အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉ ရက်)
ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်ဟူသောဆိုစကားသည် နိုင်ငံနှင့်လူမျိုးတိုင်းအတွက် အသိပေး၊ သတိပေးထားသော စကားရပ်ဖြစ်သည်။ ယဉ်ကျေးမှုမရှိလျှင် လူသားတို့ရိုင်းစိုင်းလာကြမည်။ လောဘ၊ ဒေါသ၊ မောဟတို့ဖုံးလွှမ်းလာကာ သူတစ်ပါး အသက်ကိုသတ်ဖြတ်ခြင်း၊ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုကျူးလွန်ခြင်း၊ အမှန်ကိုအမှားဖြစ်အောင် လိမ်လည်ပြောဆိုခြင်းနှင့် မူးယစ်စေတတ်သော အရက်သေစာသောက်စားခြင်းတို့ကို လွယ်လွယ်ကူကူကျူးလွန်လာကြတော့မည်။ လောက၏ကောင်းကျိုးကို သယ်ပိုးလုပ်ဆောင်ရန်ထက် အဖျက်လုပ်ရပ်များကို လုပ်ဆောင်ရန် စိတ်ရိုင်းများဝင်လာသောအခါ ထိုလူမှုပတ်ဝန်းကျင်တွင် အမှောင်တို့ဖုံးလွှမ်းကာ မကြာမီပျက်စီးခြင်းသို့ ဆိုက်ရောက်တော့မည်သာဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများသည် လွန်စွာတန်ဖိုးထားဖွယ်ကောင်းလှသည်။ ဗုဒ္ဓဘာသာ သာသနာတော်ကို သက်ဝင် ယုံကြည်ကြသူများပီပီ လောကကောင်းကျိုးကို သယ်ပိုးရွက်ဆောင်ကြသည်။ လူသားချင်းစာနာထောက်ထားသောစိတ်ဖြင့် မကောင်းမှု ပြုလုပ်ရန် ဝန်လေးကြသည်။ ဆရာသမားမိဘဘိုးဘွားတို့၏ သွန်သင်ဆုံးမမှုအောက်တွင် ယဉ်ကျေးသိမ်မွေ့ကြသည်။ ယဉ်ကျေးသိမ်မွေ့သော လူ့အသိုင်းအဝန်းသည် ချစ်ခင်နှစ်သက်ဖွယ်ရာဖြစ်သည်။ ကြီးသူကိုရိုသေခြင်း၊ ရွယ်တူကိုလေးစားခြင်း၊ ငယ်သူကို သနားညှာတာခြင်း စိတ်ထားသည် ယဉ်ကျေးမှု၏ အခြေခံဖြစ်သည်။
နွေရာသီကျောင်းပိတ်ရက်အတွင်း ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေးနေခြင်းသည် လိမ္မာယဉ်ကျေးသော ကလေးများအဖြစ် ပြုပြင်ပုံသွင်းပေးခြင်းဖြစ်သည်။ ကာယကံယဉ်ကျေးမှု၊ မနောကံယဉ်ကျေးမှု၊ ဝစီကံယဉ်ကျေးမှုဟူသော ကိုယ်နှုတ်နှလုံး သုံးပါးလုံး ယဉ်ကျေးပြေပြစ်သူများဖြစ်အောင် သင်ကြားပေးနေခြင်းသည် လောကကိုအလှဆင်နေခြင်းဖြစ်သည်။ လူငယ်များသည် နောင်တစ် နေ့တွင် ကြီးမားသောတာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ပေရာ နုနယ်သောနှလုံးသားတွင် ကောင်းသော မျိုးစေ့ချပေး လိုက်ခြင်းဖြင့် တန်ဖိုးမြင့်မားသော လူကြီးများဖြစ်လာပေလိမ့်မည်။
လူမျိုးတိုင်းတွင် သက်ဆိုင်ရာယုံကြည်ကိုးကွယ်မှုနှင့် ဘာသာတရား၏ အဆုံးအမများရှိကြသည်။ သက်ဆိုင်ရာဘာသာတရားများ၏ အဆုံးအမအတိုင်းသာ လိုက်နာလုပ်ဆောင်ကြရမည်ဆိုပါက ကမ္ဘာကြီး ငြိမ်းချမ်းသာယာနေမည်သာဖြစ်သည်။ ယဉ်ကျေးလိမ္မာ သင်တန်းများသည် လူငယ်မောင်မယ်တို့အတွက် မကောင်းမှုကိုရွံရှာစိတ်၊ ကောင်းမှုကိုမြတ်နိုးစိတ်နှင့်အတူ မိမိတို့၏ ပတ်ဝန်းကျင် တွင် စိတ်ထားကောင်းသူ ကလေးများဖြစ်လာအောင် သင်ကြားပေးနေခြင်းဖြစ်သည်။ အနန္တောအနန္တငါးပါးကို ကြည်ညိုကိုင်းရှိုင်း တတ် စေရန်၊ မိမိတို့၏ လူမှုပတ်ဝန်းကျင် ဆက်ဆံရေးတွင် ယဉ်ကျေးစွာ ဆက်ဆံတတ်ကြရန်၊ (၃၈)ဖြာမင်္ဂလာ တရားတော်နှင့်အညီ နေထိုင်တတ်စေရန် သင်ကြားပေးခြင်းဖြစ်သည်။
ထို့အတူမြတ်ဗုဒ္ဓဘုရားရှင်၏ဖြစ်တော်စဉ်များမှ ဇာတ်တော်များကို ထုတ်နုတ်ဥပမာပေးကာ လောက လူ့ရွာကောင်းကျိုး သယ်ပိုး တတ်စေရန် သင်ကြားပေးနေခြင်းကြောင့် ထိုကလေးများကြီးပြင်းလာလျှင် အနိမ့်ဆုံးအဆင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၏ ကောင်းကျိုးသယ်ပိုးသူများ ဖြစ်လာပေမည်။ လူငယ်တို့၏ နုနယ်သော နှလုံးသားကိုကောင်းသောစိတ်၊ ကောင်းသောအတွေး၊ ကောင်းသော အမြင်များ ဖြစ်လာအောင်သင်ကြားပေးနိုင်ခြင်းသည် နိုင်ငံတော်နှင့် လူမျိုး၏ ဂုဏ်ကိုမြှင့်တင်ပေးနေခြင်းဟု ဆိုနိုင်သည်။ မြန်မာတို့၏ ယဉ်ကျေးမှုဓမ္မအမွေအနှစ်ကို လူငယ်များတန်ဖိုးထား ထိန်းသိမ်းလိုက်နာ ကျင့်ကြံကြမည်ဆိုလျှင် နိုင်ငံတော်၏ အနာဂတ်လှပကာ အမျိုးဘာသာသာသနာတို့ တည်တံ့နေမည်ဖြစ်သည်။
(၃၈)ဖြာမင်္ဂလာတရားတော်၏ အနက်အဓိပ္ပာယ်ကိုရှင်းလင်းစွာသိရှိပြီး လိုက်နာမည်ဆိုလျှင်ပင် လူငယ်တို့ဘဝအဆင့်အတန်းသည် မြင့်သည်ထက်မြင့်လာပေမည်။ လူမိုက်တို့ကိုမပေါင်းသင်းမဆည်း ကပ်ခြင်းဟူသောမင်္ဂလာအရ မိမိပတ်ဝန်းကျင်တွင်ရှိသူသည် လူဆိုးလား၊ လူကောင်းလား၊ အကျင့်စာရိတ္တ ကောင်းသူလား၊ မကောင်းသူလားစိစစ်ပြီး မကောင်းလျှင်ရှောင်ရှားရမည်ဖြစ်သည်။ လူမိုက်သည် ခွေးသေကောင်ပုပ်နှင့်တူသည်။ ခွေးသေကောင်ပုပ်သည် ကိုယ်တိုင်လည်းအနံ့ဆိုးသည်။ ထိမိလျှင်လည်း ထိုအနံ့ဆိုး ကူးစက်သည်။ ထို့ကြောင့်လူမိုက်ကိုရှောင်ခြင်းသည် ဘဝတိုးတက်ရေးအတွက်မင်္ဂလာဖြစ်သည်။
ပညာရှိသူ လူလိမ္မာတို့ကို ပေါင်းသင်းဆည်းကပ်ခြင်းမင်္ဂလာအရ သင်၏ အပေါင်းအသင်းများသည် လူတော်လူကောင်းဖြစ်နေပါမှ သင်၏ ပညာရေး၊ စီးပွားရေး၊ ကုသိုလ်ရေးစသည်များ တိုးတက်ဖြစ်ထွန်း ပေလိမ့်မည်။ ပညာရှိ လူလိမ္မာတို့သည် ရေမွှေးနှင့်တူသည်။ ရေမွှေးသည် ကိုယ်တိုင်လည်းမွှေးသလို ထိစပ် သူကိုမွှေးကြိုင်စေသည်။ လူလိမ္မာသည် ကောင်းသတင်းကျော်စောသကဲ့သို့ သူနှင့် ပေါင်းဖော်ယှဉ်တွဲနေသူကိုလည်း ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောစေသည်။ ပူဇော်ထိုက်သူကိုပူဇော်ခြင်းမင်္ဂလာ အရ ဆရာသမား၊ လူကြီးမိဘတို့ကို ရိုသေလေးစားတန်ဖိုးထားသောအခါ ထိုသူတို့ကမိမိတို့၏ ဘဝတိုးတက် မြှင့်တင်မြင့်မားရေးကိုသာ ကြည့်ရှုစောင့်ရှောက်ကြမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ယဉ်ကျေးလိမ္မာမှုရှိသော လူငယ်များဖြစ်လာစေရေး ပြုပြင်နေထိုင် ပြောဆိုကျင့်ကြံသွားကြရန် တိုက်တွန်းလိုက်ရပါကြောင်း။ ။