မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း အပြီးသတ်လူစာရင်းထုတ်ပြန်

နေပြည်တော်  ဧပြီ  ၂၉

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း အပြီးသတ်လူစာရင်းထုတ်ပြန်

(၃၁)ကြိမ်မြောက်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း၏ အပြီးသတ်ကစားသမား ၁၆ ဦး စာရင်းကို ထုတ်ပြန်ခဲ့ကြောင်း နည်းပြချုပ် ဦးတင်မောင်ဌေးထံမှ သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည်     အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် NS DF ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ကာ ကစားသမား ၂၂ ဦးဖြင့်   လေ့ကျင့်မှု များ ပြုလုပ်လျက်ရှိရာမှ ယခုအခါ အပြီးသတ်ကစားသမား ၁၆ ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အပြီးသတ်ရွေးချယ်ခံရသော ကစားသမားများမှာ ဂိုးသမားများ ခိုင်နှင်းသန့်(ISPE)၊ နွယ်နွယ်စိုး(ဧရာဝတီ)၊ ကစားသမားများ အေးအေးထွေး(YREO)၊ နန်းခမ်းမို(SPED)၊ ဝင်းဝင်းခိုင်(ဖူဆယ်ချစ်သူ)၊ နန့်ဝေသဇင် (ISPE)၊ ခိုင်သဇင်ဦး(ISPE)၊ ခိုင်ပြည့်လင်း (ISPE)၊ စုပိုပိုကျော် (Shin Lay -၂)၊ ဝါဝါခိုင်  (SPED)၊  ခင်မာလင်း (SPED)၊ ဇင်မိုးပြည့် (ရန်ကုန်)၊ မေသက်ပိုင်(ပဲခူး)၊ နှင်းစန္ဒာလှိုင် (သစ္စာအားမာန်)၊ ယမင်းလွင် (သစ္စာအားမာန်)၊ ယွန်းမီမီလွင် (သစ္စာအားမာန်)တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းသည် ယနေ့နံနက်ပိုင်းတွင် Nonth aburi အမျိုးသမီးဖူဆယ်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိသည်။ အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်ကာ ထိုမှတစ်ဆင့် ဆီးဂိမ်းပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် ဗီယက်နမ်အသင်းနှင့် မေ ၁၅ ရက်တွင် လည်းကောင်း၊ ထိုင်းအသင်းနှင့်မေ ၁၇ ရက်တွင်လည်းကောင်း၊ မလေးရှားအသင်းနှင့် မေ ၁၉ ရက်တွင်လည်းကောင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်