၂၀၂၂ ခုနှစ် မေ ၁ ရက်သည် ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်သည်။ နှစ်စဉ်မေ ၁ ရက်ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတို့က အလုပ်သမားနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ ထိုသို့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ ကမ္ဘာတစ်ဝန်းရှိ လုပ်သားကြီးများ၏ အရေးပါမှုကို အသိအမှတ်ပြုရန်၊ အရည်အချင်းအလိုက်ထိုက်သင့်သောလုပ်ခလစာအကျိုးခံစားခွင့်ရရှိရန်၊ လူမှုဖူလုံရေး ပြည့်ပြည့်၀၀ ဆောင်ရွက်ပေးနိုင်ရန်၊ အလုပ်ရှင်အလုပ်သမားအပြန်အလှန်ဆက်ဆံရေး ကောင်းမွန်စေရန်နှင့် အပြန်အလှန် အကျိုးပြုနိုင်ရန်တို့ ဖြစ်သည်။
ကမ္ဘာ့အလုပ်သမားနေ့ ပေါ်ပေါက်လာရခြင်းမှာ အလုပ်သမား အခွင့်အရေးများ တောင်းဆိုရာမှ အစပြုခဲ့သည်။ အလုပ်သမားများသည် ၁၈ ရာစုအတွင်းက တစ်နေ့လျှင်အလုပ်ချိန် ၁၆ နာရီမှ နာရီ ၂၀ ခန့်အထိ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ်ကြရသည်။ ထိုသို့လုပ်ကိုင်ကြရသော်လည်း ခံစားခွင့်အနည်းငယ်နှင့် သက်သာခွင့် မရကြဘဲ အလုပ်ရှင်များ၏ ဖိနှိပ်ချုပ်ချယ်မှုများကို ရင်စည်းခံရင်းဆင်းရဲတွင်းနက်သည်ထက် နက်လာကြသည်။ ထိုအခါ အလုပ်သမားထုကြီးက အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုလာကြသည်။ အဓိကအချက်မှာ အလုပ်ချိန်လျှော့ပေါ့ပေးရေးကို ဦးတည်တောင်းဆိုသည်။ အလုပ်ရှင်များက အလွယ်တကူ လိုက်လျောခြင်း မရှိသဖြင့် အဖမ်းခံ၊ အနှိပ်စက်ခံရင်း အလုပ်ချိန်လျှော့ပေါ့ရေးအတွက် စဉ်ဆက်မပြတ်တိုက်ပွဲဝင်ခဲ့သည်။
အလုပ်သမားတို့၏ တောင်းဆိုမှုသည် ကျယ်ပြန့်လာခဲ့ရာ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် သြစတြေးလျအထိပင်ပျံ့နှံ့လာခဲ့သည်။ ၁၈၈၄ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ ကျင်းပသည့်လှုပ်ရှားမှုတွင် အမေရိကန် လုပ်သားများက တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီသာသတ်မှတ်ပေးရန်တောင်းဆိုသည်။ ထိုတောင်းဆိုချက်ကြောင့် ၁၈၈၉ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပသည့် အလုပ်သမားညီလာခံကြီးသည် တောင်းဆိုချက်စတင်သက်ရောက်သော ၁၈၈၆ ခုနှစ် မေ ၁ ရက်ကို အကြောင်းပြု၍ နှစ်စဉ်မေ ၁ ရက်ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ်သတ်မှတ်လိုက်သည်။
မြန်မာအဘိဓာန်တွင် အလုပ်ကိုလုပ်ဆောင်ဖွယ်ကိစ္စ၊ အလုပ်အကိုင်ဟုလည်းကောင်း၊ အလုပ်သမားကို ကာယအား၊ ဉာဏအားကိုအသုံးပြု၍ အလုပ်လုပ်သူဟုလည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုသည်။ အလားတူစွာ အလုပ်အကိုင်ကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းဟုဖွင့်ဆိုထားသည်။ ကာယအား၊ ဉာဏအားဖြင့် အလုပ်လုပ်ကြရသော အလုပ်သမားများသည် အစိုးရနှင့်ပုဂ္ဂလိကအလုပ်ရှင်များထံတွင် အလုပ်လုပ်ကြသလို ကျွမ်းကျင်မှုနှင့် ဝန်ဆောင်မှုပေးနိုင်ခြင်းအပေါ်မူတည်လျက် လုပ်ခလစာ သို့မဟုတ် အခကြေးငွေရရှိကြသည် မဟုတ်ပေ။ အစိုးရလခစားများမှာ ဝန်ထမ်းစည်းမျဉ်း၊ ဥပဒေတိတိကျကျရှိနေသဖြင့် မတော်မတည့်မရှိ လှသော်လည်း ပုဂ္ဂလိကဝန်ထမ်းလုပ်သား များအနေဖြင့် လုပ်အားခေါင်းပုံဖြတ်ခြင်းများ ရှိနေတတ်သည်။ ဤကားအလုပ်ရှင်၊ အလုပ်သမားများ၏ ယေဘုယျသဘောဖြစ်သည်။
ဥပဒေအရ အလုပ်ရှင်၊ အလုပ်သမားသတ်မှတ်ပြဋ္ဌာန်းချက်မှာ ပို၍တိကျခိုင်မာမှုရှိသည်။ အလုပ်ရှင်ဟူသော သတ်မှတ်ချက်သည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင်လည်းကောင်း၊ အမြဲတမ်း သို့မဟုတ် ယာယီလုပ်ကိုင်သော အလုပ်သမားသတ်မှတ်ဦးရေနှင့် အထက် လုပ်ကိုင်လျက်ရှိသည့် သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် သို့မဟုတ် ဖက်စပ်လုပ်ငန်းတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုတွင်လည်းကောင်း၊ ကုမ္ပဏီတွင် လည်းကောင်း အလုပ်သမားခန့်ထားပိုင်ခွင့်ရှိသူ သို့မဟုတ် ယင်းအလုပ်သမားခန့်ထားပိုင်ခွင့် လွှဲအပ်ခြင်း ခံရသူဟူ၍ ဖြစ်သည်။
အလားတူစွာ အလုပ်သမားဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင်လည်းကောင်း၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် သို့မဟုတ် ဖက်စပ်လုပ်ငန်းတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုတွင် လည်းကောင်း၊ ကုမ္ပဏီတွင် လည်းကောင်း၊ ကျွမ်းကျင်မှုလိုသော အလုပ်ကိုဖြစ်စေ၊ အသင့်အတင့်ကျွမ်းကျင်မှု လိုသောအလုပ်ကိုဖြစ်စေ၊ ကျွမ်းကျင်မှုမလိုသော အလုပ်ကိုဖြစ်စေ အခကြေးငွေဖြင့် လုပ်ကိုင်သူကိုဆိုသည်။ ယင်းဆိုလိုရင်းတွင် အလုပ်သင်အဖြစ် လုပ်ကိုင်သူလည်း ပါဝင်သည်ဟူ၍ဖြစ်သည်။
ကမ္ဘာပေါ်တွင် ရွှေ့ပြောင်းအလုပ်သမားတစ်စထက်တစ်စများပြားလာသည်။ ရွှေ့ပြောင်းအလုပ်သမားများသည် ပြည်တွင်း၌ ထိုက်သင့်သော လုပ်ခလစာ မရသဖြင့် အဆင်ပြေနိုင်ရာကို ရွေးချယ်၍ သွားရောက် လုပ်ကိုင်ကြရခြင်း ဖြစ်သည်။ ထိုအခါ တရားဝင် သို့မဟုတ် တရားမဝင်နည်းလမ်းပေါင်းစုံဖြင့် ပြည်ပသို့ ထွက်ခွာကြသည်။ အလုပ်သမားများလုပ်အား ခေါင်းပုံဖြတ်ခံရခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ ဘဝပျက်ခြင်းနှင့် သတ်ဖြတ်ခံနေရခြင်း များသည် ရွှေ့ပြောင်း အလုပ်သမားလောကတွင် အဖြစ်များသည်။ ဥပဒေအရအကာအကွယ်မရရှိဘဲ အမျိုးမျိုးသောဒုက္ခဆင်းရဲခံနေရသည့် အလုပ်သမား များသည်ကား တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများပင် ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ရွှေ့ပြောင်းအလုပ်သမားများမှာ အများဆုံး ခံစားရသည်ဖြစ်ရာ ထိုအရေးကို နိုင်ငံအစိုးရ အသီးသီးတို့က တတ်နိုင်သမျှအဆင်ပြေအောင် ကြိုးပမ်းလျက်ရှိသော်လည်း အမျိုးမျိုးသော အလုပ်သမားနစ်နာမှုများ ပေါ်ပေါက်နေဆဲပင် ဖြစ်သည်။
ပြည်တွင်း၌ပင် တချို့အလုပ်သမားများသည် နေ့/ည အချိန်သတ်မှတ်ချက်မရှိ၊ အနားယူချိန်မရ လုပ်အားခေါင်းပုံဖြတ်ခံနေကြရသည်။ အထူးသဖြင့် ကလေးအလုပ်သမားများ အဆိုးရွားဆုံး ခံစားကြရသည်။ အိမ်အကူအလုပ်နှင့် ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင်များအတွင်း လုပ်ကိုင်နေကြရသော ကလေး သူငယ်များ၏ ဘဝရှေ့ရေးမှာ ေ၀ဝါးလှသည်။ လက်ဖက်ရည် ဆိုင်များ၌ အများဆုံး လုပ်ကိုင်နေရခြင်း၊ ကြုံရာကျပန်းလုပ်ကိုင်ရခြင်း၊ အသက်အရွယ်နှင့်မမျှ လုပ်ကိုင်နေရခြင်းတို့သည် ဆင်းရဲမှုကိုအခြေခံသော အကြောင်းရင်းခံများ ဖြစ်သည်။ ထိုအရေးကို သက်ဆိုင်သူတို့ အပါအဝင် အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်မှသာ ကလေးအလုပ်သမားဖြစ်စဉ်များ လျော့နည်းသက်သာမည်ဖြစ်သည်။
အလုပ်သမားများအတွက် ဥပဒေသည်သာအခြေခံကျကျ အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။ အလုပ်သမား ဥပဒေများသည် အလုပ်သမားတိုင်းအတွက် လူမှုတရားမျှတရေးကို အကာအကွယ်ပေးအထောက်အပံ့ပြုပြီး အကျိုးခံစားရရှိခွင့်၊ လူမှုဖူလုံရေးခံစားခွင့်နှင့် ဘဝအဆင့်အတန်း မြင့်မားရေးအတွက် အလွန်အရေးပါသည်။ မြန်မာနိုင်ငံတွင် အလုပ်သမားရေးရာနှင့်ပတ်သက်သည့် ဥပဒေ ၁၄ ရပ်ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည်။ လိုအပ်ချက်များနှင့်အညီ ဥပဒေအသစ်ရေးဆွဲပြဋ္ဌာန်းခြင်း၊ အချိန်အခါနှင့်လျော်ညီစွာ ပြင်ဆင်ခြင်း၊ ဥပဒေအရပ်ရပ်တို့ ရှင်သန်အသက်ဝင်ခြင်း တို့နှင့်ပြည့်စုံမှသာ အလုပ်သမားများ၏အခွင့်အရေးနှင့် ရပိုင်ခွင့်များပြည့်ဝမည်ဖြစ်သည်။
ကျွမ်းကျင်မှုလိုအပ်သော အလုပ်အကိုင်များ အတွက်ဆိုလျှင် အလုပ်သမားများသည် သတ်မှတ်အရည် အချင်းပြည့်ဝနေရေး လိုအပ်သည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ပြဋ္ဌာန်းပြီးဖြစ်သည်။ ကျွမ်းကျင်စံသတ်မှတ်မှု တိုးမြှင့်အရည်အချင်းများရှိသော အလုပ်သမားများသည် ပြည်တွင်းသာမက ပြည်ပသို့သွားရောက်လုပ်ကိုင်ကြသော်မှ ထိုက်သင့်သည့်လုပ်ခ၊ လစာရရှိကြမည်ဖြစ်သည်။ ထို့ကြောင့် ကျွမ်းကျင်မှုလိုအပ်သောအလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိကြောင်း သက်သေအထောက်အထားများ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည် မှတ်တမ်းများ၊ လုပ်ငန်းတာဝန်နှင့်သင့်လျော်ကိုက်ညီသော အရည်အချင်းပြည့်ဝမှုများ ရရှိအောင် စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ်ကြရေးလိုအပ်သည်။
လုပ်သားတိုင်းအတွက်အခြေခံအကျဆုံး လိုအပ်ချက်မှာ လုပ်အားနှင့်ညီမျှသော ထိုက်သင့်သည့်လုပ်ခ၊ လစာရရှိရေးဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ပြဋ္ဌာန်းချက်သတ်မှတ် ချက်များနှင့်အညီ မြန်မာနိုင်ငံအနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီအနေဖြင့် အချိန်အခါနှင့် အခြေအနေလျော်ညီစွာ ညှိနှိုင်းသတ်မှတ်ပေးလျက်ရှိသည်။ လိုအပ်ချက်နှင့်အညီ မျက်ခြည်မပြတ်ဘဲလိုက်လျောညီထွေ သတ်မှတ်ပေးခြင်းသည်သာ လုပ်သားများ၏ စားဝတ်နေရေးချောင်လည်မည်ဖြစ်သည်။
ယနေ့အချိန်ကာလတွင် တရားမဝင်ရွှေ့ပြောင်းသွားလာကြသော လုပ်သားများအနေဖြင့်လည်း အလုပ်အကိုင်ကို အကြောင်းပြု၍ လူကုန်ကူးခံရမှုများ၊ လူမှောင်ခိုခံရမှုများ၊ ငွေကြေးလိမ်လည်ခံရမှုများ၊ နိုင်ငံခြားသားနှင့်အလိုမတူဘဲ ပေါင်းသင်းခံရသူများ၊ ဘဝပျက်သူများ၊ ပြည့်တန်ဆာပြုခံရသူများစသည်ဖြင့် အမျိုးမျိုးသော ဘေးအန္တရာယ်များကို တွေ့ကြုံခံစားနေကြရသည်မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်။
အလားတူစွာ ကလေးအလုပ်သမားများသည်လည်း လူမဆန်စွာခိုင်းစေ ခံနေရသဖြင့် အညွန့်ကင်းမဲ့သော ဘဝများကိုရောက်နေကြရသည်။ သတိထားဆင်ခြင်စရာ၊ အထူးသတိထားစရာ ကိစ္စများဖြစ်၍ ဆင်ခြင်တုံတရား ပြည့်ဝမှုသည်သာ အကောင်းဆုံးဖြစ်သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာယ၊ ဉာဏလုပ်သားကြီးများအပေါ် များစွာ မူတည်လျက်ရှိသည်။ အလားတူစွာ အလုပ်ရှင်၊ အလုပ်သမားဟူသည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အကျိုးပြုလျက်ရှိသည်။
သို့ဖြစ်ရာ သက်ဆိုင်သူများအနေဖြင့် လုပ်သားများ၏လူမှုတရားမျှတရေးအပြည့်အဝရရှိအောင် ဆောင်ရွက်ပေး နိုင်ကြပါစေကြောင်း မေ ၁ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
လင်းအရုဏ်ဉီး(ပဲခူး)