နေပြည်တော် ဧပြီ ၃၀
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာဝန်ကျအကောက်ခွန်အဖွဲ့က သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်း မရှိသော စကျင်ကျောက်ပြားချပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၂၆၈၀၀)အား လည်းကောင်း၊ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲ၊ အကောက်ခွန်အဖွဲ့က သွင်းကုန်ကြေညာလွှာ (ID)နှင့်ကိုက်ညီမှုမရှိသော Spray ပိုက်များ၊ ဓာတ်ဆီသုံးမီးစက်များ၊ လျှပ်စစ်မော်တာများနှင့် မြက်ဖြတ်စက် အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၈၂၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၀၈၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
အလားတူ ဧပြီ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ကိုင်းမြို့နယ် ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ်ခွဲသားဆိုဒ်စုံ(၇ ဒသမ ၄၂၅၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၉၆၄၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ပြည်ခရိုင်များအတွင်း တရားမဝင်ကျွန်းသစ်၊ ပျဉ်းကတိုးသစ်နှင့် သင်္ဂဒူသစ်ခွဲသားများ (၃ ဒသမ ၇၆၁၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၂၄၆၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၂၉ ရက်နှင့် ၃၀ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၅ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၂၂၇၇၂၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။