စပိန်လာလီဂါပြိုင်ပွဲ ပွဲစဉ် (၃၄) အဖြစ်ကစားသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အက်စ်ပန်ညိုအသင်းတို့ ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ် အသင်းက ၄ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိပြီးနောက် ပြိုင်ပွဲပြီးဆုံးရန် လေးပွဲအလိုတွင်ပင် စပိန်လာလီဂါဆုဖလားကို (၃၅) ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၃ မိနစ်နှင့်ပွဲချိန် ၄၃ မိနစ်တို့ တွင် ရိုဒရီဂိုကလည်းကောင်း၊ ပွဲချိန် ၅၅ မိနစ်တွင် အဆန်စီယိုနှင့် ပွဲချိန် ၈၁ မိနစ်တွင် ဘင်ဇီမာတို့က လည်းကောင်း သွင်းယူပေးပြီးနောက် ပွဲချိန် ၃၄ ပွဲကစားအပြီးတွင် ၂၅ ပွဲနိုင်၊ ခြောက်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ၈၁ မှတ်ရရှိပြီး ပြိုင်ပွဲမပြီးဆုံးမီ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် စပိန်လာလီဂါပြိုင်ပွဲ ပွဲစဉ် (၃၄) အပြီးတွင် အမှတ်ပေးဇယားဒုတိယနေရာမှ ဆီဗီလာအသင်းကို ရမှတ် ၁၆ မှတ်အထိ ဖြတ်တောက်ထားနိုင်သကဲ့သို့ တစ်ပွဲလျော့ဖြင့် တတိယနေရာတွင် ရပ်တည်နေသည့် ဘာစီလိုနာ အသင်းကိုလည်း ၁၈ မှတ်အထိဖြတ်တောက်ထားနိုင်သဖြင့် လက်ကျန်ပွဲစဉ် အားလုံး အရေးနိမ့်ခဲ့လျှင်ပင် ချန်ပီယံဆုဆွတ်ခူးရန် သေချာစေခဲ့ခြင်း ဖြစ်သည်။
အလားတူ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီသည်လည်း အသင်းနှင့် စပိန်လာလီဂါ ဆုဖလား ဆွတ်ခူးနိုင်ပြီးနောက် ဥရောပထိပ်တန်းလိဂ်ငါးခုတွင် ချန်ပီယံဆုဆွတ်ခူးနိုင်သည့် ပထမဆုံးသော နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
နည်းပြအန်ဆယ်လော့တီသည် ဥရောပထိပ်တန်း လိဂ်ငါးခုတွင် ၂၀၀၃-၂၀၀၄ ဘောလုံးရာသီက အေစီမီလန် အသင်းနှင့်အတူ အီတလီစီးရီးအေ ချန်ပီယံဆုဖလားကို လည်းကောင်း၊ ၂၀၀၉-၂၀၂၀ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို လည်းကောင်း၊ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီက ပီအက်စ်ဂျီအသင်းနှင့်အတူ ပြင်သစ်လီဂူးဝမ်း ချန်ပီယံဆုဖလားကို လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်က ဘိုင်ယန်မြူးနစ် အသင်းနှင့်အတူ ဂျာမန်ဘွန်ဒက်စ်လီဂါ ဆုဖလားကိုလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ စပိန်လာလီဂါဆုဖလားကိုလည်း ကောင်းဆွတ်ခူး နိုင်ပြီးနောက် တခြားနည်းပြများ လိုက်မီနိုင်ရန် မလွယ်ကူသည့် ဥရောပထိပ်တန်းလိဂ် ငါးခုစလုံးတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
အလားတူ အက်စ်ပန်ညိုအသင်းနှင့်ပွဲစဉ်တွင် အနိုင်ဂိုး တစ်ဂိုးသွင်းယူနိုင်သည့် ဘင်ဇီမာသည် လည်း စုစုပေါင်းသွင်းဂိုး ၂၆ ဂိုးအထိရှိလာပြီး သွင်းဂိုးအများဆုံးကစားသမားစာရင်းတွင် ဂီတာဖေးလ်အသင်းမှ အူနယ်ထက် ၁၁ ဂိုးအထိသာလွန်နေသည့်အတွက် သွင်းဂိုးအများဆုံးကစားသမားဆုရရှိရန် သေချာသလောက် အနေအထားတွင်ရှိနေပြီး ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းတွင်လည်း ဘာစီလိုနာအသင်းမှ ဒမ်ဘီလီနှင့် ၁၁ ကြိမ်စီဖြင့် ထိပ်ဆုံးတွင်ပူးတွဲ ရပ်တည်လျက်ရှိကြောင်း သိရသည်။
Ref;Dailymail