စဉ်ဆက်မပြတ် ထိန်းသိမ်းကြရမည့်ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ
သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ
၂၀၁၈ ခုနှစ် သစ်တောဥပဒေအရ ပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ)အရ သစ်တောကြိုးဝိုင်း ဖွဲ့စည်းခြင်းနှင့် ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ရပါသည်။ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများကို သစ်တောနယ်မြေဟုလည်း ခေါ်ဆိုသည်။
သစ်တောစီမံအုပ်ချုပ်မှု လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန်အတွက် ၁၈၇၀ ပြည့်နှစ်တွင် သစ်တောကြိုးဝိုင်းများကို စတင်ဖွဲ့စည်းခဲ့သည်။ သစ်တောကြိုးဝိုင်းများ ဖွဲ့စည်းတည်ထောင်ခြင်း၊ ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ကြေညာခြင်းသည် သစ်တောများ ထာဝစဉ် တည်တံ့စေရေးအတွက် စနစ်တကျစီမံ အုပ်ချုပ်နိုင်ရန်နှင့် ထိန်းသိမ်းကာကွယ်နိုင်ရန် အခြေခံအကျဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။
သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများကို ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရန်၊ ဂေဟစနစ် တည်ငြိမ်စေရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားလာစေရန်၊ ဒီရေတောများ၊ အပူပိုင်းဒေသ သစ်တောများ အပါအဝင် သဘာဝ သစ်တောများ စနစ်တကျ စီမံအုပ်ချုပ် ထိန်းသိမ်းဆောင်ရွက်ရန်၊ သစ်နှင့်သစ်တောထွက် ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူရရှိရန်၊ ဒေသခံပြည်သူများ အတွက် သစ်၊ထင်း၊ ဝါးနှင့် သစ်တောထွက်ပစ္စည်း လိုအပ်ချက်များ ဖြည့်ဆည်းရန်နှင့် သစ်တော၊ ရာသီဥတု၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကတိကဝတ်များ ဖြည့်ဆည်းနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း တည်ထောင်ရခြင်း ဖြစ်သည်။
ဖွဲ့စည်းပြီး သစ်တောကြိုးဝိုင်းများတွင် သစ်တောအုပ်ချုပ် လုပ်ကိုင်မှု ကွက်စိပ်စီမံကိန်းများ ရေးဆွဲ၍ ကျွန်းသင်းသတ်ခြင်း၊ ကျွန်းနှင့် သစ်မာခုတ်လှဲ ထုတ်လုပ်ခြင်း၊ စိုက်ခင်းများ တည်ထောင်ခြင်း၊ အုပ်မိုးကာဆိုင်း ခုတ်လှဲခြင်း၊ ပင်ကျပ်နှုတ်ခြင်း၊ လမ်းဖောက်ခြင်းစသော သစ်တောစီမံ အုပ်ချုပ်မှုလုပ်ငန်းများ၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရသည်။
ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၏ နယ်နိမိတ်များသည် သစ်တောများ ထိန်းသိမ်းကာကွယ်ရေး အတွက် ပင်မသွေးကြောများဖြစ်ပြီး မြေပြင်၌ ထင်ရှားစွာ သတ်မှတ်ထားရသည်။ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို သဘာဝအတိုင်း တည်ရှိနေသော သို့မဟုတ် သဘာဝနယ်နိမိတ်များဖြစ်သည့် ချောင်းမြောင်းများ၊ တောင်ကြောများကို အဓိကထား သတ်မှတ်လေ့ရှိသည်။ သစ်တောလုပ်ငန်းများကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများတွင် အကောင်အထည်ဖော် ဆောင်ရွက်ကြရသည်။ ကြိုးဝိုင်းနယ်နိမိတ် ဘုတ်တိုင်များ၊ မှန်ထစ်များကို ထင်ရှားစွာ မှတ်သားစိုက်ထူ ကြရသည်။
သဘာဝထိန်းသိမ်းရေး နယ်မြေများ
၂၀၁၈ ခုနှစ် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၉(က)အရ သဘာဝထိန်းသိမ်းရေး နယ်မြေများ ဖွဲ့စည်းခြင်းကို ဆောင်ရွက်ပါသည်။ ရေ၊ မြေ၊ ဂေဟစနစ်၊ ဘူမိသွင်ပြင်၊ သဘာဝသယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများ အပေါ် အခြေခံပြီး သိပ္ပံကြိုးဝိုင်း၊ အမျိုးသားဥယျာဉ်၊ အဏ္ဏဝါအမျိုးသားဥယျာဉ်၊ သဘာဝကြိုးဝိုင်း၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေ၊ ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေဟူ၍ သဘာဝထိန်းသိမ်းရေး နယ်မြေ ခုနစ်မျိုး ခွဲခြားသတ်မှတ်ထားသည်။
ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်၊ မျိုးသုဉ်းပျောက်ကွယ်ရန်၊ အန္တရာယ်ရှိသော သဘာဝအပင်များနှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရန်၊ ဘူမိရုပ်သွင် ထူးခြားထင်ရှားသည့် တောတောင်ရေမြေ၊ ဂေဟစနစ်နှင့် ကမ်းရိုးတန်း သယံဇာတများတို့ကို ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရန်၊ ဂေဟစနစ် တည်ငြိမ်စေရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားလာစေရန်နှင့် သစ်တော၊ ရာသီဥတု၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကတိကဝတ်များ ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပြီး သဘာဝ ထိန်းသိမ်းရေး နယ်မြေများကို ဖွဲ့စည်း တည်ထောင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် ၁၉၂၀ ပြည့်နှစ်တွင် “တောင်ကြီးငှက်ဘေးမဲ့တော”ကို စတင်တည်ထောင်ခဲ့သည်။
မြန်မာ့သစ်တောမူဝါဒ ရည်မှန်းချက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် မြန်မာ့သစ်တောမူဝါဒ (၁၉၉၅)နှင့် အမျိုးသားသစ်တောကဏ္ဍ ပင်မ စီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁) ရည်မှန်းချက်များအရ ကြိုးဝိုင်းနှင့်ကြိုးပြင် ကာကွယ်တောများကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း (၅၀၁၅၅၉၀၀ ဧက) ထိ ဖွဲ့စည်းသွားရန် လျာထားဆောင်ရွက်လျက်ရှိသည်။ သဘာဝထိန်းသိမ်းရေး နယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်း (၁၆၇၁၈၆၃၃ ဧက)ထိ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။
ယနေ့အထိ သစ်တောကြိုးဝိုင်း ၈၂၆ ခု (၂၉၆၉၃၁၇၄ ဧက)၊ ကြိုးပြင်ကာကွယ်တော ၄၅၄ ခု (၁၃၄၄၆၀၅၈ ဧက) စုစုပေါင်း(၄၃၁၃၉၂၃၂ ဧက)တည်ထောင် နိုင်ခဲ့ပြီး နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၈၀ ရာခိုင်နှုန်း ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ရည်မှန်းချက် ပြည့်မီစေရေး အတွက် နှစ်စဉ်ပျမ်းမျှ ဧရိယာ ၈၀၁၉၀၀ ဧကကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်း တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။
သဘာဝထိန်းသိမ်းရေး နယ်မြေများကိုလည်း စဉ်ဆက်မပြတ် တည်ထောင်လျက်ရှိရာ ယနေ့အထိ သဘာဝထိန်းသိမ်း ရေး နယ်မြေ ၅၇ ခု (၁၀၇၅၀၆၂၄ ဒသမ ၆၇ ဧက)၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်း တည်ထောင်နိုင်ခဲ့ပြီဖြစ်သည်။
ရည်မှန်းချက် ပြည့်မီစေရေးအတွက် နှစ်စဉ်ဧရိယာ ၆၈၀၈၃၂ ဧကကို သဘာဝနယ်မြေများအဖြစ် ဖွဲ့စည်း တည်ထောင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
တစ်နှစ်ကျော် ကာလအတွင်း ဖွဲ့စည်းတည်ထောင်နိုင်ခဲ့မှုများ
သစ်တောကြိုးဝိုင်းများ ဖွဲ့စည်းတည်ထောင်ခြင်း၊ ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ကြေညာခြင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ တည်ထောင်ခြင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရသော လုပ်ငန်းဖြစ်သည်။ သစ်တောကြေးတိုင် ပုံစံ (၁)မှ(၅) အထိ အဆင့်အလိုက် လုပ်ငန်းများကို အချိန်ကာလ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ကြရသည်။ အထူးသဖြင့် ဒေသခံ ပြည်သူများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျိုးဆက်စပ် ပတ်သက်သူများ၏ မြေယာဆိုင်ရာ ရပိုင်ခွင့်၊ ဆိုင်ရာဆိုင်ခွင့်များ နစ်နာဆုံးရှုံးမှုမရှိစေရေး အတွက် အထူးအလေးထား ဆောင်ရွက်ရသည်။ မြေယာနှင့်ဆက်စပ်နေသော ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်များ ရယူသတ်မှတ်၊ ဖွဲ့စည်းတည်ထောင်ရသော လုပ်ငန်းစဉ်ဖြစ်သဖြင့် အချိန်ယူဆောင်ရွက်ရသော လုပ်ငန်းလည်းဖြစ်သည်။ ညှိနှိုင်းပေါင်းစပ်နိုင်မှု၊ ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းပါမှ ခရီးတွင်နိုင်သော လုပ်ငန်းများဖြစ်သည်။
ဒေသခံပြည်သူများ နားလည်သဘောပေါက်စေရန် တိုးချဲ့ပညာပေးရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ဆက်စပ်ဌာန အချင်းချင်းအကြား ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၏ ကူညီပံ့ပိုးမှုများ ရရှိခြင်းတို့ကြောင့် လွန်ခဲ့သည့်တစ်နှစ်ကျော် ကာလ (၁-၂-၂၀၂၁ မှ ၁-၄-၂၀၂၂ ထိ) ကြိုးဝိုင်း/ကြိုးပြင် သတ်မှတ်ခြင်းနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ တည်ထောင်ခြင်း လုပ်ငန်းများ သိသာထင်ရှားစွာ တိုးတက်ခဲ့သည်။ ကြိုးပြင်ကာကွယ်တော ၁၆ ခု၊ ( ၄၃၁၅၄၀ ဒသမ ၃၈ ဧက) သတ်မှတ်ဖွဲ့စည်းနိုင်ခဲ့ပြီး သဘာဝထိန်းသိမ်းရေး နယ်မြေ ၁၁ ခု၊ (၅၈၁၈၀၄ ဒသမ ၆၃ ဧက)ကို တည်ထောင်နိုင်ခဲ့သည်။
သတ်မှတ်ကြေညာခဲ့သည့် ကြိုးပြင် ကာကွယ်တောများအနက် ရန်ကုန်တိုင်း ဒေသကြီးတွင် အစိမ်းရောင်တံတိုင်း ဒီရေတော ကြိုးပြင် ကာကွယ်တောနှင့် ဘိတ်သိတ်-မဟာ-သာသာ ဒီရေတော ကြိုးပြင်ကာကွယ်တောများ ပါဝင်ပါသည်။
အဆိုပါဒီရေတောကြိုးပြင်ကာကွယ်တောများ သတ်မှတ်ကြေညာနိုင်ခဲ့သဖြင့် ဒီရေတောများကို ထိန်းသိမ်းနိုင်ခြင်း၊ စနစ်တကျစီမံ အုပ်ချုပ်နိုင်ခြင်း၊ ဒေသခံပြည်သူများအတွက် လေမုန်တိုင်း ကျရောက်ခြင်း အပါအဝင် သဘာဝဘေး အန္တရာယ်များကို ဒီရေတောများက အစိမ်းရောင်သဘာဝ တံတိုင်းကြီးများအဖြစ် တားဆီးကာကွယ် ပေးနိုင်ခြင်း၊ ငါး၊ ပုစွန်၊ ကဏန်းများပေါများလာ၍ ဒေသခံများ လူမှုဘဝဖွံ့ဖြိုး တိုးတက်လာစေခြင်း၊ ဒေသတွင်း ရာသီဥတုမျှတ ကောင်းမွန်လာခြင်းနှင့် ဆားငန်ရေ ဝင်ရောက်မှုကို ဒီရေတောများက ကာကွယ်ပေးခြင်းဖြင့် ဆန်စပါးအပါအဝင် စိုက်ပျိုးသီးနှံများ အထွက်တိုးပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။
မကြာမီက ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သော သဘာဝထိန်းသိမ်းရေး နယ်မြေများဖြစ်သည့် ကယားပြည်နယ်၏ ပန်းသီတောင်သဘာဝကြိုးဝိုင်း အပိုင်း(၁)၊ ချင်းပြည်နယ်၏ စာမွှန်းတောင် အမျိုးသားဥယျာဉ်၊ ကနေဒီ(ခ)လေသာတောင် အမျိုးသားဥယျာဉ်၊ မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသားဥယျာဉ်နှင့် ဇိန်မှုတောင်အမျိုးသား ဥယျာဉ်စသည့် သဘာဝထိန်းသိမ်းရေး နယ်မြေများ၊ စစ်ကိုင်းတိုင်း ဒေသကြီး၏ မဟာမြိုင်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ လင်းနို့ဂူတောင် ဘူမိရုပ်သွင် ထူးခြားသည့် နယ်မြေ၊ ဇလုံတောင်အမျိုးသားဥယျာဉ် စသည့်သဘာဝ ထိန်းသိမ်းရေး နယ်မြေများ၊ မကွေးတိုင်းဒေသကြီး၏ မန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ရခိုင်ပြည်နယ်၏ နံ့သာကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေး နယ်မြေ၊ ရှမ်းပြည်နယ်၏ လွိုင်ဆမ်ဆစ်တောင် သဘာဝကြိုးဝိုင်းနှင့် ပန်းလောင်နှင့် ပြဒါးလင်းဂူတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တိုးချဲ့သဘာဝထိန်းသိမ်းရေး နယ်မြေများသည် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ရေးရာ အတွက်သာမက လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ခရီးသွား လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လုပ်ငန်းကဏ္ဍ အသီးသီးအတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။ သဘာဝသယံဇာတ အမွေအနှစ်များ၊ အဆိုပါ အမွေအနှစ်များနှင့် ဆက်စပ်နေသော တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းစဉ်လာများ၊ အသက်မွေးမှုဆိုင်ရာ မိရိုးဖလာကျွမ်းကျင်မှုများ၊ ဗဟုသုတများကိုပါ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများကို အရှိန်အဟုန်ဖြင့် ဖွဲ့စည်းနေသကဲ့သို့ တစ်ဖက်ကလည်း ပြည်သူများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရေးဆိုင်ရာ ရည်ရွယ်ချက် အမျိုးမျိုးအတွက် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို ဆက်စပ်ပတ်သက်သော ဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများနှင့် ညှိနှိုင်းပြီး အတိုင်းအတာ တစ်ခုအထိ ပယ်ဖျက် ပေးခဲ့ရသည်များလည်း ရှိသည်။
၁၉၈၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဧရိယာ ၁၀၂၁၈၈၈ ဒသမ ၅၈ ဧက၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ၆၃၃၄၅၅ ဒသမ ၃ ဧကနှင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ ၂၈၇၈၂ ဒသမ ၉၇ ဧက၊ ၂၀၂၁ ခုနှစ်မှ ၃၁-၃-၂၀၂၂ ထိ ၂၄၅၄ ဒသမ ၈၀ ဧက စုစုပေါင်းဧရိယာ ၁၆၈၆၅၈၁ ဒသမ ၆၅ ဧကကို ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့သည်။ပယ်ဖျက်ပေးခဲ့သော ဧရိယာပမာဏသည် လက်ရှိဖွဲ့စည်း သတ်မှတ်ပြီး ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော ဧရိယာ၏ ၃ ဒသမ ၉၁ ရာခိုင်နှုန်းရှိသည်။
သစ်တောထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ကတိကဝတ်များ
ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း(UNFCCC)သို့ အဖွဲ့ဝင်နိုင်ငံများက တင်သွင်းကြရမည့် အမျိုးသား အဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်(Nationally Determined Contribution-NDC)) ကို မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ်တွင် တင်သွင်းခဲ့ပြီး ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် အဓိကလုပ်ငန်းကဏ္ဍများအနက် သစ်တောကဏ္ဍကိုလည်း အဓိကလုပ်ငန်းကဏ္ဍ တစ်ရပ်အဖြစ် ထည့်သွင်းထားပါသည်။ သစ်တောနယ်မြေများ (ကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများ)ကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းထိ တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားပြီး ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအတွင်း သစ်တောဖုံးလွှမ်းမှု တိုးပွားလာစေရေး၊ သစ်တောများ အရည်အသွေး ပိုမိုကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် သစ်တောများ ထိန်းသိမ်းရေးအတွက် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းမှုကို နှစ်စဉ်လျာထားချက် ပြည့်မီစေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ သတ်မှတ်ထားသော ကြေးတိုင်ပုံစံများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများနှင့် ဆက်စပ်ပတ်သက်သော ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာနှင့်အဝှမ်းတွင် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍကို ပိုမိုအသိအမှတ်ပြု အလေးထားလာကြသည်ဖြစ်ရာ ကမ္ဘာ့ကုလသမဂ္ဂ၏ သစ်တောများဆိုင်ရာ နယူးယောက်ကြေညာချက်(၂၀၁၄)တွင် ကမ္ဘာ့အပူချိန် ၂ ဒီဂရီဆဲလ် စီးယပ်လျှော့ချနိုင်ရန်အတွက် ၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှု လုံးဝမရှိစေရေး ရည်မှန်းပြီး ဆောင်ရွက်သွားရန်နှင့် တောနိမ့် တောပျက် ဟက်တာသန်း ၂၀၀ ကို ပြန်လည်တည်ထောင် ထိန်းသိမ်းရန် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့နိုင်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အင်္ဂလန်နိုင်ငံ ဂလပ်စ်ဂိုးမြို့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှု ကွန်ဗင်းရှင်း၏ (၂၆)ကြိမ်မြောက် ညီလာခံ(UNFCCC COP 26)တွင်လည်း ကမ္ဘာ့ခေါင်းဆောင်များ၏ သစ်တောနှင့် မြေအသုံးချမှုဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး သစ်တောပြုန်းတီးမှုနှင့် မြေအတန်းအစား ကျဆင်းမှုတို့အား လျှော့ချရန်နှင့် သစ်တော ထိန်းသိမ်းရေးကို အတူတကွ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရန် ကတိကဝတ်ပြုခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ် မှ ၂၀၃၀ ပြည့်နှစ်ထိကိုလည်း ကုလသမဂ္ဂဂေဟစနစ်များ ပြန်လည် တည်ထောင်ရေး (၁၀)စုနှစ် (United Nations Decade on Ecosystem Restoration)ဟု သတ်မှတ်ခဲ့ပြီး ဂေဟစနစ်များ ပြန်လည် တည်ထောင်ရေးကို ကမ္ဘာနှင့်အဝှမ်း တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေရေး
အမျိုးသားမြေအသုံးချမှု မူဝါဒ (၂၀၁၆)တွင် မြေသယံဇာတများသည် နိုင်ငံသားများ၏ စားဝတ်နေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရေရှည်ရည်မှန်းချက် ချမှတ်ပြီး အထူးအလေးထား စီမံအုပ်ချုပ်အသုံးချရမည့် အရင်းအမြစ်များ ဖြစ်ကြောင်းနှင့် မြေအရင်းအမြစ်များကို စနစ်တကျ အသုံးချစီမံ ခန့်ခွဲနိုင်သည်နှင့်အမျှ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များ ပြည့်ဝလာစေရန် ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။
သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများသည် သစ်နှင့်သစ်တောထွက် ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်လုပ် သုံးစွဲနိုင်ရန် ဖွဲ့စည်းထားခြင်း သာမကဘဲ ငွေကြေးဖြင့် ဝယ်ယူ၍ မရနိုင်သော၊ ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် တိုးပွားရေး၊ သစ်တောသယံဇာတများကို စနစ်တကျ ထိရောက်စွာ စီမံအုပ်ချုပ်နိုင်ရေး၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်များ ဖြည့်ဆည်းရေး စသည့်အကျိုးကျေးဇူး အမျိုးမျိုးရရှိရေးအတွက် ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ သတ်မှတ်ဖွဲ့စည်း တည်ထောင်ခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၊ အကျိုးဆက်စပ် ဌာနများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများက သစ်တောဦးစီးဌာနနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ရည်မှန်းချက်နှင့်အညီ တိုးချဲ့ဖွဲ့စည်းနိုင်ပြီး သစ်တော သယံဇာတများကို သားစဉ်မြေးဆက်တိုင်အောင် စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်မည် ဖြစ်ပါသည်။ ။
သစ်တောမောင်