါပါကြောင်း၊ ငါတို့သည် တော်လှန်ရေး သူရဲကောင်း ဖြစ်သည်ဟု ကြွေးကြော်ထားပြီး လက်နက်ကိုင်ထားသူများ၊ လက်နက်ကိုင်တိုက်ခြင်းကို အားပေးအားမြှောက် လုပ်နေသည့် နီတာမှရဲလို့ဆိုသူများ ဖြစ်ပါကြောင်း၊ နီသည်ရဲသည်အတူတူ အမြင်မတူသည်နှင့် သတ်ပါကြောင်း၊  အကျိုးစီးပွားထိ၍သတ်ခြင်းဖြစ်ပါကြောင်း၊ အကြမ်းဖက်  NUG ဆိုသည့်   အဖွဲ့အစည်းနှင့် ပတ်သက်ပြီး NUG ဖြင့်  ရှင်းရဲသည်ဟု ပေါ်တင်ကြေညာထားခြင်းရှိပါကြောင်း၊  မီဒီယာများကို မေးချင်တဲ့မေးခွန်းက အဲဒီကိစ္စ ဘာဖြစ်သွားပြီလဲ။ အကြမ်းဖက် NUG ဆိုသည့်သူများက    ဘာများလုပ်ထားပါသလဲ၊     မေးရန်အစီအစဉ် ရှိပါသလား ထပ်မေးလိုပါကြောင်း၊   ဖြစ်စဉ်အချို့ကို အကျဉ်းချုံးပြောလိုပါကြောင်း၊ ပုလဲမြို့နယ်အတွင်းက အင်းမထီးနှင့် ဇီးဖြူကုန်းရွာတို့ကို    အကြမ်းဖက် PDF အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ပါကြောင်း၊ မီးရှို့ခံရသည့် နေရာများဖြစ်ကြောင်း၊ ရွာသူ၊ ရွာသားများကိုယ်တိုင် အန္တရာယ်ကြား၊ ခြိမ်းခြောက်မှု များကြားက သနားစဖွယ်ရင်ဖွင့်ကြကြောင်း၊ တစ်ရွာလုံးနီးပါး    မီးလောင်ကျွမ်းခဲ့ပါကြောင်း၊ အမျိုးမျိုးသော စွပ်စွဲချက်များနှင့် သတ်ဖြတ်၍ ရွာသားများသေကျေကြပါကြောင်း၊ ပြည်သူ့ကာကွယ်ရေးဟု အမည်ခံထားသည့် အကြမ်းဖက်များက   ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါကြောင်း၊ ဘယ်မီဒီယာက  ထိုသတင်းကို ရေးခဲ့ပါသလဲ၊ ပြည်သူလူထုကို   ရှေးရှုပြီး ဆောင်းပါးအနေဖြင့်၊    ရုပ်သံအနေဖြင့် ထုတ်လွှင့်ခဲ့ခြင်းရှိပါသလား။ ပြည်သူ့အတွက် ရှေ့ဆောင်လမ်းပြအနေဖြင့် Follow Up မေးခွန်းအနေဖြင့် မည်သည့်မီဒီယာများက ရပ်တည်မေးခဲ့ပါသလဲဟု မေးခွန်းထုတ်လိုပါကြောင်း ပြောကြားသည်။

နောက်မေးခွန်းမေးလိုပါကြောင်း၊ အနီးစပ်ဆုံး ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့၊  မြင်းကြွရပ်ကွက်နေ    ကိုရင်ငယ် ၃ ပါး မိုင်းထိပြီး ၂ ပါး ပျံလွန်တော်မူခဲ့ပါကြောင်း၊ ၁ ပါးက  ပြင်းပြင်းထန်ထန် ဒဏ်ရာရပါကြောင်း၊  ထိုကိစ္စနှင့်ပတ်သက်ပြီး  အချို့မီဒီယာများကလည်း   မည်သူမည်ဝါက မိုင်းထောင်ဖောက်ခွဲနေသည်ကို သိသော်လည်း အချို့မီဒီယာများကလည်း ထင်ယောင်ထင်မှားဖြစ်အောင် ရေးနေသည်ကို တွေ့ရပါကြောင်း၊ မိမိတို့၏ ကိုးကွယ်ရာ ရဟန်း၊ သံဃာ ၃၀ ကျော်ထိ   PDF အမည်ခံ အကြမ်းဖက်များ၏ သတ်ဖြတ်မှုကို ခံခဲ့ရပါကြောင်း၊     ရှည်ရှည်ဝေးဝေးမမေးလိုပါကြောင်း၊ ဗုဒ္ဓဘာသာ ရဟန်း၊ သံဃာကို ဘာကြောင့်   ဒလန်လို့ စွပ်စွဲသတ်ဖြတ်ပါသလဲ။ အကြမ်းဖက် ြ့ွ ၏မူဝါဒတွင် အမြင်မတူရင် ရဟန်း၊   သံဃာကိုလည်း သတ်ရမည်ဟု  အကြမ်းဖက်မူဝါဒ ချထားသလားဟု မီဒီယာများက မေးဖူးပါသလား။ အလားတူ   ကိုယ်နှင့်မတူ၊ ကိုယ့်ရန်သူဟု သဘောထားပြီး    ဒလန်ဟု စွပ်စွဲပြီးသတ်ခဲ့သည့် ထောင်နှင့်ချီသည့် ပြည်သူများ သေခဲ့ခြင်း၊ CDM မလုပ်၍ ဆိုသည့် စွပ်စွဲချက်ဖြင့် ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများ အပါအဝင် ဝန်ထမ်းများကို သတ်ဖြတ်ခဲ့ခြင်းသည် အကြမ်းဖက် NUG၏ မူဝါဒလားဟု မေးခဲ့ဖူးပါသလားဟု ပြောကြားသည်။

နောက်မေးလိုသည်က  ပညာရေးကိစ္စဖြစ်ပါကြောင်း၊ လွန်ခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးဘက်တွင် ဖြစ်ခဲ့သည့် ဖြစ်စဉ်ဖြင့် ဆက်စပ်ပြီးမေးလိုပါကြောင်း၊ အကြမ်းဖက် NUG ၏စီစဉ်မှုဖြင့် ကျောင်းဖွင့်သည် ဟုဆိုပါကြောင်း၊ ၎င်းတို့ထုတ်ပြန်ချက်အရ သင်မည့်စာအုပ်များ၊   သင်ရိုးညွှန်းတမ်းများကို   သတိပြုမိကြမည် ထင်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ထုတ်ဝေထားသည့် စာအုပ်များဖြစ်ပါကြောင်း၊ ထိုစာအုပ်၊ စာတမ်း၊   ဒီသင်ရိုးများကိုသာ သင်ကြားခြင်းအတူတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွင့်သည့်အတွက်       ဘာပညာရေး၊ ညာပညာရေး၊ စစ်ကျွန်ပညာရေးဟုစွပ်စွဲပြီး ကလေးများကျောင်းမတက်ရန်ခြိမ်းခြောက် ခြင်း၊ အကြမ်းဖက် လုပ်ရပ်များ လုပ်ပြခဲ့ခြင်းလည်း သတိထားမိကြမည် ထင်ပါကြောင်း၊ တစ်ခုခုကို ဖုံးအုပ်နေသူမှအပ   အားလုံးမြင်တွေ့ခဲ့ရမည်ထင်ပါကြောင်း၊ မီဒီယာများအနေဖြင့် အကြမ်းဖက် NUG ဆိုသည့်အဖွဲ့ကို ထိုစာများကို သင်ခြင်းဖြစ်သည့်အတွက်   ၎င်းတို့သင်ခြင်း မဟုတ်လျှင် စာမသင်ရဘူးဆိုသည့် မူဝါဒရှိ၊ မရှိ မေးဖူးပါသလား။ ကျောင်းသွားတက်လျှင် သေမည်၊ ပြတ်မည်၊ ဒုက္ခရောက်မည်ဟု တိတိကျကျ ကြိမ်းမောင်းခြိမ်းခြောက်ခဲ့သည့် ထိုအဖွဲ့က အကြမ်းဖက်ဝန်ကြီးဆိုသူကို ဘာရည်ရွယ်ချက်ဖြင့် ပြောပါသလဲဟု မေးဖူးပါသလားလို့ မေးခွန်းထုတ်လိုပါကြောင်း  ပြောကြားသည်။

မေးခွန်းများ   အများကြီး ကျန်ပါသေးကြောင်း၊ အချုပ်ဟုယူဆနိုင်သည့်  မေးခွန်း တစ်ခုကို   နောက်ဆုံး မေးခွန်းအနေဖြင့် မေးလိုပါကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ လွတ်လပ်စွာ သဘောထားကွဲလွဲ ခွင့်ရှိပါကြောင်း၊   အကြမ်းဖက်အဖွဲ့ NUG ၏ ဒီမိုကရေစီဆိုသည်မှာ   ငါတို့ကို ထောက်ခံလျှင် ဒီမိုကရေစီ၊ ငါတို့ကိုမထောက်ခံလျှင်၊ ကြားနေလျှင်၊     အစိုးရဝန်ထမ်းလုပ်လျှင် ဒီမိုကရေစီမဟုတ်ဘူးဟု  သတ်မှတ်ထားပါသလား။ ထိုသူများကို အကုန်သတ်ပစ်ရမည်၊ ရှင်းပစ်ရမည်၊ ငါတို့လူများဖြစ်မှ ဒီမိုကရေစီအစစ်ဟု    ယူဆထားပါသလားဟု မေးခဲ့ဖူးပါသလား။ ၎င်းင်းတို့က ဖြေခဲ့ဖူးပါသလား။ မိမိတို့လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တပ်မတော်ကဦးဆောင်မှုဖြင့် ဖွဲ့စည်းသည်ဆိုသော်လည်း ပိတ်နေသည့် မျက်လုံးများ၊ နားများ သတိပြုမိအောင် ပြောလိုပါကြောင်း၊ ကောင်စီအဖွဲ့ဝင်များနှင့် ဝန်ကြီးများထဲတွင် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ ပါပါကြောင်း၊ အမြင်ချင်းမတူ၍ လက်နက်ကိုင်သည်ဆိုသည့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန်   အစဉ်တစိုက် လုပ်နေပါကြောင်း၊ မကြာခင်ကာလတွင်လည်း ငြိမ်းချမ်းရေးကိစ္စများကို အဆင့်မြှင့်ပြီး လုပ်ဆောင်နိုင်ရန် ပြင်ဆင်နေသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ မည်သည့်အဖွဲ့အစည်းကပိုပြီး ဒီမိုကရေစီကို ကာကွယ်နေသလဲ။ ဖော်ဆောင်ရန် အစီအစဉ်တစိုက်လုပ်နေသလဲ စဉ်းစားမိစေလိုပါကြောင်း ပြောကြားသည်။

ထိုအကြောင်းအရာများနှင့် ပတ်သက်၍ တက်ရောက်နေသည့် မီဒီယာသမားများနှင့် မတက်နိုင်သည့် မီဒီယာသမားများ၊ ဒလက်များကို မိမိမေးသည့်မေးခွန်းများကို ဖြေနိုင်သည့်အချိန် ဖြေကြားပေးရန်နှင့် မေးနိုင်သည့် အချိန်တွင်မေးပေးနိုင်ရန် ပြောလိုပါကြောင်း၊ ပြည်သူလူထုကို အမှန်တကယ် မျက်နှာမူပါသလား၊ ရှေးရှုပါသလား၊ မီဒီယာများထဲတွင် အားလုံးကို အပြစ်တင်နေခြင်း မဟုတ်ပါကြောင်း၊ အချို့ ပြည်တွင်း/ပြည်ပ မီဒီယာများက ဖြစ်စဉ်အမှန်များ၊     မျှတသည့် သုံးသပ်ချက်များကို နှစ်ဖက်အသံများဖြင့် တင်ပြသည်ကို တွေ့ရပါကြောင်း၊ မိမိဒီနေရာမှ ထိုမီဒီယာအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

အချို့သောမီဒီယာများသည်     ထိုသို့ကျင့်ဝတ်ကို အလေးထားသည့်မီဒီယာများ အပေါ် စွပ်စွဲရေးသားခြင်းများ စိတ်မကောင်းဖွယ် တွေ့ရပါကြောင်း၊ ၎င်းတို့စကားဖြင့် ပြောရလျှင် အဘဘောမ မီဒီယာ၊ အဘဘောမ မီဒီယာသမားဆိုပြီး တံဆိပ်ကပ်ပါကြောင်း၊ ထိုမီဒီယာများသည် တပ်မတော်နှင့် အစိုးရတို့နှင့်လည်း    ဆက်စပ်မှုမရှိဘဲ  အစိုးရအဆက်ဆက်   ဝေဖန်ရေးသားပြီး အမှန်အတိုင်းရေးနေသူများသာဖြစ်ကြောင်း၊ သို့သော် နည်းနည်းရေးမိသည်နှင့် အဘဘောမ မီဒီယာ၊  အဘဘောမ မီဒီယာသမား ဆိုပြီး တံဆိပ်ကပ်ပါကြောင်း၊ ထိုသို့ပြောနေသည့် ပြည်ဖျက်မီဒီယာများကို မိမိပြောလိုပါကြောင်း၊ ပကတိအခြေအနေကို မျက်ကွယ်ပြုပြီး လုပ်နေသည့် လုပ်ရပ်များ၊ သွေးထိုးလှုံ့ဆော်နေသည် များလည်း ဒီဘက်ကပြောသလိုမျိုး၊ အကြမ်းဖက်အဖွဲ့ NUG ကို ပြောနေသည် ရှိပါကြောင်း၊   NUG အနူဂျီးဟု    ပြောနေသည်များရှိကြောင်း၊ ကိုယ့်ကိုယ်ကိုယ်ပြန် သုံးသပ်ပါ။ လူကြီးမင်းတို့ကလည်း အကြမ်းဖက် NUG ဘောမမီဒီယာ ဖြစ်နေပါသလား၊ တစ်နည်းအားဖြင့် အနူကြီး ဘောမမီဒီယာ တစ်နည်းအားဖြင့် အနူဘောမမီဒီယာ ဖြစ်နေပြီလား။     ဖြစ်နေလျှင်လည်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးသီချင်းထဲက စာသားလို လက်ကိုခဏခဏဆေးပါ၊ လူစုလူဝေး ရှောင်ရှားပါ အနူဘောမမီဒီယာ လည်း လက်ကိုခဏခဏဆေးပါ၊   လူစုလူဝေး ရှောင်ရှားပါ ဟု  မေတ္တာရှေ့ထားသတင်း စကားပါးလိုပါကြောင်း ပြောကြားသည်။

ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောမည့် အကြောင်းအရာများ အနေဖြင့် (တစ်) မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် ကျင်းပခဲ့မှု အခြေအနေ (နှစ်) နိုင်ငံတော်ဝန်ကြီးချုပ်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားနှင့် EAO ခေါင်းဆောင်များအား ငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်းပြောကြားမှု (သုံး)   ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့အကြီးအကဲ H.E.Dr.KUNG Phoak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့်    ခရီးစဉ်အကြောင်း(လေး) ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (ငါး)  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံမှု အခြေအနေ   (ခြောက်)စက်သုံးဆီ ကိစ္စရပ်များ (ခုနစ်)အားကစားကိစ္စ (ရှစ်)ပြည်သူ့လုံခြုံရေး စနစ်ဖြစ်ကြောင်း၊ (တစ်)မှ (ရှစ်)အထိ မိမိအနေဖြင့်  ရှင်းလင်းပြောသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် အပိုင်းကို ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါကြောင်း၊ ထို့နောက် မေး/ဖြေ ကဏ္ဍဖြစ်ပါကြောင်း၊ မေးခွန်းများမေးသည့် အခါတွင် စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးက မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊   ဖိတ်ခေါ်ခံရသည့် မီဒီယာများ အနေဖြင့်   မေးခွန်းနှစ်ခုစီ မေးမြန်းပေးရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

တစ်အချက်အနေဖြင့် မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်နှင့် ပတ်သက်ပြီးတင်ပြလိုပါကြောင်း၊   မိမိတို့နိုင်ငံတွင် မဟာသင်္ကြန်ကာလ၊ သီတင်းကျွတ် ကာလနှင့် တန်ဆောင်တိုင်ကာလများသည် မြန်မာတို့၏   အလေးအမြတ်ထားသည့် ကာလများဖြစ်ပါကြောင်း၊ သင်္ကြန်ဆိုသည်မှာ နိုင်ငံအဝန်းလုံးရှိသည့် တိုင်းရင်းသားပြည်သူများအားလုံးနှင့်သက်ဆိုင်သည့်   ပြည်ထောင်စုရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခု ဖြစ်ပါကြောင်း၊  အများပြည်သူအားလုံး သက်ဆိုင်ပါကြောင်း၊ ယခင်နှစ်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်   နိုင်ငံရေးအပြောင်းအလဲများကြောင့် အကန့်အသတ်ဖြင့်သာ ခွင့်ပြုခဲ့ရခြင်းရှိကြောင်း၊   ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းလျော့နည်းလာမှုနှင့်အညီ   နိုင်ငံ၏တည်ငြိမ်မှု အခြေအနေအရ   မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရန်အတွက် အတိုင်းအတာတစ်ခုအထိပြုလုပ်ရန်  နိုင်ငံတော်အကြီးအကဲက စီမံခဲ့ပါကြောင်း၊ နိုင်ငံတော် ကောင်စီဝင်များကလည်း နိုင်ငံတော်အဆင့် အစည်းအဝေးများတွင်  အကြံပြု ဆွေးနွေးခဲ့ခြင်းများ ရှိခဲ့ပါကြောင်း၊ လုံခြုံရေးစနစ်တကျ ဆောင်ရွက်ပြီး ပြည်သူအများ လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်ရေး စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ သင်္ကြန်ကာလမတိုင်မီ ပြည်တွင်း/ပြည်ပမီဒီယာ၊ပြည်ဖျက်သတင်းမီဒီယာ ၁၀ ခု မဟာသင်္ကြန်ပွဲတော်ကို    ဖျက်လိုဖျက်ဆီးဖြစ်အောင် လှုံ့ဆော်မှုသတင်း ၅၅ ပုဒ်ကျော် ရေးသားခဲ့ပါကြောင်း၊  ဖောက်ခွဲရန်၊  တိုက်ခိုက်ရန်၊ ပြည်သူများမပါဝင်ရန်၊  တော်လှန်သင်္ကြန်ဆင်နွှဲရန်၊ တော်လှန်သင်္ကြန်ကို မိမိပြောလိုကြောင်း၊ ယခင်လက်ထက်တွင် မြန်မာ့ရိုးရာသင်္ကြန်မျိုးစုံလုပ်ကြောင်း၊ တော်လှန်သင်္ကြန် ဆင်နွှဲရန်ဆိုသည့် သူများက    ယခင်က ၎င်းတို့ပဲ   ဖင်ပေါ်သင်္ကြန်ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုမှသာ  တော်လှန်သင်္ကြန်ဆင်နွှဲရန် ဆိုပြီးလာပါကြောင်း၊ အချို့သတင်းများတွင် သင်္ကြန်ကာလမရောက်သေးသည့် ဧပြီလ  ၈၊ ၉၊ ၁၀ ရက်တို့တွင်  မဏ္ဍပ်များ၌ ဗုံးဖောက်ခွဲခံရ၊ တိုက်ခိုက်ခံရ၊ ဖျက်ဆီးခံခဲ့ရသည်များ Online Media ပေါ်က လှုံ့ဆော် ရေးသားခဲ့ကြောင်း၊   အထူးသဖြင့် ပြည်သူများ သင်္ကြန်ပွဲတော်တွင် မပါဝင်မပျော်ရွှင်ရေးအတွက်   စိတ်အနှောင့်အယှက်ဖြစ်အောင် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သင်္ကြန်အကြိုနေ့မှနှစ်ဆန်း ၁ ရက်နေ့အထိ    ပြည်ဖျက်မီဒီယာ ၇ ခုမှ လှုံ့ဆော်သတင်း ၈၁ ခုကျော်ကို ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရကြောင်း၊  မိမိဆိုလိုသည်မှာ လက်ချိုးရေလျှင် လက်နှစ်ဖက် မပြည့်သည့် မီဒီယာများက တိုင်းပြည်ကို အဓိက ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်မှုကြောင့် နားယောင်ပြီး ဘ၀ ပျက်သွားသည့် အနာဂတ်နိုင်ငံတော်၏ အားထားရသည့်လူငယ်များလည်း မနည်းမနောဖြစ်ပါကြောင်း၊ သူများပေးစာကမ်းစာ စားရပြီး   ဝမ်းပြည့်သွားခြင်း၊ နားယောင်သည့်  လူငယ်များဘဝပျက်ရခြင်းသည် နိုင်ငံအတွက် ဝမ်းနည်းစရာ ကောင်းပါကြောင်း ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အေးချမ်းပျော်ရွှင်စည်ကားစွာ မဟာသင်္ကြန်ပွဲတော်ကိုဆင်နွှဲနိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ Video မှတ်တမ်းနှင့်ဓာတ်ပုံများကို ကြည့်လျှင်  သိနိုင်မည် ဖြစ်ကြောင်း၊    မိမိတို့ တိုင်းရင်းသားလူမျိုးများသာ   သင်္ကြန်တွင် ပျော်ရွှင်ခြင်းမဟုတ်ပါဘဲ နိုင်ငံအတွင်းရှိ ပြည်ပနိုင်ငံများမှ လာရောက် တာဝန်ထမ်းဆောင်သည့် သံရုံးဝန်ထမ်းများပါ ပါဝင်ဆင်နွှဲ ပျော်ရွှင်နေခြင်းကို ပုံများကြည့်လျှင် သိနိုင်ပါကြောင်း၊    ပြည်ဖျက်များ၏လှုံ့ဆော်မှု  အောင်မြင်^မအောင်မြင်ကို  ဏသတနမ ဏသငညအ ပါ ပုံစာကိုကြည့်လျှင်သိနိုင်ပါကြောင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ရိုးရာများသည် သမိုင်းများဖြစ်ပါကြောင်း၊ သမိုင်းကိုသိသူများသာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့်ရိုးရာကို သိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်း အစဉ်အဆက် နေထိုင်ခဲ့ကြသည့် ပြည်ထောင်စုသား တိုင်းရင်းသားများသည် အစဉ်အဆက်ခိုင်မြဲပြီး ဖြစ်သည့် ယဉ်ကျေးမှု၊   ဓလေ့ထုံးစံ အလေ့အထကို ပစ်ပယ်ရှောင်ဖယ်သွားမည် မဟုတ်ကြောင်း ပြောလိုပါကြောင်း ပြောကြားသည်။

နှစ်အချက်အနေဖြင့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့်   မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကားနှင့် ပတ်သက်ပြီးတင်ပြလိုပါကြောင်း၊ နှုတ်ခွန်းဆက်စကားမှာ  ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုနဲ့ပတ်သက်၍ အခက်အခဲမျိုးစုံဖြင့် ကျော်လွှားခဲ့ရသည့်အခြေအနေ၊ ကမ္ဘာမှာ အဆိုပါရောဂါ  လုံးဝမကင်းစင်သေးတဲ့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ အပြည့်အဝလိုက်နာရန်လိုအပ်မှု၊ လက်ရှိကာလဟာ စိန်ရတုလွတ်လပ်ရေးရဲ့ အကြိုနှစ်ဖြစ်ပြီး လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေ၊ ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့အနှစ်သာရတွေ အပြည့်အဝ ခံစားခွင့်ရစေဖို့ အားလုံးရှိသမျှ ခွန်အားနဲ့ အစွမ်းကုန်ကြိုးစားကြဖို့၊ ၂၀၂၂ ခုနှစ်ကို   ငြိမ်းချမ်းရေးနှစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာမှုရှိစေရေး အစွမ်းကုန်ကြိုးစားဖို့နဲ့ အမျိုးသားရေးရည်မှန်းချက် ၂ ခုဖြစ်သည့် နိုင်ငံတော်ကြီး သာယာဝပြောရေးနဲ့ တိုင်းပြည်စားရေရိက္ခာပေါများရေး တို့ကို  ဆောင်ရွက်ရန်၊ မိမိတို့တိုင်းပြည်အတွင်းရှိ လူတိုင်းကိုယ်စီ အေးချမ်းသာယာစွာဖြင့်   လုပ်ကိုင်စားသောက်နိုင်ရေး   တိုက်တွန်းခဲ့ခြင်းများ ရှိကြောင်း၊     အဓိက အပိုင်း ၄ ပိုင်းတွေ့ ရမည်ဖြစ်ကြောင်း-

(၁)     ကိုဗစ်-၁၉ ရောဂါသည် တစ်ကမ္ဘာလုံးကင်းစင်ရောဂါနှင့် ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများ ဆက်လက်လိုက်နာရန်၊

(၂)     လွတ်လပ်ရေး၏ အရသာ၊ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်၏ အနှစ်သာရ၊ ငြိမ်းချမ်းမှုဖြင့်   သာယာဝပြောသော အခြေအနေ  ဖန်တီးပေးနိုင်ရေး၊

(၃)     အမျိုးသားရေးရည်မှန်းချက် ၂ရပ်၊

(၄)     တိုင်းပြည်၏အား ပြည်တွင်းမှာသာရှိသည်ဟူသည့်     ခံယူချက်များ တွေ့ရမည်ဖြစ်ကြောင်း၊

ပြည်ထောင်စုနိုင်ငံတော်ကြီး၏အကျိုးကို အားလုံးလက်တွဲ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ပြောကြားခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မိန့်ခွန်းတွင် နိုင်ငံတော်အစိုးရ၊  တပ်မတော်နှင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ   အစဉ်အဆက်တောင်းဆိုလာခဲ့သည့်   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ထောင်ရေးကို ခိုင်ခိုင်မာမာအာမခံ ထားပြီးဖြစ်ကြောင်း၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက်   ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ပြီး လက်တွေ့ကျကျ ထိထိရောက်ရောက်   အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို မိမိကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုများ   ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဆွေးနွေးပွဲကို တက်ရောက်မည့်သူ  ပုဂ္ဂိုလ်များ၏ အမည်ကို ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးရန်နှင့် တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအရသာကို ခံစားနိုင်ရေး အားလုံးလက်တွဲပြီး  ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားကြရန် တိုက်တွန်းထားသည်ကို တွေ့ရပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုသား အားလုံး၏ အကျိုးကိုရှေးရှုပြီး အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊  ထိုကိစ္စနှင့် ပတ်သက်ပြီး NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့များ၊ NCA လက်မှတ်မရေးထိုးထားသည့် နဗဥ အဖွဲ့များဖြင့် မိမိတို့ ဆက်သွယ်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်သွယ်မှုများ ဆောင်ရွက်သည့် နေရာတွင် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ၁၀ ဖွဲ့ရှိပါကြောင်း၊  KNU၊ (RCSS/SSA) ၊ PNLO၊ CNF၊ KNLA၊ DKBA၊ ABSDF၊ ALP၊ NMSP၊ LDU ၁၀ ဖွဲ့ရှိကြောင်း၊ ထို ၁၀ ထဲမှ ၉ ဖွဲ့ဖြင့် အဆက်အသွယ်ရရှိပြီးဖြစ်ကြောင်း၊ တက်ရောက်နိုင်သည့် အခြေအနေကောင်းများရှိသည်ဟု ပြောလိုပါကြောင်း၊  NCA လက်မှတ်မရေးထိုးထားသည့်အဖွဲ့ ၁၁ ဖွဲ့ UWSA ၊ NDAA ၊ NSCNK ၊ KIO ၊ KIA ၊KNPP ၊ ANC ၊ SSPP ၊ TNLA ၊ MN-DAA ၊ WNO ၊ AA ထို  ၁၁ ဖွဲ့ထဲက ၈ ဖွဲ့ဖြင့် ဆက်သွယ်မှုရရှိပြီးဖြစ်ကြောင်း၊ တက်ရောက်နိုင်သည့် အခြေအနေကောင်းများ ရှိနိုင်လိမ့်မည်ဟု ကြိုတင်သတင်းကောင်းပါး လိုပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တိုင်းပြည်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် နောက်ဆုံးအချက်က အရေးပေါ်ကာလဆိုင်ရာ   ပြဋ္ဌာန်းချက် များနဲ့အညီဆောင်ရွက်ပြီးစီးပါက ပါတီစဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရေး ဖြစ်ပါကြောင်း၊    မိမိတို့အစိုးရအနေဖြင့်  ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်ပါကြောင်း ပြောကြားသည်။

ပါတီစုံဒီမိုကရေစီ စနစ်သည် တစ်နိုင်ငံလုံးကျင့်သုံးရမည့် စနစ်ဖြစ်ကြောင်း၊ ထိုစနစ်သည် ပြည်သူလူထု အားလုံးက ထောက်ခံထားသည့် စနစ်ဖြစ်ကြောင်း၊    အထွေထွေ ရွေးကောက်ပွဲ(General Election) ဆိုသည့် စကားရပ်နှင့်အညီ  တစ်နိုင်ငံလုံး အကြား အလပ်မရှိကျင်းပနိုင်ရန်   မိမိတို့ကြိုးစားဆောင်ရွက်နေကြောင်း၊   လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်၊  ပြည်သူလူထုအားလုံး မည်သည့်ခြိမ်းခြောက်မှု၊  မတရားလွှမ်းမိုးမှုမျှ မရှိဘဲမဲပေးပြီး မိမိဆန္ဒမိမိဖော်ပြနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း၊  ထိုအတွက်လည်း မိမိတို့နိုင်ငံတွင် နှစ်ကာလကြာရှည်နေပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်   ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ၊ လက်နက်ကိုင်လွှမ်းမိုးမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု၊ မတရားလွှမ်းမိုးမှုများကင်းဝေးမှသာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ ဆိုတာဖြစ်လာမည် ဖြစ်ကြောင်း၊   ထိုအခြေအနေကိုဖြစ်အောင်    မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်နေပါကြောင်း၊ ပြည်သူလူထုအားလုံးနှင့် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်ပြီး ဝေဖန်ချက် အမျိုးမျိုးရှိပါကြောင်း၊ EAO များနှင့်အကြမ်းဖက် NUG၊ PDF တို့အကြား ဖြိုခွဲတာဆိုတာမျိုး ဖြစ်ကြောင်း၊  EAO၊ PDF၊ NUG တို့အကြားဖြိုခွဲပြီး အကြမ်းဖက်မှုများကို ပိုမိုနှိမ်နင်း၍ ရအောင်လုပ်သည်ဆိုသည် မျိုးလည်းပြောကြကြောင်း၊ မိမိတို့ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့်အထဲတွင်   အကြမ်းဖက်အဖွဲ့များ မပါဝင်ကြောင်း၊ မည်သည့်အတွက်ကြောင့် မပါဝင်သည်ကို ပြောရမည်ဆိုပါက EAO အဖွဲ့များနှင့်   NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ဖြစ်တည်မှုရော၊ သမိုင်းကြောင်းရော မတူညီပါကြောင်း၊  EAO များသည် တိုင်းရင်းသားများ၏အခွင့်အရေး၊ တိုင်းရင်းသား နယ်မြေများ၏ အခွင့်အရေးကို တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ NUG၊ PDF ဆိုသည့်  အကြမ်းဖက်အဖွဲ့များ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းမှာ နိုဝင်ဘာလ ရွေးကောက်ပွဲ မဲမသမာမှုများကို တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းအရ သွားနိုင်ရန်အတွက် ဖြေရှင်းပေးရန်တောင်းဆိုခဲ့ခြင်းကို ဖြေရှင်းပေးခြင်း မရှိဘဲ လွှတ်တော်ကို အတင်းခေါ်ယူရန် ကြိုးစားသည့်အတွက် နိုင်ငံရေးအရ    အရေးပေါ် အခြေအနေ ကြေညာပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်တာဝန်ရယူခဲ့ရခြင်းကို လွှတ်တော် ကိုယ်စားလှယ်လောင်း ဆိုသူများက ပြည်သူလူထုကို   ထင်ယောင်ထင်မှားစည်းရုံး၍ အကြမ်းဖက် လုပ်ရပ်များကို လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊  အကြမ်းဖက် နည်းလမ်းကို ၎င်းတို့ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ NUG၊ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ငါနဲ့မတူ ငါ့ရန်သူ ဆိုသည့်မူကိုကိုင်စွဲပြီး EAO များပင် မလုပ်သည့်လုပ်ရပ်ဖြစ်ပြီး  လုပ်ခဲ့လျှင်ပင် တော်တော်ရှားရှားပါးပါးဖြစ်စဉ် ဖြစ်သည့် စာသင်ကျောင်းများ၊  ကျန်းမာရေးဌာနများ၊  သာသနာရေးအဆောက်အအုံများကို ဖျက်ဆီးခြင်း၊ သံဃာတော်များ၊ ဆရာ/ဆရာမများ၊  ကျန်းမာရေး ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကို   သတ်ဖြတ်ခြင်း၊ လုယက်ဓားပြတိုက်ခြင်းများကို နေ့စဉ် ရက်ဆက် မြိုင်မြိုင်ဆိုင်ဆိုင် လုပ်နေသည်ကို တွေ့နေရကြောင်း၊ မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ရွေးကောက်ပွဲပြီးကတည်းကသွားခဲ့ကြောင်း၊  သို့သော် ၎င်းတို့၏  မဲမသမာမှုများကို ဖုံးကွယ်နိုင်ရန်အတွက်  ထိုကိစ္စများကိုဆန့်ကျင်၍ ပြည်သူလူထုကိုအသုံးချပြီး ဆောင်ရွက်နေခြင်း ဖြစ်သောကြောင့် ထိုအဖွဲ့များနှင့် ဆွေးနွေးရန်အကြောင်းလုံးဝ မရှိကြောင်း၊ ထို့ကြောင့် EAO အဖွဲ့များနှင့် NUG၊ PDF အကြမ်းဖက်အဖွဲ့များသည်   ရပ်တည်ချက်ရော၊ သမိုင်းကြောင်းပါမတူညီကြောင်း၊ အချို့ EAO အဖွဲ့များအနေဖြင့် NUG၊ PDF အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊   ထိုအဖွဲ့များအနေဖြင့် ဆက်လက်ပူးပေါင်းနေမည် ဆိုပါက ထိုနဗဥ များ၏နယ်မြေများသာလျှင် နစ်နာမှုရှိမည်ဟုပြောလိုကြောင်း၊ လက်တွေ့တွင်လည်း ယခင်ကငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်မှု ရရှိနေသည့် တိုင်းရင်းသားနယ်မြေအချို့တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည်ကို  တွေ့ရကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများသာလျှင် နစ်နာနေသည်ကိုတွေ့ရမည် ဖြစ်ကြောင်း၊  တချို့နေရာများ တွင်လည်း သဘောထားကွဲလွဲမှုများရှိနေသည်ကို တွေ့ရကြောင်း၊ ဥပမာပြောရမည်ဆိုပါက ဒီးမော့ဆိုမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရန် NUG ၏  လုပ်ဆောင်မှုကို ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့တွင် KNPP က ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်ကိုလည်းတွေ့ရကြောင်း၊   ကရင်ပြည်နယ် KNU ဘက်က နော်မေဦးရေးသားထားသည့် NCA အစုအဖွဲ့များ၏ နိုင်ငံရေးရိုးသားမှုကို ဆန်းစစ်ခြင်း ဆိုသည့်စာတမ်းကို ဖတ်ကြည့်မည်ဆိုပါက တချို့အရာများကို ရိပ်မိနိုင်မှာဖြစ်ကြောင်း၊ မိမိအနေဖြင့် သတိထားရမည့် သမိုင်းကြောင်းတစ်ခုကို ပြောလိုကြောင်း၊   ဗကပ ဗဟို ပဲခူးရိုးမမှ အရှေ့မြောက် ဒေသ ရောက်ရှိသွားသည့် အချိန်တွင် ထိုဒေသတွင် မည်ကဲ့သို့ဖြစ်ခဲ့သည် ဆိုသည့်သမိုင်းနှင့် ဗကပများ အဆိုပါဒေသတွင် ချုပ်ငြိမ်းသွားမှု သမိုင်းများသည် လေ့လာစရာကောင်းသည်ဟု    ပြောလိုကြောင်း ပြောကြားသည်။

နံပါတ်သုံးအချက်အနေဖြင့်   ကမ္ဘောဒီးယားနိုင်ငံ၊  နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ အကြီးအကဲ H.E.Dr.KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ တင်ပြလိုကြောင်း၊   အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည်  ၂၀၂၂ ခုနှစ်အတွင်း မတ်လ ၂၁ ရက်နေ့တွင် ၁ ကြိမ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ၁ ကြိမ် ထပ်မံရောက်ရှိခဲ့ကြောင်း၊ ယခုခရီးစဉ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ (Task Force) ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံခဲ့သကဲ့သို့ နိုင်ငံခြားရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊  ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီးတို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ဆောင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စသက်သက်ကိုသာ အလေးထားလုပ်ဆောင်ရေး၊ မြန်မာနိုင်ငံအနေဖြင့် မည်သူ့ကိုမျှချန်လှပ်မထားစေရေး မူဝါဒကို အလေးထား၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အာဆီယံနှင့်ပြင်ပ မိတ်ဖက်အဖွဲ့အစည်း များအနေဖြင့်  လုပ်ငန်းများနှင့် ဦးဆောင်ဦးရွက်ပြုမှု အားလုံးသည်   မြန်မာနိုင်ငံအစိုးရ၏ လုပ်ငန်းစဉ်နှင့် မူဘောင်များနှင့် အညီသာ ဖြစ်သင့်မှု အခြေအနေတို့ကို  ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

ဧပြီလ ၂၀ ရက်တွင်   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန ဧည့်ခန်းမ၌ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း၊ တွေ့ဆုံရာ၌  ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်မည့် အခြေအနေနှင့်  လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို   ရှင်းလင်းပြောကြားခဲ့ကြောင်း၊  မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်  ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး ကိစ္စနှင့် လက်ရှိအခြေအနေများအပေါ်  ဖြေရှင်းနိုင်ရန် စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲများ ကျင်းပရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း၊ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်  အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊  နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အကူအညီပေးနေသည့် အလှူရှင်အဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးမှ တတ်သိပညာရှင် များနှင့် ကျွမ်းကျင်သူများအား   ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဆင့်ဆင့်တွင်   အပြုသဘောဆောင်၍ ပူးပေါင်းဆောင်ရွက်ရန်၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်  ငြိမ်းချမ်းရေး ပိုမိုခိုင်မာလာစေရန်၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့်လည်း   NCA တွင်ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားရန်ဟု ပါရှိကြောင်း ပြောကြားသည်။

အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ကြိုတင်ကန့်သတ်ချက် မထားရှိဘဲ လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်စေရန် အမြဲတံခါးဖွင့် ကြိုဆိုထားကြောင်း၊ ကော်မတီအနေဖြင့် အမြဲအသိပေးနေသကဲ့သို့ နိုင်ငံတော်အစိုးရ အနေနှင့်လည်း  တရားဝင်ထုတ်ပြန်ကြေညာထားပြီး ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ညှိနှိုင်းရေးကော်မတီ အနေဖြင့် NCA ထိုးထားသည့် EAO များနှင့်သာမက NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့် EAO အဖွဲ့များ နိုင်ငံရေး ပါတီများနှင့်ပါ မကြာခဏ အလွတ်သဘော တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊ တဖြည်း ဖြည်းဖြင့် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်နိုင်စေရန် စည်းရုံးဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှု ဖြစ်ပွားခဲ့သည့်အတွက် တပ်မတော်က နိုင်ငံတော်တာဝန်ရယူခဲ့ခြင်းအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လူသားခြင်းစာနာထောက်ထားမှု ခေါင်းစဉ်ဖြင့် ၎င်းတို့နယ်မြေအတွင်း လက်ခံထားရှိသည့် PDF/NUG အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များနှင့် မြို့ရွာများကို အန္တရာယ်ပြုနေသည့် လုပ်ရပ်များ အကြောင်းကိုလည်း မိမိတို့ပြောခဲ့ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကို  ကူညီထောက်ပံ့မှုများမပြုလုပ်ရန် တိုက်တွန်းပြောကြားပေးစေ လိုကြောင်းကိုလည်း မိမိတို့ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုအားလုံး၏ ရလဒ်များအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏   အထူးကိုယ်စားလှယ်နှင့်    အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာရောက်စဉ်ကပင်   မိမိတို့မြန်မာနိုင်ငံ၏   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပါဝင်ကူညီ ဆောင်ရွက်မည် ဆိုသည့်ကိစ္စကိုလည်း  မြန်မာနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၏  မူဝါဒများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောလိုကြောင်း ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မိမိတို့နိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ ၇၅ နှစ် ပြည့်မြောက်ပြီ ဖြစ်ကြောင်း၊  သို့သော်မိမိတို့နိုင်ငံသား  ပြည်သူလူထုအနေဖြင့်   လွတ်လပ်ရေး၏အရသာ၊ ဒီမိုကရေစီ၏ အရသာကို   အပြည့်အဝခံစားရခြင်း မရှိသေးကြောင်း၊  ထို့ကြောင့် ဒီမိုကရေစီကို  ပြည့်ဝစွာခံစားနိုင်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှရမည်ဖြစ်ကြောင်း၊    မိမိတို့အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့်လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို  ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏   ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေး  (Peace and Development)ကို  အထောက်အကူဖြစ်စေမည့် မည်သည့်မိတ်ဆွေနိုင်ငံ၊ မည်သည့်မိတ်ဖက်အဖွဲ့အစည်းများ၏ ကူညီမှု၊ အကျိုးဆောင်မှုကိုမဆို  အမြဲကြိုဆိုကြောင်းကိုလည်း ထည့်သွင်းပြောကြားလိုကြောင်း ပြောကြားသည်။

နံပါတ်လေးအချက်အနေဖြင့်  ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ပြောကြားသွားမည်ဖြစ်ကြောင်း၊    နိုင်ငံတိုင်း၏ အမျိုးသားအကျိုးစီးပွားကို   အကောင်အထည်ဖော်ရာတွင် အားလုံးလက်ခံထားသည့် အချက် ၁ ချက်ရှိကြောင်း၊ ထိုအချက်မှာ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ကြောင်း၊   ထိုအချက်မှာလည်း ပညာရေး အပေါ် အဓိကမူတည်ကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျောင်းများ ပိတ်ထားရသည့်အတွက် ကျောင်းသား၊ မိဘနှင့် နိုင်ငံတော် အတွက် ဆုံးရှုံးမှုများ ရှိသဖြင့် ကျောင်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်   ပညာတတ်များလိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေးနဲ့ ပတ်သက်၍   အားပေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားများ ပညာတတ်စေရန်အတွက် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများက လေ့ကျင့်သင်ကြား  ပေးရန်လိုကြောင်း၊ ယခုအခါ   ကျောင်းမတက်ရန်အတွက် အချို့သူများက ခြိမ်းခြောက်ဆောင်ရွက်ပြီး အဖျက်လုပ်ငန်းများလုပ်ဆောင်နေမှုသည်   နိုင်ငံအားဖျက်ဆီးနေခြင်းပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာတတ်များ ပေါများလာမည်ကို နိုင်ငံရေးလုပ်စားသူများ ကမလိုလားဘဲ  ပြည်သူများဒုက္ခရောက်အောင်   လုပ်ဆောင်နေခြင်းပင်ဖြစ်ပြီး မိုက်မဲသည့် လုပ်ဆောင်ချက်ပင်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊   မိမိတို့နိုင်ငံ၏ ပညာရေးအခြေအနေကို ပြောလိုကြောင်း၊  ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အသက် ၅ နှစ်နှင့် အထက် လူဦးရေ၏ ၈.၁ ရာခိုင်နှုန်း(လူဦးရေ ၄ သန်းခန့်)မှာ ကျောင်းမနေခဲ့ဖူးသည်ကိုတွေ့ရကြောင်း၊   အသက် ၂၅ နှစ်အထက် ကျောင်းမနေဖူးသူ ၉ သိန်း ၆ သောင်းခန့်ရှိကြောင်း၊     မူလတန်းကြိုနဲ့ မူလတန်းအဆင့်ရှိသူ ၁၁.၈ သန်းခန့်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတွင် ၂၀၁၉ ခုနှစ်  ကြားဖြတ်သန်းခေါင်စာရင်းအရ  မူလတန်းအဆင့်   ပညာရေးသာရှိသူ ၁၂.၉၇ သန်းခန့်ရှိသည်ကို တွေ့ရကြောင်း၊  အလယ်တန်းအဆင့် ပညာရေးရှိသူ ၅.၄ သန်းခန့်ရှိသည်ကိုလည်း တွေ့ရကြောင်း၊ အားလုံးပေါင်းမည်ဆိုပါက  အလယ်တန်းအဆင့်နှင့်အောက်  ပညာရေးသာရှိသူ ၁၈.၂ သန်းခန့်ရှိကြောင်း၊  နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံဖြစ်ကြောင်း၊  ထို့ကြောင့် မိမိတို့၏ အမျိုးသားပညာရေးကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊    နိုင်ငံရေးလုပ်စားသူများက စစ်ကျွန်ပညာရေးဟုခေါင်းစဉ်ပြ၍ ဝါဒမှိုင်းတိုက် ခဲ့ကြောင်း၊  အစိုးရအနေဖြင့် ကျောင်းသား၊ မိဘ၊   ဆရာတို့အပေါ် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုကြားမှ ပြည်သူပါဝင်သည့် လုံခြုံရေးအာမခံချက်များ ရယူ၍ ကျောင်းများဖွင့်လှစ်ရေး လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင်  နိုင်ငံတစ်ဝန်းလုံးရှိ  စာသင်ကျောင်းများ စတင်ဖွင့်လှစ် ခဲ့ကြောင်း၊   ကျောင်းစတင်ဖွင့်လှစ်မှု အနေဖြင့် မြန်မာနိုင်ငံမှာ အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၆၁၇၈ ကျောင်းရှိသည့်အနက်  ၅၂၀၉ ကျောင်း၊ အလယ်တန်းအဆင့် ကျောင်းပေါင်း ၁၂၇၈၆ ကျောင်း၊ မူလတန်းအဆင့်ကျောင်းပေါင်း ၂၁၂၄၇ ကျောင်း၊ စုစုပေါင်း အခြေခံပညာအဆင့် ကျောင်းပေါင်း ၄၇၇၆၀ ကျောင်းအနက် ၃၉၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊  ကျောင်းတက်ရောက်မှု အနေဖြင့် (၄၂ သိန်းကျော်) တက်ရောက်ခဲ့ကြောင်း၊  ၈၁ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာအဆင့်အတန်းတင် စာမေးပွဲများကို   မတ်လနောက်ဆုံး အပတ်နှင့်ဧပြီလပထမအပတ်တို့တွင် ယခင်လျာထားသည့်အတိုင်း စစ်ဆေးမေးမြန်းမှုများ   ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊  ကျောင်း တက်ရောက် သည့်အတိုင်း ရာခိုင်နှုန်းပြည့် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အလိုက်   စာရင်းပေးသွင်း သူများအနက် (၉၀.၁၈)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ နိုင်ငံတော်၏အနာဂတ်အတွက် ကျောင်းသား/ကျောင်းသူများ စာမေးပွဲအောင်ရုံသာမက ရာနှုန်းပြည့် အမှန်တကယ်တတ်မြောက်စေရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် ပညာသင်နှစ်တစ်လျှောက် မြို့နယ်ပေါင်း ၁၇၇ မြို့နယ်၌ အကြမ်းဖက် လုပ်ရပ်များကြောင့် စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦ  ဖျက်ဆီးခံရမှု ( ၅၀၀ ကျော်) နှင့် ပညာရေးဝန်ထမ်း ၃၇ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး   ဒဏ်ရာရရှိခဲ့ကြောင်း၊   ကလေးများ၏အနာဂတ်ပျောက်အောင်  ပြည်ဖျက်မီဒီယာများ ကလည်း အားပေးအားမြှောက်ပြုခဲ့သည်ကို တွေ့ရကြောင်း၊    ထိုသို့လှုံ့ဆော်ရုံသာမက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများနှင့်   စာဖြေဌာနများကို ဗုံးပစ်ခြင်း၊  မိုင်းခွဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဥပမာပြောရမည်ဆိုပါက    ရေဖြူမြို့၊ ကျောက်တိုင်လမ်းတွင်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းအား အင်္ဂလိပ်စာဘာသာရပ်  စာမေးပွဲဖြေဆိုသည့်နေ့တွင် လက်လုပ်အသံဗုံးဖြင့်  လာရောက်ပစ်ခတ်ခဲ့သဖြင့် ပေါက်ကွဲမှု ဖြစ်ပွားသည့် ဖြစ်စဉ်ဖြစ်ခဲ့ကြောင်း၊  ရေစကြိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ကိုလည်း    တွေ့ရကြောင်း၊ ထို့အတူ ချင်းပြည်နယ်၊ မတူပီမြို့၊ အခြေခံပညာမူလတန်းကျောင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့၊ ကံပေါက်ကျေးရွာ၊ ကံပေါက်အခြေခံပညာ အထက်တန်းကျောင်း တွင်လည်း   စာမေးပွဲဖြေဆိုနေစဉ်တွင် လာရောက်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရကြောင်း၊  နမူနာအချို့ကိုသာ မိမိထုတ်ပြခြင်း ဖြစ်ကြောင်း၊ အချို့သောလူငယ်များ၏ အနာဂတ်ကို   လမ်းပျောက်စေရန်နှင့်   တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်လာမှုကို မနာလိုစိတ်ပြင်းထန်သည့် အောက်လုံး မီဒီယာများနှင့် နိုင်ငံရေးသမားများ၏ လက်ချက်သာ   အဓိကဟု ပြောလိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်

စာရင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း ထုတ်ပြန်သွားမည်ဖြစ်ပြီး  ထုတ်ပြန်မည့်ရက်ကို ထပ်မံကြေညာသွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များကို ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ နေ့စဉ်ထုတ် သတင်းစာများနှင့် TV သတင်းများတွင်လည်း ကျောင်းများဖွင့်လှစ်နိုင်မှုနှင့် အဝေးသင် တက္ကသိုလ်များ ဖွင့်လှစ်နိုင်မှုတို့ကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းမပါ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း၊  မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး  ဇွန်လ ၂ ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်   လျာထားကြောင်း၊ ဒီမိုကရေစီစနစ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်နှင့်ခံစားနိုင်ရန် ပြည်သူ လူထု၏   ပညာရည်မြင့်မားရန်လိုအပ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍    မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က တိုင်းပြည် အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံးဖြစ်သည်။  ဒီမိုကရေစီစနစ်အောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရားလုံလောက်အောင်ရှိကြရမည်။ အသိဉာဏ်ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာဖြစ်စေမည် ဟု ပြောခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရကြောင်း၊  ထို့ကြောင့် တိုင်းပြည်၏ ပညာရေးကို ဟန့်တားနှောင့်ယှက်နေခြင်းသည် ဒီမိုကရေစီစနစ်ကို ဟန့်တားခြင်း၊ ဖျက်ဆီးခြင်းပင်ဖြစ်သည်ဟု ပြောလိုကြောင်း ပြောကြားသည်။                                            

နံပါတ်ငါးအချက်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပြီးစီးမှု အခြေအနေကို ပြောကြားသွားမည် ဖြစ်ကြောင်း၊   ကျန်းမာရေးနှင့် ပတ်သက်၍  မိမိတို့အစိုးရ၏ မူဝါဒမှာ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ လက်တွေ့ကျကျ၊ မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ ဆိုသည့် မူဝါဒကို နိုင်ငံတော်အကြီးအကဲက မူဝါဒချမှတ် ပေးထားကြောင်း၊  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများကို တင်ပြသွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့အထိ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူမှု၊ လှူဒါန်းမှု၊ လက်ခံရရှိမှု Dose အရေအတွက်  (၆၆.၁၃ သန်းကျော်)ရှိကြောင်း၊  ထိုးနှံပြီး Dose အရေအတွက်မှာ (၅၃.၇၅ သန်းကျော်)ဖြစ် ကြောင်း၊  တစ်ကြိမ်ထိုးနှံပြီးသူအရေအတွက် (၆.၇၄ သန်းကျော်)ဖြစ်ကြောင်း၊ အကြိမ် ပြည့်ထိုးနှံပြီးသူအနေဖြင့် (၂၂.၈၆ သန်းကျော်)ဖြစ်ကြောင်း၊  အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းရှိ  အခြေခံပညာဦးစီးဌာန အလယ်တန်း/အထက်တန်း ကျောင်းသား/ကျောင်းသူများအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်၍  ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း၊  တစ်နိုင်ငံလုံးတွင်  အသက် ၁၅ နှစ်နှင့် ၁၈ နှစ်အထိ ရည်မှန်းလူဦးရေ (၃)သန်းကျော်ရှိကြောင်း၊ ထိုသူများအနက် အသက် ၁၂ နှစ်နှင့် ၁၈ နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား^ကျောင်းသူ (၁.၅)သန်းကျော် ထိုးနှံပြီးဖြစ်သည့်အတွက် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်အတွင်းရှိ ကျောင်းသား^ ကျောင်းသူ  ၇၉၁၄၅၄ ဦး (၇)သိန်း (၉)သောင်းကျော်ခန့် ထိုးနှံပြီးစီးပြီဟု ခန့်မှန်းရကြောင်း၊ ပြည်သူလူထုအတွင်း အသက် ၁၅  နှစ်မှ ၁၈ နှစ်အတွင်း ၂၂၇၁၀၀၇ ဦး (၂.၂)သန်းကျော်ခန့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေကြောင်း၊  ကျောင်းတက်ခြင်းမရှိသည့် အသက် ၁၅ နှစ်မှ ၁၈ နှစ်အထက်လူငယ်များသည် ပြင်ပတွင် အလုပ်လုပ်ကိုင်နေသူများပြားသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်နိုင်ခြေများသည့် အသက်အုပ်စုလည်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ပြည်သူလူထုအတွင်း အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း လူဦးရေအားလုံးကို   ကာကွယ်ဆေးထိုးနှံရန်အတွက်  ပထမအကြိမ်ကို ၁၇-၄-၂၀၂၂ ရက်နေ့မှ ၂၃-၅-၂၀၂၂ ရက်အထိ ဒုတိယအကြိမ် ဆေးထိုးနှံရန်အတွက် ၂၄-၅-၂၀၂၂ ရက်မှ ၂၀-၆-၂၀၂၂ ရက်အထိ   ထိုးနှံပေးရန်လျာထားကြောင်း၊ ချုံ့ပြီးပြောရလျှင် ယခင်ကအသက်၁၈ နှစ် အထက်ကို ကာကွယ် ဆေးထိုးနှံခဲ့ကြောင်း၊ ယခုအချိန်တွင် အသက်  ၁၅ နှစ်အထိလျှော့ချပြီး ၁၅ နှစ်နှင့်အထက် ပြည်သူလူထုအားလုံးကို  ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကလည်း    အားလုံးဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုကြောင်း၊    လက်ရှိတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံလွှမ်းခြုံမှု မြင့်မားလာသည်နှင့်အမျှ မိမိတို့ ပြည်သူ/ပြည်သားများ  ရောဂါဖြစ်ပွားသေဆုံးမှုကို  တားဆီးကာကွယ်နိုင်သည့်  အကျိုးရလဒ်များရရှိမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ကာကွယ်ဆေးအပြည့် ထိုးနှံမှု ကြိုးစားဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက် PDF အမည်ခံအဖွဲ့များကြောင့်  နယ်မြေမငြိမ်မသက်ဖြစ်နေသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၏ အချို့နေရာများတွင် ကာကွယ်ဆေးထိုးနှံရန်  ကျန်ရှိနေကြောင်း၊  ၂၀၂၂ ခုနှစ်၊ ဧပြီလနှင့်မေလတွင် ကာကွယ်ဆေး  ထိုးရမည့်သူများအားလုံးကို ၁၀၀ ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးစွမ်းအားမြင့် Booster Doses ထိုးနှံနိုင်ရေးအတွက်  ထိုးနှံပြီးသူ ၁.၂၈ သန်းကျော်   ရှိပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးများ  ရရှိနိုင်ရန်အတွက်နိုင်ငံတော်အကြီးအကဲ၏   လမ်းညွှန်ချက်အရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုရေတိုစီမံချက်အနေဖြင့်   Sinopharm China National Biotech Group မှ ထုတ်လုပ်သည့်    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  Ready  to Fill  Bulk အနေဖြင့်ဝယ်ယူပြီး ပုလင်းသွင်း ဖြည့်တင်းခြင်းကို အောင်မြင်စွာ ဆောင်ရွက်လျက် ရှိကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများတွင် အာဆီယံဒေသ၌  မြန်မာနိုင်ငံအပါအဝင် ထိုသို့လုပ်ဆောင်ခြင်းကို   ၅ နိုင်ငံသာ ဆောင်ရွက်နိုင်ခြင်း ဖြစ်ကြောင်း၊   ယခုကဲ့သို့ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထုတ်လုပ်ရေးလုပ်ငန်းကို  ပြည်တွင်းတွင် အောင်မြင်စွာဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA)၏ ကာကွယ်ဆေး မှတ်တမ်းတင်ခြင်းထောက်ခံစာ  (Drug Notification Certificate)ကို(၂၅-၄-၂၀၂၂) ရက်နေ့တွင်  ရရှိပြီးဖြစ်သည့် အတွက် (၂၉-၄-၂၀၂၂) ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီးဌာနသို့ Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Doses တစ်သန်းစတင် ပေးပို့သွားမည် ဖြစ်ပါကြောင်း၊  ကာကွယ်ဆေးကို ပြည်တွင်းမှ ထုတ်လုပ်နိုင်ပြီး  ပြည်သူများကိုလည်း ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ယခင်ကထက် ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင် တော့မည်ဟု   သတင်းကောင်းပါးလိုကြောင်း ပြောကြားသည်။

နံပါတ်ခြောက်အနေဖြင့် စွမ်းအင်ကဏ္ဍဖြစ်ကြောင်း၊ လက်ရှိကမ္ဘာပေါ်တွင် ရေနံစိမ်း ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း၊ ရုရှားနှင့် ယူကရိန်းပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံ ဈေးကွက်မြင့်တက်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုရိုက်ခတ်မှုသည်  အစိုးရအပေါ် ထိုးနှက်ချင်သူများက ကမ္ဘာပေါ်တွင်ဖြစ်ပျက် နေသည့်  ကမ္ဘာ့ရေနံဈေးနှုန်း အပြောင်း အလဲကိုလျစ်လျူရှုပြီး မိမိတို့တစ်နိုင်ငံတည်း ပြတ်လပ်နေသလို၊ ဈေးနှုန်းမြင့်နေသလို  လုပ်ဆောင်နေကြသည်ကို တွေ့ရကြောင်း၊ မိမိတို့ အိမ်နီးချင်းဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြီးကြည့်၍ရကြောင်း၊  အာဆီယံတွင်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးဖြစ်သည့် စင်ကာပူနိုင်ငံဆိုလျှင် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ဓာတ်ဆီဈေးနှုန်းအရ  95 ၁ လီတာကို စင်ကာပူဒေါ်လာ ၂.၉၃၁ ခန့် (မြန်မာငွေ ၃၉၆၇ ကျပ်ခန့်) တစ်ဂါလန်လျှင် စင်ကာပူငွေ ၁၃.၁၉ ဒေါ်လာခန့်(မြန်မာ ငွေ ၁၇၈၅၂ ကျပ်ခန့်)၊ ဈေးနှုန်းပေါက်သည် ကိုတွေ့ရကြောင်း၊  ထိုင်းနိုင်ငံဆိုလျှင်  95 ၁ လီတာကို ၄၆.၉၇ ဘတ်ခန့် (မြန်မာငွေ ၂၅၅၉ ကျပ်)၊ တစ်ဂါလန်လျှင် ထိုင်းငွေ ၂၁၁.၃၇ ဘတ်ခန့် (မြန်မာငွေ ၁၁၅၁၆ ကျပ်ခန့်) ဈေးနှုန်းရှိသည်ကိုတွေ့ရကြောင်း၊  မိမိတို့နိုင်ငံအတွင်းရှိ ဓာတ်ဆီ ၁ လီတာ ၂၀၀၀ ကျပ်ခန့်(တစ်ဂါလန်လျှင် ၉၀၀၀ ကျပ်ခန့်) ဈေးနှုန်းဝန်းကျင်နှင့်  နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ပါကြောင်း၊  ၎င်းတို့နှင့်ပတ်သက်ပြီး အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် ပြုလုပ်သွားမည် ဖြစ်သလို စက်သုံးဆီ အသုံးပြုမှုကိုခြိုးခြံချွေတာရမည် ဖြစ်ကြောင်း ပြောကြားသည်။

ပြည်တွင်း စက်သုံးဆီဖူလုံရေးနှင့် စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် အစိုးရအနေဖြင့်  ဆောင်ရွက်လျက် ရှိကြောင်း၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်  ဆောင်ရွက်ထားရှိမှုအနေဖြင့် မြန်မာနိုင်ငံတွင် ကုန်းတွင်းနှင့် ကမ်းလွန်ရေနံနှင့်သဘာ၀ ဓာတ်ငွေ့များထုတ်လုပ်နိုင်ရန် အထူးသဖြင့် ကုန်းတွင်းရေနံတွင်း ဟောင်းများကို စွမ်းရည် မြှင့်တင်တိုးတက်ထုတ်လုပ်မည့် လုပ်ငန်းများတွင်  ရင်းနှီးမြှုပ်နှံ၍ ရေနံထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် ကမ္ဘာပေါ်တွင် ရေနံနှင့်ရေနံထွက်ပစ္စည်းများ အဓိကထုတ် လုပ်တင်ပို့ ရောင်းချနေသည့် ရုရှားနိုင်ငံနှင့် လည်းကောင်း၊  ရုရှားနိုင်ငံဦးဆောင်ပြီး ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်နှင့်  အာမေးနီးယားနိုင်ငံများက အဖွဲ့ဝင်အဖြစ် ပါဝင်သည့်  ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (Euro-Asia Economic Union)အဖွဲ့ နှင့်လည်းကောင်း စဉ်ဆက်မပြတ်ဆွေးနွေး ညှိနှိုင်း၍ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆွေးနွေးလျက်ရှိကြောင်း၊ အထူးသဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကမ္ဘာ့ထိပ်တန်း ရေနံကုမ္ပဏီများနှင့်  လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှတာဝန်ရှိသူများ စဉ်ဆက်မပြတ် ဆွေးနွေးလျက်ရှိကြောင်း၊  ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာ-ဥရောပ အာရှစီးပွားရေးကော်မရှင် အကြား နှစ်ဖက်အစိုးရ-ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များပါဝင်သည့် ဆွေးနွေးပွဲတွင် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ကုမ္ပဏီကြီးများ တက်ရောက်ခဲ့ကြပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ရေးကဏ္ဍတွင်လည်း ပူးပေါင်းဆောင် ရွက်ရေးနှင့် လျှပ်စစ်ကဏ္ဍဖြန့်ဖြူးရေးကိစ္စရပ် များအပေါ်ဆွေးနွေးခဲ့ကြောင်း၊ မကြာမီတွင် လည်း ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ ထိပ်တန်း ရေနံနှင့် စွမ်းအင်ကုမ္ပဏီများနှင့် ဆွေးနွေးပွဲ တစ်ရပ်ကျင်းပပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးသွားရန်ရှိ ကြောင်း၊  ဒီဇယ်နှင့်ဓာတ်ဆီကို ပြည်ပက တင်သွင်းရန်လိုအပ်သည့် နိုင်ငံခြားသုံးငွေ များ စနစ်တကျရောင်းချပေးနိုင်ရန် နိုင်ငံခြား သုံးငွေကြီးကြပ်မှု ကော်မတီ အနေဖြင့်လည်း  စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း ပြောကြားသည်။

စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးဆောင်ရွက်မှု  နှင့်ပတ်သက်ပြီး လုပ်ငန်းအသေးစိတ်များကို သတင်းမီဒီယာအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့က အသေးစိတ်ကိန်းဂဏန်း အချက်အလက်များနှင့် အသေးစိတ်ပြောပြီး ဖြစ်ကြောင်း၊  တိုင်းပြည်အတွင်းတွင်  အရန်စက်သုံးဆီများ အလုံအလောက်ရှိကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး ဈေးကစား ချင်သည့် ကောလာဟလ သတင်းမျိုးစုံလွှင့်နေသည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် အသိပေးသင့်သည်များ၊ သတိပေးသင့်သည်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနအနေဖြင့် သက်ဆိုင်ရာကော်မတီ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း MPTA တို့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်၏စွမ်းအငလိုအပ်ချက်နှင့်     စွမ်းအင်လုံခြုံရေး အာမခံချက်ရှိစေရန်  စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း၊ စက်သုံးဆီ၊ လျှပ်စစ်အပါအဝင် စွမ်းအင်ကဏ္ဍနှင့် ပတ်သက်ပြီး ယခုလက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန် ထိရောက်သည့် အစီအမံများကိုလည်း ဆောင်ရွက်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း၊  ပြည်သူများအနေဖြင့် စိုးရိမ်စိတ် မလွန်ကဲရန်  ထပ်မံအသိပေး ပြောကြားလိုကြောင်း ပြောကြားသည်။

နံပါတ်ခုနစ်အနေဖြင့်  အားကစားကိစ္စ ဖြစ်ကြောင်း၊  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်များရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက ကျန်းမာရေးဆိုရာတွင် အားကစား၊ ကြံ့ခိုင်ရေးတို့နှင့် ဆက်စပ်နေပါကြောင်း၊ အားကစားများ ပြုလုပ်မှသာ  ကျန်းမာကြံ့ခိုင်မှု ရှိမည်ဖြစ်ကြောင်း၊  အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းသည် စိတ်ဓာတ်မြှင့်တင်ရေး ဆောင်ရွက်ပေး ခြင်းပင်ဖြစ်ကြောင်း၊ အားကစားမြှင့်တင်ခြင်း သည် နိုင်ငံ့ဂုဏ်ကိုတက်စေကြောင်း၊ ကာယ စွမ်းပကားသာမက စိတ်ဓာတ်စွမ်းပကားပါ မြှင့်တင်ပေးရာဖြစ်ကြောင်း၊ အားကစား မြှင့်တင်မည်ဆိုက လူငယ်များ၏ အင်အားသည် အဓိကကျသည့်အတွက် လူငယ်နှင့် အားကစားကဏ္ဍကို အားပေးဆောင်ရွက်သွားမည် ဟုဆိုပြီး လမ်းညွှန်မှာကြားခဲ့တာရှိကြောင်း၊ ထို့ကြောင့်  အားကစားကဏ္ဍကို မြှင့်တင်ပေးခြင်းအားဖြင့်   နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့်   နိုင်ငံသူနိုင်ငံသားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်အားကစားကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ်အတွင်းတွင်  မိမိတို့ နိုင်ငံအနေဖြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲ ၄ ပွဲရှိကြောင်း၊ ပထမပြိုင်ပွဲမှာ အိမ်ရှင်ဗီယက်နမ် နိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဖြစ်ကြောင်း၊ အားကစားနည်း ၄၀ နှင့် ကျင်းပသွားမှာဖြစ်ကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၈ မျိုးဝင်ရောက် ယှဉ်ပြိုင်ရန်လျာထားကြောင်း၊ ထိုအားကစား ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအပါအဝင် အုပ်ချုပ်မှုအဖွဲ့ (၃၆)ဦး၊ အုပ်ချုပ်/နည်းပြ (၉၇)ဦး၊ အားကစား သမား(၂၉၃)ဦး စုစုပေါင်း (၄၂၈)ဦး သွား ရောက်ယှဉ်ပြိုင်ရန်  စီစဉ်ထားကြောင်း၊ အားကစားသမားများကို  ၂၀၂၁  ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် အားကစားနည်း ၁၃ နည်း၊ ရန်ကုန်တွင်  အားကစားနည်း ၅ နည်းကို  စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း ပြောကြားသည်။

ဒုတိယပြိုင်ပွဲမှာ  SEA GAMES ပြိုင်ပွဲ အပြီး ၂ ပတ်အကြာ ဗီယက်နမ်နိုင်ငံတွင် ဆက်လက်လက်ခံ ကျင်းပသွားမည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစား ပြိုင်ပွဲဖြစ်ကြောင်း၊  ပြိုင်ပွဲအားကစားနည်း (၁၁)မျိုးကို မြန်မာနိုင်ငံမှအားကစားနည်း (၇)မျိုး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊  တတိယပြိုင်ပွဲမှာ (၁၉)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲဖြစ်ကြောင်း၊  ထိုပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ဟန်ကျုံးမြို့တွင်  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ အားကစားနည်း(၄၀)နည်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့နိုင်ငံကပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ စတုတ္ထပြိုင်ပွဲမှာ (၃)ကြိမ်မြောက် အသက်(၁၈)နှစ်အောက် အာရှ လူငယ်အားကစားပြိုင်ပွဲဖြစ်ကြောင်း၊ ထိုပြိုင်ပွဲ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်တုံမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ အားကစားနည်း (၁၈)နည်းနှင့် ကျင်းပသွားမှာဖြစ်ပါကြောင်း၊  မိမိ တို့ နိုင်ငံအနေဖြင့် အားကစားနည်း(၉)နည်း ပါဝင်ယှဉ်ပြိုင်သွားရန် ရည်မှန်းထားကြောင်း ပြောကြားသည်။

အားကစားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားနည်းစနစ်များ သာမက အားကစားကွင်းများ၊ အားကစားရုံများ အဆင့်မီစွာ ရှိရေးသည်လည်း အဓိကကျသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ဘဏ္ဍာရေး(၅)နှစ် စီမံကိန်းတွင် အားကစားကွင်း(၃၀) အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ၊  အားကစားရုံ မရှိသေးသည့် မြို့နယ်များအတွက် ၂ ထပ်လျှာထိုးကြမ်းခင်းပါ အားကစားရုံ (၂၆)ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ဒိုင်ဗင်ကန်ပါ အဆင့်မီရေကူးကန်(၄)ခု တည်ဆောက်ခြင်း လုပ်ငန်းများ၊  မီတာ(၄၀၀)ပြေးလမ်းကို Synthetic Track ပြေးလမ်းခင်းခြင်းနှင့်   အသစ်လဲလှယ်ခြင်းလုပ်ငန်း(၇)ခု၊  အားကစားဥယျာဉ်စီမံကိန်း (၄)ခုတည်ဆောက်ခြင်း လုပ်ငန်းများ၊ အားကစားသိပ္ပံကျောင်း (၄)ကျောင်း တည်ဆောက်ခြင်းလုပ်ငန်းများ၊ အားကစားလေ့ကျင့်ရေးစခန်း(၇)ခု တည်ဆောက်ခြင်း လုပ်ငန်းများကို စီမံကိန်း ကာလအတွင်း  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အားကစားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို  ကောက်ရိုးမီးကဲ့သို့ ခဏတာဆောင်ရွက်ပေးခြင်းမဟုတ်ဘဲ စဉ်ဆက်မပြတ် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ပြောကြားလိုကြောင်း ပြောကြားသည်။

နံပါတ်ရှစ်အနေဖြင့်  ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို   ပြောကြားလိုကြောင်း၊ ယနေ့အကြမ်းဖက်မှု ဖြစ်စဉ်များ နှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းသာယာ လာစေရန် လုံခြုံရေးကဏ္ဍများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊  ထိုသို့ဆောင်ရွက်သည့်နေရာတွင် ပြည်သူလူထု၏ အကူအညီ လိုအပ်မှာဖြစ်ကြောင်း၊  မိမိတို့အနေဖြင့် ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အချို့နေရာများတွင်လည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့လုံခြုံ ရေးစနစ်သည်  တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေးအထောက်အကူပြုအဖွဲ့ အစည်းများ သာမကဘဲ ပြည်သူများကိုယ်တိုင် ပါဝင်နိုင်ရေးကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုစနစ်မျိုးကို လက်ရှိကမ္ဘာပေါ်တွင်  နိုင်ငံပေါင်း ၃၉ နိုင်ငံခန့် ကျင့်သုံးဆောင်ရွက်နေကြောင်း၊ အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကျင့်သုံးသကဲ့သို့ ဒေသတွင်းနိုင်ငံများ ဖြစ်သည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့၌လည်း ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊    ပြည်သူ့လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်မှသာ   အကြမ်းဖက်များ ရန်မူနေသည့် အပြစ်မဲ့ပြည်သူလူထု၊ အပြစ်မဲ့ကလေး သူငယ်များအား ရန်ရှာနေသည့် အကြမ်းဖက်လုပ်ရပ်၊ လုပ်ငန်းများ ချုပ်ငြိမ်းသွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်လည်း  ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို ပြည်သူပါဝင်သည့်အင်အား၊ လိုအပ်သည့် အထောက်အပံ့ပစ္စည်း  အပြည့်အစုံနှင့် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနှင့် ထိုစနစ်ပုံဖော်လာသည် နှင့်အမျှ လက်ရှိအကြမ်းဖက် ဖြစ်စဉ်များ    လျင်မြန်စွာ ချုပ်ငြိမ်းနိုင်မည်ဖြစ်ကြောင်းကို  အသိပေးပြောကြားလိုကြောင်း ပြောကြားသည်။

https://www.myawady.net.mm/sites/default/files/28422q1.jpg

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း  မေးမြန်းခဲ့သည့် မေးခွန်းများအပေါ် သူရိယနေဝန်းသတင်းဌာနမှ ဒေါ်သဇင်ဦးက သတင်းစာရှင်းလင်းပွဲအစတွင် ဗိုလ်ချုပ်မေးမြန်းသွားသည့် မေးခွန်းများကို (NUG) (CRPH) နှင့် ၎င်းတို့ကို  ထောက်ခံရေးသားနေသော မီဒီယာများအနေဖြင့် ဖြေကြားနိုင်မည် မဟုတ်ကြောင်း၊ မိမိတို့သူရိယနေဝန်းက ဖြေကြားသွားမည်ဖြစ်ကြောင်း၊ နံပါတ် ၁ မေးခွန်းဖြစ်သည့် မဲမသမာမှုမရှိခဲ့ကြောင်း သက်သေပြပါဟု ဗိုလ်ချုပ်မေးမြန်းခဲ့သည့်မေးခွန်းကို ၎င်းတို့အနေဖြင့် သက်သေပြနိုင်မည်မဟုတ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်းရွေးကောက်ပွဲမဲစာရင်းများ စတင်ပြုလုပ်စဉ်  ယခင်က ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲများ၌  မဲစာရင်း ပြုလုပ်သည့်အချိန်တွင် လဝကအနေဖြင့် ပြုစုရကြောင်း၊ သို့သော် ယခုပြီးခဲ့သည့် ရွေးကောက်ပွဲတွင် လဝကကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအောက်သို့ သွတ်သွင်းပြီး  ၎င်းတို့  NLD ပါတီ၏ အစိုးရအဖွဲ့အောက်တွင်  သွတ်သွင်းပြီး မဲမသမာမှု ပြုလုပ်၍ရအောင် ရည်ရွယ်ချက်ရှိရှိ မဲစာရင်းများကို စိစစ်ခဲ့ကြောင်း၊ ထို့အပြင် မဲပေးသည့်ရက် နိုဝင်ဘာလ ၈ ရက်နေ့မတိုင်ခင် နိုဝင်ဘာလ  ၇  ရက်နေ့တွင်လည်း ရွေးကောက်ပွဲကော်မရှင် ရပ်/ကျေးအဆင့်များတွင် မဲပေးသည့် မဲစနစ်များကို ကျေးရွာတစ်ခုတွင်မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ တစ်ထောင်ရှိလျှင်  ယင်းရပ်/ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၏ လက်ထဲတွင် မဲစလစ်ပေါင်း  ၂၀၀ ကို လက်ဝယ်ကိုင်ထားပြီး မဲပေးရသည့် မနက်ခင်းတွင်  ၎င်းတို့ ပေးစေချင်သော (NLD)ကို  တကယ်ပေးမည့်သူများကို Correction များဖြင့် အမည်များကိုဖျက်ပြီး အဝင်ပေါက်မှာပင် မဲမသမာမှုဖြစ်အောင်ပြုလုပ်ခဲ့သည့်အပြင် အသက် ၁၈ နှစ်မပြည့်သေးသူများကိုလည်း မဲပေးခိုင်းစေခဲ့ကြောင်း၊ ထိုသို့ မဲမသမာမှု ကျူးလွန်ခဲ့သည်မှာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သည့် အတွက်ကြောင့် မဲမသမာမှုမရှိခဲ့ကြောင်း သက်သေကို ၎င်းတို့အနေဖြင့် လုံးဝပြနိုင်မည်မဟုတ်ကြောင်းကို ဖြေကြားလိုပါကြောင်း၊ ဒုတိယတစ်ခုက ယင်းမာပင်လူသတ်မှုတွင် NLD ပါတီအပါအဝင် ဗိုလ်နဂါးက ပြန်သတ်ခဲ့သည့် လူများအနက် လူ ၁၀ ယောက်တွင် ခြောက်ယောက်က အနီထောက်ခံ အားပေးသူများ ဖြစ်သည်ကို သိရကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်မျိုး အလားတူဖြစ်ရပ် စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှိသည့် ကျေးရွာတစ်ခု၌ ဖြစ်ပွားခဲ့ကြောင်း၊ သစ်စက်တစ်ခုတွင်လုပ်ကိုင်ခဲ့သော မိသားစုတစ်စုရှိကြောင်း၊ ယင်းသစ်စက်မှ မိသားစုသည် NLD ကို လုံးဝအမာခံထောက်ခံ ဝန်းရံသူများ ဖြစ်ကြောင်း၊ သို့သော် ညတစ်ည ၁၀ နာရီဝန်းကျင်တွင်  ဗိုလ်နဂါးအဖွဲ့မှ ဓားပြတိုက်ခဲ့ကြောင်း၊  ယင်းမိသားစုမှ သားနှင့်သမီးကို PDF အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ရန်လာခေါ်သည့် ဖြစ်စဉ်ဖြစ်ခဲ့ကြောင်း၊ PDF အကြမ်းဖက်အဖွဲ့သို့ ထည့်မပေးသည့်အတွက်ကြောင့် သစ်စက်တွင်ရှိသော ငွေကြေးနှင့်ပစ္စည်းများကို လုယူဓားပြတိုက်သွားကြောင်း၊  မိမိအနေဖြင့် ပြောလိုသည်မှာ ၎င်းတို့ကို မထောက်ခံမှ ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း မဟုတ်ကြောင်း၊  ၎င်းတို့၏   အကြမ်းဖက်လုပ်ရပ်များကို အားမပေးလျှင်လည်း   ဒလန်ဆိုသည့် ခေါင်းစဉ်ဖြင့် လူသတ်ဓားပြတိုက်နေသည့် အဖွဲ့အစည်းများ ဖြစ်ကြောင်း၊ နောက်တစ်ခုအနေဖြင့် ကိုရင်သုံးပါးမိုင်းထိသည့် အတွက်ကြောင့် နှစ်ပါး ပျံလွန်တော်မူသည့် ဖြစ်စဉ်အပါအဝင် ဗုဒ္ဓဘာသာ ရဟန်းတော်များကို ဒလန်ဆိုသည့်  ခေါင်းစဉ်အောက်တွင် သတ်ဖြတ်နေသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောပြလိုကြောင်း၊ ဝမ်းတွင်းမြို့နယ်၌ ဆွမ်းစားနေသည့်ဘုန်းကြီးကို ကျောင်းပေါ်အထိတက်ပြီး သေနတ်ဖြင့် ပစ်ခဲ့သည့် လုပ်ရပ်များအပါအဝင် ဗုဒ္ဓဘာသာရဟန်းတော်များစွာကို ဒလန်ဆိုသည့် ခေါင်းစဉ်အောက်တွင် သတ်ဖြတ်ခံနေရကြောင်း၊ ဘုန်းကြီးကျောင်းတစ်ခု၌ ကျောင်းထိုင် ဘုန်းကြီး ကျိန်းစက်နေသည့် ညကြီးအချိန်အခါ သန်းခေါင်ကျော်အချိန်တွင် ဘုန်းကြီး ကျောင်းကိုဝင်ရောက်ကာ ဘုန်းကြီးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ကျောင်းတွင်ရှိသည့် သာသနာပိုင်ပစ္စည်းနှင့် နဝကမ္မ အလှူငွေများအပါအဝင်  ကားများကိုပါ ယူဆောင်ပြီး ဓားပြတိုက်ထွက်ပြေးသွားခဲ့ကြောင်းကို စုံစမ်းသိရှိရကြောင်း၊ သာမန်ဒလန်များကို သတ်ဖြတ်၍ရရှိသည့် ဆုကြေးငွေထက် ဗုဒ္ဓဘာသာရဟန်းတော်များကို သတ်ဖြတ်၍ရရှိသည့်ဆုကြေးငွေက နှစ်ဆသုံးဆထက်မက မြင့်မားနေသည်ကို သိရှိရကြောင်း၊ နောက်တစ်ခုက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် NUG က ဦးဆောင်ပြီး စာသင်ပေးရန် CDM ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပြီး စာသင်ပေးရန် စည်းရုံးလှုံ့ဆော်နေသည်များ ရှိကြောင်း၊ အဘယ်ကြောင့် ထိုသို့ စည်းရုံးလုပ်ဆောင်နေလဲဆိုလျှင် ၎င်းတို့NUG၊ CRPH တွင်  ချမှတ်ထားသည့် သင်ရိုးညွှန်းတမ်းများကို သင်ကြားခြင်း မဟုတ်ဘဲ လက်ရှိအစိုးရမှ ချမှတ်ထားသည့် သင်ရိုးညွှန်းတမ်းများကို သင်ကြားခြင်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှုအောက်ကို ၎င်းတို့ကိုယ်တိုင် လက်နက်ချဒူးထောက်ပြီး အညံ့ခံလာသည်ဟုပင် မြင်ပါကြောင်း၊  နောက်တစ်ခုမှာ ဒီမိုကရေစီဆိုသည်မှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိကြောင်း၊ ယင်းသို့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်အပေါ် ယခုကဲ့သို့ NLD ဦးဆောင်သည့် အစွန်းရောက် အကြမ်းဖက်သမားများက  အမြင်မတူသည့် သူများကို ဒလန်ဟုဆိုကာ လုပ်ကြံသတ် ဖြတ်နေခြင်းသည် ၎င်းင်းတို့က ဒီမိုကရေစီကို ဖော်ဆောင်နေသူများမဟုတ်ဘဲ ဒီမိုကရေစီ ဆိုသည့်အမည်ကို ခေါင်းစဉ်လှလှတပ်ပြီး လစ်ဘရယ် အစွန်းရောက်နေသူများသာ ဖြစ်သည်ဟု   စွပ်စွဲပြောကြားလိုကြောင်း၊ နောက်ဆုံးမေးခွန်းတစ်ခုမှာ မည်သူတွေက ဒီမိုကရေစီကို ဖော်ဆောင်နေသလဲဆိုသည့် မေးခွန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌စစ်မှန်သည့် ဒီမိုကရေစီကို ဖော်ဆောင်နေသည့် အခိုင်အမာဆုံး အင်စတီကျူးရှင်းက တပ်မတော်ဟု မြင်ပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် ယခုလက်ရှိ   နိုင်ငံရေးအကျပ်အတည်း ဖြစ်စဉ်တွင်လည်း တပ်မတော်ကို ထောက်ခံသူ များအပြင် ကြားနေအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုများသာမက တပ်မတော်ကို မထောက်ခံသည့် သူများကိုပါ တပ်မတော်အနေဖြင့် တစ်ပြေးညီသဘောထားဆက်ဆံပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အားလုံးအညီအမျှထိုးနှံခွင့်ပြုခြင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အညီအမျှဆောင်ရွက်ပေး နေခြင်းများသည် သက်သေများဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ စစ်မှန်သည့်  ဒီမိုကရေစီကို ဖော်ဆောင်နေသည့် အခိုင်အမာဆုံး အင်စတီကျူးရှင်းက တပ်မတော်သာ ဖြစ်ကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သူရိယနေဝန်းသတင်းဌာနမှ ဒေါ်သဇင်ဦး၏ ဖြေကြားချက်များအပေါ် ကျေးဇူးတင်ပါကြောင်း၊ PDF အဖွဲ့မှ ဖမ်းဆီးရမိသူများရှိကြောင်း၊ ထိုအထဲတွင် ရန်ကုန်၊ မန္တလေးမှ ဏီၤ အမည်ခံ အကြမ်းဖက် အဖွဲ့များထဲမှ ဖမ်းဆီးရမိသူများရှိကြောင်း၊ ၎င်းတို့အထဲတွင် သတ်ဖြတ်ခဲ့၊ ဗုံးခွဲခဲ့မှုများ ကျူးလွန် ခဲ့သူများရှိကြောင်း၊ တချို့မှာ နှစ်ကြိမ်၊ သုံးကြိမ် လူသတ်မှု ကျူးလွန်ခဲ့သူများ ရှိကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍ တချို့မေးမြန်းခန်းများ၊ အင်တာဗျူးများကို ထုတ်လွှင့်ခဲ့သည်များရှိကြောင်း၊ ယခင်က ပြသခဲ့သည်များရှိကြောင်း၊ ၎င်းတို့ပြောကြားဖြေဆိုခဲ့သည့်အထဲမှ နှစ်ယောက်သုံးယောက်ခန့်မှာ တူညီသည့်အချက်များ တွေ့ရကြောင်း၊ တွေ့ရှိချက်များမှာ ၎င်းတို့ကိုအကြွေးတောင်းသကဲ့သို့ တကျည်ကျည် အတောင်းခံနေရကြောင်း၊ တချို့ပြည်ပ၌ နေသူများက ပြည်တွင်းနေသူများကို ပေးထားသည်များရှိကြောင်း၊  ၎င်းတို့ကို ပေးထားသည့်   နေရာတစ်နေရာ၌ ဖြစ်စဉ်တစ်ခုမဖြစ်မချင်း အကြွေးတောင်းသကဲ့သို့ တကျည်ကျည်တောင်းခံပြီး မင်းမလုပ်သေးဘူးလား၊   မင်းဘာလုပ်ထားပြီးပြီလဲ စသည်ဖြင့် မေးမြန်းပြီး သက်သေအထောက်အထားအချို့ကို ကိုင်ဆောင် ထားသည်များ ရှိသည်ကိုလည်း မိမိတို့သိရှိရကြောင်း၊ ယခင်ခိုင်းစေခဲ့သည့် ဗုံးခွဲမှုများရှိခဲ့ပြီး ယခုခိုင်းစေချက်များမလုပ်ပါက ယခင်ဗုံးခွဲခဲ့သည်များကို လုံခြုံရေးအဖွဲ့ကိုပြောမည် စသည်ဖြင့် အကြွေးတောင်းသကဲ့သို့  တကျည်ကျည်ပြောကြောင်း၊   ခြိမ်းခြောက်ခံရကြောင်း စသည်ဖြင့် ၎င်းင်းတို့၏ ပြောကြားသည့် အချက်အလက်သတင်းများလည်း စုဆောင်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများသည် ယင်းကိစ္စများကြောင့်သာ ပိုမိုဆိုးဝါးနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးခင်မောင်ဦးက ရှင်းလင်း ပြောကြားရာတွင် ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြမည့် အကြောင်းအရာ များမှာ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲများ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံရေးပါတီများ စစ်ဆေးခြင်း အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ဖြစ်ကြောင်း   ရှင်းလင်းပြောကြားသည်။             

ဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေကို  တင်ပြမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းပြုစုရာတွင် အိမ်ထောင်စုလူဦးရေစာရင်းကို လဝကပုံစံ (၆၆/၆) ၊ နိုင်ငံသားစိစစ်ရေးကတ် စသည်တို့နှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးမှုမပြုဘဲ ရှိ/ကောက်စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့်  မှားယွင်းပြီး မဲမသမာမှုဖြစ်စေသည့် မဲဆန္ဒရှင်စာရင်းများစွာကို စိစစ်တွေ့ရှိခဲ့ ရပါကြောင်း၊ ယခုအခါသုံးသပ်ပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများမှ မဲဆန္ဒရှင် စာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းအပိုင်းကို ပြင်ဆင်၊ ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ပြင်ဆင်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ မဲဆန္ဒရှင်စာရင်းကို ကော်မရှင်က သတ်မှတ်ထားသည့် လူဦးရေပုံစံဇယားနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြုစုထားသည့် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် လူဦးရေစာရင်းတို့ကို အခြေခံပြုစုရမည်ဖြစ်ကြောင်း၊ ထိုလူဦးရေစာရင်းကို အခြေခံပြီး မဲဆန္ဒနယ် အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊  မြို့နယ်လဝကဦးစီးဌာနမှူးရုံးနှင့်   သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု   ကော်မရှင်အဖွဲ့ခွဲတို့က ပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

အလားတူ ပြင်ဆင်ထားသည့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများအရ မဲစာရင်းပြုစုရာတွင် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများကို ၎င်းတို့ကိုင်ဆောင်ထားသည့်  နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆^၆) တို့ဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ မဲစာရင်းတွင်   ထည့်သွင်းပြုစုရမည်ဖြစ်ကြောင်း၊ ထို့ပြင်  မဲဆန္ဒရှင်စာရင်းများ   ကပ်ထားကြေညာခြင်းမပြုမီ   မြို့နယ်ကော်မရှင်အဖွဲ့ခွဲက   မြို့နယ်ထွေအုပ်၊  မြို့နယ်လဝက ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာမြို့နယ်တွင်ရှိသည့်  နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန်   စိစစ်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်အမှတ်(၅)အရ လွတ်လပ်ပြီး တရားမျှတသော    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  ကျင်းပနိုင်ရေးအတွက်  မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊  စက်တင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပါကြောင်း  ရှင်းလင်းပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက  သက်ဆိုင်ရာမြို့နယ်   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများမှ  အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ကို အခြေခံပြုစုထားသည့် စာရင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း    ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ကို ပြည်ထောင်စု နယ်မြေ ဥတ္တရခရိုင်၊  ဥတ္တရသီရိမြို့နယ်တွင်  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့်  ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်မှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ ရပ်/ကျေးစာရေးများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းပြီး Laptop၊ Computer များ  အသုံးပြု ဆောင်ရွက် ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွေ့ကြုံရသည့် အခက်အခဲများကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာနတို့နှင့် စိစစ်ညှိနှိုင်းပူးပေါင်း ဖြေရှင်းမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ စိစစ်တွေ့ရှိချက်များအရ ရပ်/ကျေး မြေပြင်လူဦးရေစာရင်းများကို နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ပြုစုရန်နှင့်   အချက်အလက်များ ပြည့်စုံအောင်ဖြည့်သွင်းရန်  လိုအပ်သည့်အတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူပြုစုမည့်  ဇယားပုံစံအသစ်ကို  ပေါင်းစပ်ညှိနှိုင်းပြုစုခဲ့ပါကြောင်း၊  ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် မြေပြင်လူဦးရေစာရင်းကို ဇယားပုံစံသစ်နှင့်အညီ သတ်မှတ်ကာလ အတွင်းပြီးစီးအောင် ကောက်ယူဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

အလားတူ ပြည်ထောင်စုနယ်မြေတွင် မြေပြင်လူဦးရေစာရင်းများ   တိုက်ဆိုင်စစ်ဆေးခြင်း Pilot Project ဆောင်ရွက်နေချိန်တွင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ တာဝန်ခံအရာရှိများ၊ လုပ်ငန်းဆောင်ရွက်မည့် ဝန်ထမ်းများကို  ခေါ်ယူလေ့လာစေခြင်းနှင့် သင်တန်းပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက်  သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံ  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်  အခြေခံ မဲဆန္ဒရှင်စာရင်းများ  ပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့်    တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစီမံချက်  ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  မြို့နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိရာ  ယခုအချိန်အထိ ၈ မြို့နယ်ပြီးစီးပြီး ၂၀၄  မြို့နယ်တွင်  ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည်   ထိုလုပ်ငန်းစဉ် တစ်ခုလုံးကို အနီးကပ်ကြပ်မတ်ကွပ်ကဲ စစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

၂၀၂၃ ခုနှစ်တွင်ကျင်းပရန်ရည်ရွယ်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်ပြီး ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အကြိုညှိနှိုင်း ဆွေးနွေးခဲ့ပါကြောင်း၊ ဆက်လက်ပြီး  ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါကြောင်း၊  အစည်းအဝေးသို့   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးခင်ရီနှင့် ဒေါက်တာမျိုးသိန်းကျော်၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါကြောင်း၊ အစည်းအဝေးတွင် ကျင်းပရန် ရည်ရွယ်ထားသည့်   ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်အတွက် မဲစာရင်းများတိကျ မှန်ကန်ရေး၊ အချိန်မီပြီးစီးရေး သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း တစ်နိုင်ငံလုံး ထုတ်ပေးထားသည့် မှတ်ပုံတင်မှတ်တမ်းများနှင့် လဝကပုံစံ (၆၆/၆) စာရင်းများကို ကွန်ပျူတာစာရင်းထည့်သွင်းလျက်ရှိပါကြောင်း၊ အဆိုပါ လဝက၏စာရင်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏   မြေပြင်လူဦးရေစာရင်းများကိုအခြေခံပြီး အခြေခံမဲဆန္ဒရှင်စာရင်းများပြုစုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊  ထို့ကြောင့်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်တိုင်းသည်    နိုင်ငံသား စိစစ်ရေးကတ်၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရ လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားရမည် ဖြစ်ပြီး  အမြဲတမ်းနေထိုင်ရာဒေသတွင်   ဆန္ဒမဲပေးနိုင်ရေးအတွက် နေထိုင်ကြောင်း အထောက်အထားဖြစ်သည့်  အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ရှိရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း  သိရှိနားလည်အောင် အသိပညာပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံရေးပါတီများ စစ်ဆေးခြင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြမည်ဖြစ်ကြောင်း၊   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၈၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ၊ နည်းဥပဒေ ၂၃ တို့နှင့်အညီ  နိုင်ငံရေးပါတီများ၏ စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဦးဆောင်ပြီး သက်ဆိုင်ရာအစိုးရဌာန ၊ အဖွဲ့အစည်းများက ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များနှင့် စစ်ဆေးခဲ့ပါကြောင်း၊ ထိုသို့စစ်ဆေးရာတွင် နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း(၄)နှင့် နည်းဥပဒေများ အခန်း(၄)ပါ ပါတီရန်ပုံငွေနှင့် ပစ္စည်းများထိန်းသိမ်းခြင်း၊  သုံးစွဲခြင်း၊ စစ်ဆေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ ၊ မရှိ အပါအဝင် ပါတီဖွဲ့စည်းဆောင်ရွက်မှုဆိုင်ရာ စာရင်းဇယားများကို ဥပဒေနှင့်အညီ စစ်ဆေးခြင်းဖြစ်ပါကြောင်း၊  စစ်ဆေးရာတွင်လည်း သက်ဆိုင်ရာ ပါတီရုံးချုပ်အခြေစိုက်သည့်  နယ်မြေရှိ တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် အစိုးရဌာနရုံးများတွင် စစ်ဆေးခြင်းဖြစ်ပြီး ကြိုတင်အသိပေးအကြောင်းကြား ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ၏ စာရင်းများကို ၂၃.၈.၂၀၂၁ ရက်နေ့တွင် စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ နိုင်ငံရေးပါတီ ၈၃ ပါတီ၏စာရင်းများကို စစ်ဆေးပြီးဖြစ်ပါကြောင်း၊ လက်ရှိတည်ဆဲ နိုင်ငံရေးပါတီ ၉၂ ပါတီ ဖြစ်သော်လည်း စစ်ဆေးပြီး ၈၃ ပါတီအနက် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှာ ၁၆. ၁၁. ၂၀၂၁ တွင် ပယ်ဖျက်ပြီးဖြစ်သည့်အတွက် စစ်ဆေးရန်ကျန် ပါတီ ၁၀ ပါတီဖြစ်ပါကြောင်း၊ စစ်ဆေးရန်ကျန်ပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)တို့သည် သတ်မှတ်ကာလအတွင်း   စစ်ဆေးခံရန် ပျက်ကွက်သည့်အတွက်   လိုအပ်သလိုအရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပါဝင်သည့် စုံညီအစည်းအဝေးကျင်းပ ဆောင်ရွက်ခဲ့ကြောင်း၊ စုံညီအစည်းအဝေး မတိုင်မီ သက်ဆိုင်ရာပါတီ၏ ဆက်သွယ်တင်ပြချက်နှင့် အစည်းအဝေးတွင် ဆွေးနွေးချက်များအရ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီတည်ထောင်ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်းနှင့် ကြပ်မတ်ဆောင်ရွက်ခြင်းသည် ကော်မရှင်၏တာဝန်နှင့်  လုပ်ပိုင်ခွင့်ဖြစ်သော်လည်း အဘက်ဘက်မှ ချင့်ချိန်၍ မျှမျှတတဖြင့် အချိန်ပေးဆောင်ရွက်ရန် လိုအပ်ခြင်း အပါအဝင် အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  (SNLD) အနေဖြင့် ၃၀. ၆. ၂၀၂၂ ရက်နေ့မတိုင်မီ လာရောက်အစစ်ဆေးခံရန် နောက်ဆုံးအကြိမ် သတိပေး အကြောင်းကြားခဲ့ ပါကြောင်း၊ အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)အနေဖြင့် စစ်ဆေးမှုခံယူမည့် ဗဟိုအလုပ်အမှုဆောင်အချို့ ဖမ်းဆီးခံ၊ အချို့တိမ်းရှောင်၊ အချို့ဆက်သွယ်မရခြင်းနှင့်  စာရင်းဇယားများစုစည်းပြီး  စစ်ဆေးမှုခံယူရန် အခက်အခဲရှိကြောင်းသိရှိရသဖြင့် အချိန်ကာလတစ်ခုပေးပြီး စောင့်ဆိုင်းရန်  ဆုံးဖြတ်ခဲ့ကြပါကြောင်း ရှင်းလင်းပြောကြားသည်။

အလားတူ စစ်ဆေးရန်ကျန် မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၃၀.၃.၂၀၂၂ ရက်စွဲပါစာဖြင့် ၂၅.၄.၂၀၂၂ ရက်နေ့ မတိုင်မီ စာရင်းများ စစ်ဆေးခံရန် ပုဒ်မ ၂၄ (က)နှင့်အညီ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ စစ်ဆေးရန်ကျန် အချို့ပါတီများ၏ တင်ပြချက်အရ နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အခက်အခဲရှိကြောင်း သိရှိရသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယင်းပါတီများနှင့် ဆက်သွယ်ညှိနှိုင်းပြီး စစ်ဆေးရေးဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှ လုပ်ငန်းစဉ်(၁)ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ   ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) အခန်း(၁၁)ပါ အရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ် (၅)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖော်ပြပါမည်။