COVID-19 ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ဆက်လက်လက်ခံပြီး လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

တပ်မတော်အနေဖြင့် Coronavirus Disease  2019 (COVID-19)   ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့ကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာများကို လက်ခံကုသပေးနိုင်ရန်အတွက်  ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထား ရှိလျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်မှစတင် လက်ခံ၍ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့လက်ခံကုသပေးလျက်ရှိရာ ယနေ့အထိ မှော်ဘီမြို့နယ်၊ တပ်မတော်ဆေးဘက် ဆိုင်ရာပညာသင်ကျောင်းတွင်  ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ သံဃာတော် ၁၉၇ ပါးနှင့် အရပ်သား ၁၅၃ ဦး၊ အင်းစိန်မြို့ နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန် တော်တွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၁၈၈ ပါး၊ လှည်းကူးမြို့နယ်၊ ရဲမွန်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အရပ်သား ၂၉၃ ဦး၊    မှော်ဘီမြို့နယ်ရှိ   နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သာသနာနွယ်ဝင်သီလရှင် ၃၆ ပါးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင်  ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၃၈၁ ဦးတို့ကို အသီးသီးလက်ခံကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲလူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်ကစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ ကုသပေးရန် အဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊  လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးမှုများကို  ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့တပ်မတော်က ဆောင်ရွက်ပေးနေမှုများကို ယခုလိုကြားသိခဲ့ရပါသည်။

''အင်းစိန်မြို့နယ်  ဓမ္မဝါရီသီလရှင် စာသင်တိုက်မှာ တစ်ရက်ဖျားတယ်။ အဖျားပျောက်ပြီးနောက်နေ့မှာအနံ့မရတော့ဘူး။ အနံ့မရလို့ နာယကများကို လျှောက်တင်ပါတယ်။ သံသယရှိလို့ စစ်ဆေးခဲ့ပါတယ်။ ၂၆-၉-၂ဝ၂ဝ ရက်နေ့မှာ တပ်မတော်ကနေ ဆရာလေးတို့ကျောင်းကို လာရောက်ပြီး  စစ်ဆေးပါတယ်။ အဲဒီမှာ ၁ဝ ပါးစစ်ပါတယ်။ ခြောက်ပါးပိုးတွေ့ရှိပါတယ်။

ပိုးတွေ့တဲ့အတွက်   နယ်မြေခံစစ်မြေပြင် ဆေးတပ်ရင်းကို ခေါ်ဆောင်ခဲ့ပါတယ်။ နေ့စဉ်တစ်နေ့တစ်ကြိမ် ကိုယ်အပူချိန်တိုင်းပေးတယ်။

သွေးပေါင်ချိန်ပေးတယ်။  နှလုံးခုန်နှုန်းတိုင်းပေးတယ်။ သွေးတွင်း အောက်ဆီဂျင် ပမာဏကိုတိုင်းပေးတယ်။ အသက်ရှူနှုန်းကို စစ်ဆေးပေးပါတယ်။ လိုအပ်ရင်လိုအပ်သလို တစ်ဦးချင်းစီဖြစ်တဲ့ ရောဂါအပေါ်မှာ    မူတည်ပြီး ဆေးတွေတိုက်ပေးပါတယ်။  အရုဏ်ဆွမ်းမှာ ဆိုရင် ဆွမ်းနဲ့ပဲပြုတ်၊ ကြက်ဥကြော်ကပ်လှူပါတယ်။  နေ့လယ်မှာဆို  ကြက်သား၊ ငါး၊ ပဲဟင်း၊ ဂေါ်ဖီကြော်၊ တခြားသောဟင်းများနဲ့ လာရောက်ကပ်လှူပါတယ်။ နေ့လယ်ပိုင်းမှာ ဆိုရင်အသီးတွေနဲ့၊ ကြက်ဥပြုတ်အာဟာရပြည့် မယ့်မုန့်တွေကိုကပ်လှူပါတယ်။ ညနေပိုင်းမှာ အချိုရည်နဲ့  ဂျင်းသုပ်ကို ကပ်လှူပါတယ်။

ဂိလာနတွေအတွက်လိုအပ်ရင် ခေါက်ဆွဲပြုတ် စီစဉ်ပေးပါတယ်။ ဆရာလေးတို့ကို ဆေးကုသမှုပေးတဲ့  တပ်မတော်က တာဝန်ရှိသော ဆရာဝန်၊ ဆရာမများနဲ့ အားလုံးကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ်'' ဟု အင်းစိန်မြို့နယ်  ဓမ္မဝါရီသီလရှင် စာသင်တိုက်မှ  လာရောက်ဆေးကုသမှု ခံယူလျက်ရှိသည့်  သီလရှင်ဆရာလေးတစ်ပါးက မိန့်ကြားသည်။

'' COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်က အမျိုးသားရေး ကိစ္စရပ်ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ  Quarantine Centreဆေးရုံတွေကို ဖွင့်ပြီးတော့ ပြည်သူလူထုကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ တပ်မတော်သား တစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတဲ့ အတွက်လည်း အထူးဂုဏ်ယူပါတယ်။ တစ်နေ့တစ်နေ့ကို လူအင်အားအပေါ် မူတည်ပြီး

ကျွန်တော်တို့ချက်ပြုတ်တာ ဆန် ခုနစ်အိတ် ကုန်တဲ့နေ့တွေလည်း ရှိပါတယ်။ အင်အားနည်းတဲ့အခါ ဆန် သုံးအိတ်ပတ်ဝန်းကျင်နဲ့ နေ့တိုင်းချက်ပြုတ် ကျွေးမွေးလျက်ရှိပါတယ်။ အသား၊ ငါးတွေကိုလည်း ရန်ကုန်တိုင်း စစ်ဌာနချုပ်က စီစဉ်ပေးပါတယ်။ အသီးအရွက်ကတော့   သီရိမင်္ဂလာဈေးကနေ ဝယ်ရပါတယ်။ လော့ဒေါင်း အစီအစဉ်မှာကျတော့ဝယ်ယူဖို့ခက်ခဲတဲ့အခါမျိုးမှာ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးကလည်း ကြာရှည်ခံတဲ့အသီးတွေ ဖရုံသီး၊ အာလူး၊ ကြက်သွန်၊ ဂေါ်ရခါးသီး၊ ခရမ်းသီးလိုမျိုးတွေကို ဝယ်ပြီးသိုလှောင်ဖြန့်ဖြူးပေးပါတယ်။

နံနက်စောစာမှာဆိုရင်  ထမင်းကြော်၊ လက်ဖက်ရည်၊ ကြက်ဥပြုတ်၊ နေ့လယ်စာမှာ အသားတစ်မျိုး သို့မဟုတ် ငါး၊ ပဲဟင်း၊ အသီးအရွက်ကြော်၊ တို့စရာ၊ အငန်ချက်၊ အချိုပွဲအနေနဲ့ ကတော့ ငှက်ပျောသီးကျွေးပါတယ်။ နေ့လယ်တစ်နာရီမှာဆိုရင်  လက်ဖက်ရည်တစ်ကြိမ် တိုက်ပါတယ်။   ညစာကတော့ အသား သို့မဟုတ် ငါးတစ်မျိုး၊ ချဉ်ရည်ဟင်း သို့မဟုတ် ဟင်းချို၊ ဟင်းခါး၊ အသီးအရွက်ကြော်တစ်မျိုး၊ တို့စရာ၊ ငါးပိရည် အဲလိုကျွေးပါတယ်။ စားတဲ့သူတွေ  မိမိအိမ်မှာလိုပဲ  စားလို့သောက်လို့ အဆင်ပြေစေဖို့အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ကြိုးစားပြီး   ချက်ပြုတ်ကျွေးမွေးပါ

တယ်။ ဘာသာခြားလူမျိုးတွေလည်း ပါပါတယ်။

အသားစားဖို့အတွက်  အဆင်မပြေဘူး။ အဆင်မပြေတဲ့အခါမှာ  သူတို့တောင်းဆိုတဲ့ဟာလေးတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ်။ ကျန်းမာရေး မကောင်းတဲ့သူတွေ အတွက်လည်း သူတို့တောင်းဆိုတဲ့ ဆန်ပြုတ်ပေါ့လေ။ တချို့ဆို ကလေးလေးတွေ Quarantine  ကာလတုန်းကဆို လသားလေးတွေတောင်ပါတယ်။   သူတို့အတွက်ကို   ကျွန်တော်တို့ ဆန်ပြုတ်၊ နွားနို့ကျိုပြီးတော့ အာဟာရပြည့်အောင်၊ အဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ်။

ဟောလစ်ချောတို့   ဟောလစ်နန်းတို့ ဘီစကွတ်တို့  နွားနို့တို့ နို့မှုန့်တို့  အဲ့ဒါတွေပါသူ့အချိန်နဲ့သူ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း အချိန်နှင့်တစ်ပြေးညီ ကျွေးမွေးပါတယ်။

တပ်မတော်သားတွေရဲ့ ချွေးနှဲစာနဲ့ ကျွန်တော်တို့ရဲ့ ပြည်သူလူထုကို ပြန်လှူရတဲ့ အလှူပွဲကြီးမှာ ကျွန်တော်တို့က တစ်တပ်တစ်အားနဲ့ ပါဝင်ပြီး ကိုယ်တိုင်ချက်ပြုတ် ကျွေးမွေးရတဲ့အတွက်လည်း အင်မတန်ဂုဏ်ယူပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။  အချိန်မီစားသောက်နိုင်ရေးအတွက် မနက်ဆိုရင် အဖွဲ့လိုက်ပေါ့လေ။

၂  နာရီလောက်က ထပြီး လည်ပတ်ရပါတယ်။ မီးအပူ၊ ရာသီဥတုအပူ၊ ချွေးတလုံးလုံးနဲ့ပေါ့။ 

အဲ့လိုလုပ်ရပေမယ့်လည်း သူတို့ပြန်သွားတဲ့အခါ  အကြံပြုစာလေးတွေရေးသွားတာရှိတယ်။  အဲ့ဒါလေးတွေကို ကျွန်တော်တို့ရဲ့ အထက်အရာရှိတွေက လာဖတ်ပြပါတယ်။ ကျေးဇူးတင်တဲ့ အကြောင်း၊ တပ်မတော်သားတွေ ချက်ကျွေးတာ စားလို့ကောင်းတဲ့အကြောင်း၊ အဲ့ဒါမျိုးတွေပြန်ကြားရတော့ ကျွန်တော်တို့ ပူတဲ့အပူဟာ ငြိမ်းသွားသလို ခံစားရပြီးတော့ ရှေ့ဆက်ပြီး    ဒီထက်မက တာဝန်တွေ ထမ်းဆောင်ဖို့  ခွန်အားတွေဖြစ်ပေါ်စေပါတယ်''ဟု ချက်ပြုတ်ရေးတာဝန်ခံ တပ်ကြပ် အောင်မြင့်မော်က ပြောသည်။