လာမည့်ဘောလုံးရာသီမှစ၍ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို တစ်ကျော့တည်းကစားရန် ဥရောပဘောလုံး အဖွဲ့ချုပ် ပြင်ဆင်နေ
ဇူးရစ်၊ ဘောလုံး
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ချန်ပီယံ လိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားသည့်စနစ်မှ လာမည့်ဘောလုံးရာသီမှစ၍ တစ်ကျော့တည်းကစား ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
၁၉၉၅ ခုနှစ်က ဥရောပဖလားပြိုင်ပွဲအမည်ဖြင့် စတင်ကျင်းပခဲ့ပြီး လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲသည် ကမ္ဘာတစ်ဝန်း ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံးပြိုင်ပွဲ တစ်ခုအဖြစ် ရပ်တည်နေသော်လည်း ဥရောပဘောလုံး အဖွဲ့ချုပ်က ပြိုင်ပွဲကို ယခုထက် ပိုမိုစိတ်ဝင်စားမှုရှိလာစေရန် နောက်ပိုင်းနှစ်များတွင် စည်းမျဉ်းများပြောင်းလဲ ကျင်းပလျက်ရှိပြီး ယခုအခါတွင်လည်း ဆီမီးဖိုင်နယ် အဆင့်မှစ၍ တစ်ကျော့တည်းကစားရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဥရောပဘောလုံးအဖွဲ့ချုပ်သည် ယခုဘောလုံး ရာသီတွင်လည်း ရှုံးထွက်အဆင့်ပွဲစဉ်များတွင် ယခင် ကအသုံးပြုခဲ့သည့် အဝေးဂိုး စည်းမျဉ်းကို ဖျက်သိမ်းခဲ့ပြီး အိမ်ကွင်း၊ အဝေးကွင်း ဂိုးကွာခြားချက်များကို ထည့်သွင်းတွက်ချက်ခြင်းမရှိဘဲ ကျင်းပခဲ့သည်။ လာမည့် ဘောလုံးရာသီတွင်လည်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ကစားသည့် ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်ကို ဗိုလ်လုပွဲကဲ့သို့ တစ်ကျော့ တည်းကစားရန်ပြင်ဆင် နေခြင်းဖြစ်သည်။
လက်ရှိတွင် ဥရောပဘောလုံးအဖွဲ့ချုပ်က အဆိုပါ စည်းမျဉ်းသစ်ကို အတည်ပြုကြေညာခြင်းမရှိသေးသော်လည်း လာမည့် ဘောလုံးရာသီမှစ၍ အသုံးပြု ခွင့်ရရှိရန်အတွက် ဥရောပကလပ်များအဖွဲ့ချုပ်ထံ တင်ပြရန် ပြင်ဆင်နေသကဲ့သို့ လာမည့်ဥရောပ ဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်တွင်လည်း ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
Ref;The Time