ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးမှသည် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို အချိန်ကိုက် ဖြည့်ဆည်းပေးနိုင်မည်

ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးမှသည် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို အချိန်ကိုက် ဖြည့်ဆည်းပေးနိုင်မည်

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမယ် တော်တော်များများ စိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာတို့သည် မိရိုးဖလာအရ မြေပဲဆီနှင့် နှမ်းဆီတို့ကို အဓိကထား စားသုံးခဲ့ကြပြီး နောက်ပိုင်းတွင် နေကြာဆီကိုလည်း နှစ်နှစ်ခြိုက်ခြိုက်  သုံးစွဲလာကြသည်။  ထိုသို့စားသုံးရာတွင် စားသုံးဆီ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးပါလာသည်။ ကျန်းမာရေးအတွက် လူတစ်ဦးချင်း ဆီစားသုံးရန် လိုအပ်မှုမှာ ၂ ဒသမ ၂၅ ကျပ်သားအထိသာရှိကြောင်း တွေ့ရသည်။ တစ်ဦးချင်း တစ်နေ့ လိုအပ်ချက်ထက် ပိုမိုစားသုံးနေခြင်းကြောင့် စားသုံးဆီ လိုအပ်ချက် ပိုမိုဖြစ်ပေါ်လျက်ရှိသည်။ သို့ရာတွင် ပြည်တွင်းစားသုံးဆီထုတ်လုပ်နိုင်မှုထက် ပြည်တွင်းဆီစားသုံးမှုက များစွာပိုလာသည်။ မြန်မာနိုင်ငံ၏ လူဦးရေအရ ဆီစားသုံးမှုကို တွက်ချက်ကြည့်လျှင် အာဆီယံနိုင်ငံများ အတွင်း၌ စားသုံးမှု အနိမ့်ဆုံးနှုန်းဖြင့် တွက်ချက်ကြည့်လျှင်ပင် တစ်နှစ်ပျမ်းမျှ ဆီ ၆၀ ကျပ်သား ( ၁၂ ကီလိုဂရမ် )  ခန့်စားသုံးကြောင်း တွေ့ရသည်။ ထိုသို့ ပြည်တွင်း ဆီစားသုံးမှု လိုအပ်လျက် ရှိသည့်အတွက် ယခုအခါ နိုင်ငံတော်မှ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးမှသည် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို အချိန်ကိုက် ဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

စားသုံးဆီလိုအပ်မှု

    မိမိတို့နိုင်ငံတွင် ဆီကို ပြည်တွင်းစားသုံးမှု၊ စက်မှုလုပ်ငန်းသုံးနှင့် ဟိုတယ်ခရီး သွားလုပ်ငန်းသုံး အားလုံးပေါင်း နှစ်စဉ် ဆီတန်ချိန် ၁၁ သိန်းခန့် စားသုံးသည့် အနက် တန်ချိန် ကိုးသိန်းကျော်ကို ပြည်ပမှ တင်သွင်းရသည်ဟုဆိုသည်။ ပြည်တွင်း၌ ဆီထွက်သီးနှံများ ဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပိစပ်၊ ပဲပုပ်၊ ဆီအုန်းတို့ စိုက်ပျိုးထွက်ရှိသော်လည်း ပြည်တွင်းလိုအပ်ချက်နှင့် အဆများစွာ ကွာခြားနေခြင်းအတွက် အဖြေရှာရန် လိုအပ်ပြီး ရေရှည်တွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပြည်ပပို့ကုန်အဖြစ် ရောင်းချနိုင်ရေးအထိ ရည်မှန်းဆောင်ရွက် သွားရန် လိုအပ်သည်။

စားသုံးဆီဖူလုံရေးအတွက် လမ်းညွှန်မှာကြားမှု

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်( ၂/၂၀၂၂ )တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်  စားဆီနှင့်ပတ်သက်၍ တစ်ဦးချင်းဆီစားသုံးမှုနှုန်းလျှော့ချရေး ဦးတည်ပြောကြားခဲ့ကြောင်း၊ ကျန်းမာရေး အတွက် တစ်ရက် လျှင် လူတစ်ဦးချင်း ဆီစားသုံးရန် လိုအပ်မှုမှာ ၂ ဒသမ ၂၅ ကျပ်သားအထိသာဖြစ် ကြောင်း၊ ယင်းနှုန်းဖြင့် တစ်နိုင်ငံလုံးအတွက် ဆီလိုအပ်ချက်ကို ခန့်မှန်းတွက်ချက်ခဲ့ရာ မိမိတို့နိုင်ငံ၏ ဆီထွက်ရှိမှုနှင့် လုံလောက်မှု မရှိကြောင်း၊   မိမိတို့နိုင်ငံရှိ တစ်ဦးချင်း ဆီစားသုံးမှုသည် မြင့်မားလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ဆီစားသုံးမှုကို လျှော့ချရန် လိုအပ်သကဲ့သို့   တစ်ဖက်မှလည်း စားသုံးဆီ ထုတ်လုပ်မှု တိုးတက်ရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက နည်းလမ်း ရှာဖွေဆောင်ရွက်ကြရန် လိုကြောင်း၊  မိမိတို့နိုင်ငံတွင်  စိုက်ပျိုးမြေ အလုံအလောက်ရှိပြီး အဆိုပါစိုက်ပျိုးမြေများကို အပြည့်အဝအသုံးချ စိုက်ပျိုးရန်လိုကြောင်း၊ စိုက်ဧကများ အားလုံးတွင် သီးထပ်စိုက်ပျိုးရေး များဖြင့်  စိုက်ပျိုးမည်ဆိုပါက  အထွက်များ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ ထိုသို့ သီးထပ်စိုက်ပျိုးမည် ဆိုပါက နွေရာသီကာလတွင် စိုက်ပျိုးရေး အတွက် ရေရရှိရေးနည်းပညာ အသုံးပြု၍ ရေတင်စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ပါက ပိုမိုအကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ ဆီအုန်းများ စိုက်ပျိုးမှုကို စစ်ဆေးခဲ့ရာ အချို့စိုက်ပျိုးရေး မြေနေရာများတွင် အမှန်တကယ် စိုက်ပျိုးထားမှု မရှိသည်ကို တွေ့ရှိရသဖြင့် စီမံခန့်ခွဲမှုများတွင် လိုအပ်ချက်များရှိသည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးမှု

    ထိုသို့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားမှုနှင့်အတူ သက်ဆိုင်ရာဌာနများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်း ဒေသကြီး အနေဖြင့် ဆီထွက်သီးနှံနေကြာကို ၂၀၂၂-၂၀၂၃ ခုနှစ်တွင်စတင်ပြီး စိုက်ဧက တိုးချဲ့စိုက်ပျိုးသွားရန်  စီမံချက်ချမှတ် ဆောင်ရွက်နေသည်။ တိုင်းဒေသကြီး တစ်ခုလုံးမှာ နေကြာ၂၂၄၆၈၈ ဧကတိုးချဲ့စိုက်ပျိုးသွားနိုင်ရန် အတွက် လိုအပ်သည့် နေကြာမျိုးစေ့များ ရရှိရန် အဓိကထား ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ တွင် ဆင်းရွှေကြာနှစ်မျိုးနှင့် မျိုးစေ့ထုတ်ဧက  ၃၀၀၀  စိုက်ပျိုးနိုင်ရန်အတွက် ဟင်္သာတခရိုင်  မြန်အောင်မြို့နယ်တွင် ဧက ၁၃၀၀၊ ကြံခင်းမြို့နယ်တွင် ဧက ၁၀၀၀ နှင့် အင်္ဂပူမြို့နယ်တွင် ဧက ၇၀၀ စိုက်ပျိုးသွားမည်ဖြစ်သည်။ နေကြာဧက ၃၀၀၀ မျိုးစေ့ထုတ်စိုက်ရန် လိုအပ်သည့် နေကြာမျိုးစေ့များကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်များဖြင့် မျိုးစေ့များကို ပြန်လည်ဝယ်ယူပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီ  နေကြာစိုက်ပျိုးကြရန် တိုင်းဒေသကြီးအတွင်းရှိ တောင်သူများကို နေကြာမျိုးစေ့များ ပြန်လည်ဖြန့်ဖြူးသွား မည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြေနေရာ ကျယ်ဝန်းသည်။  စိုက်ပျိုးရန်ဖြစ်ထွန်း သည့် ရေခံမြေခံကောင်းသောဒေသဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီးရှိ ၂၆ မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာစိုက်ပျိုးရာသီမှ စတင်၍ နေကြာဧကများ တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံနေကြာကို     ဧရာဝတီတိုင်းဒေသ ကြီး ဟင်္သာတခရိုင်တွင် အများဆုံး စိုက်ပျိုးသွားမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာဧကပေါင်း ၁၀၇၆၆၀၊ ဒုတိယ အများဆုံး  စိုက်ပျိုးသွားမည့်ခရိုင်မှာ မအူပင်ခရိုင်ဖြစ်ပြီး  နေကြာဧကပေါင်း ၇၀၉၂၃ ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။

၂၀၂၂-၂၀၂၃ ခုနှစ်၌ ဧရာဝတီတိုင်း ဒေသကြီးရှိ ၂၆ မြို့နယ်တွင် ဆီထွက်သီးနှံ နေကြာအများဆုံး စိုက်ပျိုးမည့်မြို့နယ်မှာ အင်္ဂပူမြို့နယ်ဖြစ်ပြီး ဧကပေါင်း ၃၀၆၁၀၊ ဒုတိယအများဆုံး စိုက်ပျိုးမည့် မြို့နယ်မှာ ဇလွန်မြို့နယ်ဖြစ်ပြီး ဧကပေါင်း ၂၆၀၀၅ ဧကနှင့် တတိယအများဆုံး စိုက်ပျိုးမည့် မြို့နယ်မှာ မအူပင်မြို့နယ်ဖြစ်ပြီး ဧကပေါင်း ၂၂၅၉၃ ဧကတို့ဖြစ်ကြသည်။ ကျန်မြို့နယ် အသီးသီးတွင်လည်း ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာစိုက်ပျိုးရာသီချိန်တွင် နေကြာဧကများ အသီးသီးတိုးချဲ့ စိုက်ပျိုးသွားကြမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ဆီထွက်သီးနှံ စိုက်ဧကတိုးချဲ့ရေးနှင့် ပြည်ပမှ စားသုံး ဆီတင်သွင်းမှုကို အကန့်အသတ်ဖြင့် တင်သွင်းရေးတို့ကို ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခုတို့က  ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။  ပြည်ပမှ  တင်သွင်းနေသည့် စားအုန်းဆီဈေးနှုန်း မကြုံစဖူး မြင့်မားလာခြင်းက ပြည်ပဆီတင်သွင်းမှု ကန့်သတ်ရန်နှင့်   စားအုန်းဆီစားသုံးမှု လျှော့ချရန်တွန်းအားပေးနေသည့် အကြောင်းတစ်ရပ်လည်း ဖြစ်နေသည်။ ပြည်တွင်းဆီထုတ်လုပ်မှု ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် ဆီသုံးစွဲမှုလျှော့ချ၍ ပြည်ပတင်သွင်းမှု ကန့်သတ်ခြင်းတို့ အောင်မြင်မှုရရှိသည်နှင့် အမျှ နိုင်ငံနှင့်ပြည်သူတို့အတွက် အကျိုးကျေးဇူး ကြီးကြီးမားမား ရရှိနိုင်သည်။ ပြည်ပ သို့ထွက်သွားရမည့်ငွေများ    ပြည်တွင်းစားသုံးဆီ စိုက်ပျိုးမှု၊ ဆီကြိတ်ခွဲမှု၊ သယ်ယူပို့ဆောင်မှု၊  ရောင်းဝယ်မှု  အစရှိသည့် ဆီဈေးကွက်အတွင်းရှိ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ဆီသို့  ရောက်ရှိလာမည်ဖြစ်သည်။

ကမ္ဘာ့စားသုံးဆီအခြေအနေနှင့် မြန်မာနိုင်ငံ၏ စားသုံးဆီဖူလုံရေး ဆောင်ရွက်နေမှု

    ကမ္ဘာ့စားအုန်းဆီ   ဈေးကွက်တွင် ယခင်ဘဏ္ဍာနှစ်များက ဈေးနှုန်းတည်ငြိမ်ခဲ့ သော်လည်း  ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်ခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်၍ ကမ္ဘာ့ စားအုန်းဆီဈေးနှုန်း မြင့်တက်မှုများဖြစ် ပေါ်ခဲ့သည်။ ကမ္ဘာ့အခြေအနေ ပြောင်းလဲမှုအရ ဆီထွက်သီးနှံမှာ ဈေးကွက်သီးနှံ တစ်ခုဖြစ်လာသည်။ ထိုအခြေအနေများအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက် “စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ” ကိုဖွဲ့စည်း၍ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ  ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို    ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃  ခုနှစ်တွင်  မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေကြာဧကပေါင်း ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်သည်။

ထို့ကြောင့်   နေကြာစိုက်တောင်သူများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ တက်ညီလက်ညီ စွမ်းအားပြည့် ပူးပေါင်းဆောင်ရွက်ကြပါလျှင် နေကြာဧက တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်း အောင်မြင်မှုရရှိမည်ဖြစ်ပေသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပြည်တွင်းစားသုံး ဆီဖူလုံမှုရရှိရေးအတွက်  ဆီထွက်သီးနှံ နေကြာအား တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ကြခြင်းအားဖြင့် သီးနှံစိုက်စွမ်းအား တိုးတက်ရရှိစေမည့်အပြင် နေကြာသီးနှံ အထွက်နှုန်းကိုလည်း တိုးတက် ရရှိနိုင်မည်ဖြစ်သည့် အတွက် ယခုအခါ နိုင်ငံတော်မှ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးမှသည် ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကို    အချိန်ကိုက် ဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက်ထားရှိမှုများကို    ရေးသား တင်ပြလိုက်ရပါသည်။      ။

ဇော်မျိုး(နေပြည်တော်)