အောင်မြင်တာချင်းတူရင် ဘယ်သူမြတ်မလဲ
လူဆိုတာပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ ကင်းကွာလို့ မရနိုင်သလို အဲဒီပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ လိုက်လျောညီထွေပြုရင်း မိမိဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ကြံဆောင်ကြတယ်။ လူ့သက်တမ်းပျမ်းမျှ ၇၀ နှစ်ဝန်းကျင်မှာ ပတ်ဝန်းကျင်ကို ဘယ်လိုပြုမူဆက်ဆံတယ်။ ဒါကြောင့် ဘယ်လိုအောင်မြင်ပြီး ဘာတွေကျရှုံးခဲ့တယ်ဆိုတာ နောင်လာနောက်သား မျိုးဆက်သစ်တွေ နမူနာယူနိုင်ပါတယ်။ ထူးခြားအောင်မြင်မှုတွေ အတွက် ပြောစမှတ်ပြုစရာ ကျန်မှာဖြစ်သလို ကျရှုံးမှုတွေကလည်း သင်ခန်းစာယူဖွယ်ဖြစ်တယ်။ ဒါကြောင့် လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးကြတာလို့ ဆိုပါတယ်။ ထူးခြားအောင်မြင်သူတွေ လက်ချိုးရေလို့ရသလို ကျရှုံးခဲ့တယ် ဆိုတာလည်း အနည်းစုဖြစ်ပြီး သူမသာကိုယ်မသာ ရုန်းကန်သူတွေ များတယ်ဆိုတာ တွေ့နိုင်ပါတယ်။
ဒီနေရာမှာ Introvert နဲ့ Extrovert ကိုရှင်းပြလိုပါတယ်။ Introvertအမျိုးအစားက အများနဲ့ ရောရောနှောနှောနေလေ့ မရှိဘဲ တစ်သီးတစ်သန့် နေထိုင်လိုသူဖြစ်ပြီး Extrovert က သူနဲ့ဆန့်ကျင်ဘက် အများနဲ့ ပေါင်းသင်းနေထိုင်တတ်သူ၊ ပွင့်လင်းပျော်ရွှင်စွာ နေထိုင်လိုသူတွေ ဖြစ်တယ်။ ဒီလို ကွဲပြားတာကို ဆန်းစစ်ရင် ဗီဇနဲ့ပတ်ဝန်းကျင် အဓိကဖြစ်ကြောင်း တွေ့ရတယ်။ Introvert မိဘကပေါက်ဖွားပြီး အဲဒီပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရင် ntrovert ဖြစ်ကြသလို Extrovert လည်း ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။ ငယ်စဉ်ဗီဇအရ ပုံစံတစ်မျိုး ဖြစ်ပေမယ့် ကြီးပြင်းလာတဲ့အခါ ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်းတတ်တာလည်း တွေ့ရပါတယ်။ ခြွင်းချက်အနေနဲ့ ကျန်းမာရေးချို့ယွင်းသူတွေ မပါဘူးပေါ့။
ကမ္ဘာကျော်သူကြွယ်ကြီး ဖြစ်သလို အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်တဲ့ Warren Buffett က သူ့ရဲ့အတွေ့အကြုံနဲ့အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေမျှဝေပါတယ်-
ဝါသနာပါပြီး စိတ်ဝင်စားမယ့် အလုပ်ကို လုပ်ပါ
ဒါက ရှင်းပါတယ်။ ငွေရလွယ်လို့သာ လုပ်နေရတာ၊ဝါသနာလည်းမပါ၊ စိတ်လည်း မဝင်စားရင် ဒီအလုပ်က တစ်ချိန်ချိန်မှာ မိမိကိုပြန်ဒုက္ခပေးတယ်။ ဝါသနာနဲ့ စိတ်ဝင်စားမှုနည်းရင် အလုပ်အပေါ် အာရုံနည်းမယ်၊ ဒီတော့ စေ့ဆော်တိုက်တွန်းမှုဆိုတဲ့ Motivation ဖြစ်မလာနိုင်ဘူး။ ငွေကြေးဆိုတဲ့ မက်လုံးသာ မရှိရင်သူ့ဘဝမှာ တတ်သိနားလည်မှုတွေ အားနည်းမှာ အမှန်ပဲ။
အပြန်အလှန်အကျိုး ဖြစ်စေမယ့် ဝါသနာတူတွေနဲ့ ပူးပေါင်းပါ
အထက်မှာရေးခဲ့သလို ပတ်ဝန်းကျင်ကို ရည်ညွှန်းချင်တာဖြစ်တယ်။ အလုပ်တစ်ခုကို လုပ်တဲ့အခါ စိတ်တူကိုယ်တူ ဝါသနာတူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှ အပြန်အလှန် အကျိုးပြုသလို စုပေါင်းဖန်တီးမှုအတွက် အောင်မြင်မှုတွေ ရှိလာမှာမလွဲဘူး။ သတိပြုသင့်တာ အတွင်းအပြင် ကွဲလွဲတဲ့ ဖရဲသီးလို လူတွေနဲ့ လက်မတွဲမိဖို့ဖြစ်ပါတယ်။
အာမခံချက်မရှိတဲ့ စွန့်စားမှုမျိုး ရှောင်ပါ
မြင်လွယ်အောင် ဥပမာပေးရရင် ဖဲရိုက်၊ ချဲထိုး စတဲ့လောင်းကစားမှုတွေ၊ လောင်းကစားဆန်ဆန် လုပ်ရတဲ့အလုပ်မျိုးတွေဖြစ်တယ်။ ဒါပေမဲ့ ထောင်မြင်ရာစွန့် လုပ်ရမယ့်အလုပ်တွေ အတွက် အတွေ့အကြုံ အဓိကဖြစ်တယ်။ အလုပ်တစ်ခုအောင်မြင်ဖို့ လူ၊ ပစ္စည်း၊ ငွေကြေးပဓာနဖြစ်ကြောင်း နားလည်ပြီး အတွေ့အကြုံနဲ့ပေါင်းစပ်ကာ အကျိုးရှိအောင် အသုံးချသင့်ပါတယ်။
ပြိုင်ဘက်အပေါ် လေ့လာသုံးသပ်ပါ
စစ်ပညာရှင်တစ်ဦး ဆိုခဲ့ပါတယ်။ မိမိအကြောင်း မှန်ကန်စွာသိခြင်းသည် အောင်မြင်ဖို့ ၅၀ ရာခိုင်နှုန်းဖြစ်ပြီး ရန်သူ့အကြောင်းသိခြင်းသည် နောက်ထပ် ၅၀ ရာခိုင်နှုန်း ဖြစ်သည်လို့ ဆိုပါတယ်။ ပြိုင်ဘက်နဲ့ သူ့လုပ်ငန်းရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို Analysisလုပ်တာ၊ Research လုပ်တာတွေဟာ မဖြစ်မနေ လိုအပ်ချက်ပါ။ သိလာရင် အကြံတူ နောက်လူသာစမြဲဖြစ်လို့ ဥပမာ၊နမူနာနဲ့ သင်ခန်းစာတွေ ဖော်ထုတ်ရပါမယ်။
အများအမြင်ကိုနားထောင်ပါ
အလွန်အကြူး ဂရုမစိုက်ပါနဲ့။ ဘူးအပေါက်တစ်ရာကို ပိတ်လို့ရပေမယ့် ပါးစပ်တစ်ပေါက်ပိတ်ဖို့ ခက်တယ် ဆိုသလိုလူတွေရှိရင် စကားတွေရှိနေမှာပါပဲ။ မိမိက စနစ်တကျနဲ့ အသေးစိတ်သုံးသပ်ခဲ့ပေမယ့် Sympathizer မဖြစ်သူတွေ လက်ညှိုးထိုးမှာ အမှန်ပါ။ ဒီမိုကရေစီ သဘောတရားအရ အများအမြင်ကို နားထောင်သင့်ပေမယ့် ဒီမိုကရေစီ ဆိုတိုင်းလည်း ပြီးပြည့်စုံတာ မဟုတ်ကြောင်း သတိပြုသင့်ပါတယ်။
မေတ္တာထား၍ ဆက်ဆံပါ
လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ မည်သည့်သတ္တဝါမဆို တစ်ဦးနဲ့တစ်ဦး မေတ္တာထားပြီး ဆက်ဆံတတ်ရင် မျက်မှောက်ကာလ ကမ္ဘာတစ်ဝန်းဖြစ်နေတဲ့ ကပ်ဆိုက်သော ကာလ(Crisis)နဲ့ သဘောထားကွဲလွဲခြင်း (Conflict)ဆိုတာ နည်းပါးနိုင်ကြောင်း မှတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ လူဆိုတာ လက်ချောင်းတွေလို အတိုအရှည်မညီတာကြောင့် ဆန့်ကျင်ဘက်တွေ ဒွန်တွဲရင်း လွန်ဆွဲနေကြမှာဖြစ်တယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့ အဓိကဖြစ်ပါတယ်။
ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ
စာဖတ်ရင် လူမှာအရည်အချင်းနှစ်ခု ထွက်ပေါ်လာတယ်။ ပထမတစ်ခုက ဖတ်ပါများရင် စကာကြွယ်ဝပြီး နောက်တစ်ခုကရေးပါများရင် စကားတိကျတာဖြစ်တယ်။ မသိတာတွေ သိလာရတဲ့အခါ မိမိအလုပ်အတွက် ဘယ်လိုအကျိုးရှိအောင် သုံးမလဲလို့ ဖော်ထုတ်ရပါမယ်။
ဖတ်သင့်တဲ့စာ၊ မဖတ်သင့်တဲ့စာကိုတော့ ဖတ်သူရဲ့ ကိုယ်ခံအရည်အချင်းနဲ့ ဆုံးဖြတ်ရပါမယ်။
Warren Buffettလို အခြားတစ်ဦးကလည်း ဒီလိုဆိုပါတယ်-
အောင်မြင်သူများအကြောင်းလေ့လာပါ
စီးပွားဖြစ်ချင် စီးပွားဖြစ်အောင် လုပ်ဆိုသလို အောင်မြင်ချင်ရင် အောင်မြင်သူတွေ အကြောင်းလေ့လာရမယ်။ သတိပြုရမှာ ကျော်ကြားသော (Famous)နဲ့နာမည်ဆိုးဖြင့် ကျော်ကြားသော(Notorious) ကိုခွဲခြားတတ်ရမယ်။ ထို့အတူ သူ့အောင်မြင်မှုဟာ ကိုယ့်ဝါသနာနဲ့လည်း ကိုက်ညီဖို့လိုတယ်။
အောင်မြင်သူတွေအကြောင်း လေ့လာခြင်းဖြင့် မိမိအတွက် အကျိုးရှိမယ့် ဖော်ထုတ်ချက်တစ်ခုက နမူနာလား၊ သင်ခန်းစာလား ဆိုတာပါပဲ။
နည်းပေးလမ်းပြနိုင်မည့်သူ ရွေးချယ်ချဉ်းကပ်ပါ
ပါရမီရှင်မဟုတ်တဲ့ မိမိအတွက် ဆရာမပြ နည်းမကျ အဆိုကို ခံယူသင့်တယ်။ ဘယ်လိုဆရာမျိုးနဲ့ ဘယ်လို နည်းလမ်းမျိုးဖြစ်မလဲဆိုတာ မိမိလုပ်ငန်းအပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ဆရာများ သားသေဆိုတဲ့ စကားပုံလည်း မေ့ထားလို့မရဘူး။ လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနဲ့ဘရှိသလို ဆရာသမား၊ဘိုးဘွားမိဘ၊ လောကအမှတ် ကိုးရာနတ်လို့ဆိုပါတယ်။
ရည်မှန်းချက်ထား၍ကြိုးစားပါ။
အောင်မြင်ချင်တဲ့သူတိုင်း၊ အရွယ်စုံ/အလုပ်စုံမှာ ရည်မှန်းချက်ထားရမယ်။ မိမိ ဘယ်အသက်အရွယ်မှာ၊ ဘယ်အလုပ်လုပ်ရင် ဘယ်လောက် အောင်မြင် တိုးတက်ရမယ် ဆိုတာဖြစ်တယ်။ ထားရှိတဲ့ရည်မှန်းချက်ကလည်း လက်တွေ့ကျဖို့လိုတယ်။ လေထဲတိုက်အိမ်ဆောက်တဲ့ ရည်မှန်းချက်မျိုး ဖြစ်ခဲ့ရင် Stressမွေးနေတာနဲ့အတူတူပါပဲ။ တကယ်တော့ ရည်မှန်းချက်ဆိုတာ မျှော်လင့်ချက်ပါ။
နေ့စဉ်စာဖတ်ပါ
စာဖတ်တဲ့သူက မဖတ်တဲ့သူထက် အသိအတတ် ပိုပါတယ်။ တစ်နေ့ကို စာတစ်ပုဒ်၊ တစ်ပိုဒ်၊ တစ်အုပ်ဖတ်ဖြစ်ရင် တစ်နှစ်ပြည့်တဲ့အခါ ၃၆၅ ခုသောအသိအတတ်ရှိလာမယ်။ လူ့သက်တမ်းကို အသိအတတ်ကင်းမဲ့စွာနဲ့ ဘဝကူးကြမလား၊ ထိုက်သင့်တဲ့ အသိအတတ်တွေနဲ့ ရှင်သန်မလား၊ ပိုမိုပြည့်စုံတဲ့ အသိအတတ်တွေနဲ့ ရပ်တည်ကြမလား ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်တယ်။
မိမိလုပ်သမျှ မိမိကံကြမ္မာသာ
ဗုဒ္ဓဘာသာမှာ(သဒိတံ ပါကံ ဇနေတိ)ရှိသလို အနောက်တိုင်းပညာရှင် နယူတန်ရဲ့တတိယနိယာမဖြစ်တဲ့ (သက်ရောက်မှုတိုင်းမှာ သူနဲ့တူညီတဲ့ တန်ပြန် သက်ရောက်မှုရှိတယ်) ဆိုစကားရှိတယ်။ တချို့ကိစ္စတွေဟာ နောင်ဘ၀ (After Life)မှ သက်ရောက်ပေမယ့် တချို့ကိစ္စတွေက ဘဝမကူးဘူး။ ဒါကြောင့် ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်းလို့ ဆုံးမခဲ့တာဖြစ်ပါတယ်။
အထက်ပါ ပညာရှင်နှစ်ဦးရဲ့ အဆိုအမိန့်တွေကို အောင်မြင်လိုသူတွေ သိထားဖို့လိုသလို တစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး (Personality)အတွက်လည်း အောက်ပါအချက်တွ ေဆောင်ထားရန်လိုပါတယ်-
သူပြောလျှင် အာရုံထား နားထောင်ပါ တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးမှာ ပညာတတ် ဉာဏ်ရှိသူတွေဂရုပြုလေ့ရှိတဲ့ အချက်ပဲဖြစ်တယ်။ သူနဲ့ကိုယ်ပြောဆို ဆက်ဆံနေစဉ် အာရုံများတာ၊ အာရုံပွားတာ၊ စကားကိုလုပြောတာတွေဟာ အကျည်းတန်လွန်းပါတယ်။ ဒါဟာ တစ်ဖက်သားကို မလေးစားသလို သူ့စကားကိုလည်း အလေးမထားရာ ရောက်ပါတယ်။
အလေ့အကျင့်ဖြစ်သွားရင် မိတ္တဗလအားနည်းပြီလို့ဆိုနိုင်တယ်။
သူ့ကိုနားလည်လေးစားပါ
သတိပြုသင့်တာကသူဟာ ကိုယ်မဟုတ်ဘူးဆိုတာပဲ။ ကိုယ်နဲ့ဆက်ဆံတဲ့သူဟာ မြင့်နိုင်သလို နိမ့်နိုင်တယ်။
ထို့အတူ Level လည်းဖြစ်နိုင်တယ်။ အဲဒီလို မတူညီနိုင်တာတွေကြောင့် သူနဲ့ဆက်ဆံရရင် (ဥပမာ တစ်ဝိုင်းတည်း ထိုင်ရပြီဆိုရင်)သူ့အပေါ် နားလည်ပေးတာဟာ သူ့ကိုစည်းရုံးလိုက်တဲ့ သဘောဖြစ်ပါတယ်။
မမြင်နိုင်ဘဲ ရလိုက်မယ့်အမြတ်က သူ့စိတ်ထဲမှာ ကိုယ့်ကို အပြန်အလှန် လေးစားသွားပါလိမ့်မယ်။
ကိုယ့်ဘက်က ဆင်ခြင်ရမှာက ကိုယ့်မျက်လုံးမှာ ပေါ်နေနိုင်တဲ့ ကိုယ့်ရဲ့အတွင်းသဏ္ဌာန်ပါ။
ရပ်တည်ချက်မပျောက်ပါစေနဲ့
မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ၊ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အားနာပြီး Follow လိုက်ရင် မူမရှိတဲ့သူ ဖြစ်သွားမယ်။ တစ်ဖက်သားရဲ့ ပြောစကားတွေကို ဘဝင်မကျရင် နှုတ်ဆိတ်နေတာ အကောင်းဆုံးပါ။
နောက်ဆုံးထွက်ပေါက်က အကြောင်းပြချက်တစ်ခုနဲ့ ခွင့်တောင်းပြီး ရှောင်ထွက်လိုက်ပါ။ ပုတ်သင်ညိုလို လူစားမျိုးမဖြစ်ပါစေနဲ့။ ခံယူချက်မရှိ၊ ယုံကြည်မှုမရှိ၊ မူမရှိတဲ့သူလို့ စိတ်ထဲမှတ်သွားရင် ကိုယ်ရည်ကိုယ်သွေး ကျပါတယ်။
စိတ်ခံစားချက်ကိုထိန်းပါ
တချို့က သတိလက်လွတ် ပြောဆိုပြုမူတတ်တာတွေရှိတယ်။ ဆဲဆိုအော်ဟစ်တယ်၊ ကိုယ်ထိလက်ရောက် ကျူးလွန်တယ်စသည်ဖြင့် ဒါတွေဟာ လူမှုဆက်ဆံရေး နယ်ပယ်ရဲ့အမှားတွေဖြစ်ပါတယ်။
ရုန့်ရင်းကြမ်းတမ်းသူကို ဘယ်သူမှ တာရှည်လေးမြင့် ဆက်ဆံလိုစိတ်မရှိကြပါ။ ဒါကြောင့် လူအချင်းချင်း ဆက်ဆံရာမှာ ပေါက်ကွဲတတ်တဲ့ အလေ့အကျင့်ကို Down Play လုပ်ရပါမယ်။
အပြောမဆိုးရ
လူတစ်ဦးနဲ့ဆုံခဲ့ဖူးတယ်။ သူ့ဝသီက စကားပြောရင် အဆဲပါတယ်။ နာစေချင်လို့ ဆဲတာမဟုတ်သလို မကျေနပ်လို့ မိတ္တူပေးတာလည်း မဟုတ်ဘူး။ သူ့ကို လက်မခံတဲ့ ဆန့်ကျင်ဘက် ပတ်ဝန်းကျင်အတွက် သူဟာ လူရမ်းကားတစ်ဦးပါ။ မြတ်ဗုဒ္ဓက ဖရုသဝါစာကို တားမြစ်ထားတာရှိတယ်။ ဒါကြောင့် နင်ပဲငဆ၊ ငါ့စကားနွားရနဲ့ အော်ကြီးဟစ်ကျယ် ပြောဆိုမှုတွေဟာ Personality ကို တိုက်ရိုက်ထိခိုက်စေကြောင်း သတိပြုသင့်တယ်။
ဆင်ခြေမပေးရ
ဆင်ခြေပေးတတ်တဲ့သူ (Reason Man )ကို ကြိုက်တဲ့သူနည်းတယ်။ အထူးသဖြင့်အမိန့်/ညွှန်ကြားချက်တွေနဲ့အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေမှာ လက်မခံတာ များတယ်။ တစ်ခါတလေ သူတို့ပေးလိုက်တဲ့ ဆင်ခြေတွေဟာ တစ်ဖက်လူကို အကျပ်ရိုက်စေတဲ့ အထိဖြစ်တတ်တယ်။ ဒါကြောင့်လည်း ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်များသူလို့ ကွယ်ရာမှာ ကင်ပွန်းတပ်ပြီး ရှောင်ကြတယ်။ မိမိခံယူချက်၊ ရပ်တည်ချက်နဲ့ဖီလာမဖြစ်သရွေ့ ဆင်ခြေမပေးတာ အကောင်းဆုံးပါပဲ။
အထက်ဖော်ပြချက်တွေဟာ အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ကျင့်ကြံအားထုတ်ရမှာတွေကို အကြံပြုခဲ့တာဖြစ်သလို အဲဒီအထဲက ဆောင်ရန်၊ ရှောင်ရန်အချက်တွေ လိုက်နာခြင်းဖြင့် အဆင့်တစ်ခုကို ရောက်ရှိမှာဖြစ်ပါတယ်။
ထို့အတူ နေ့စဉ်စာတွေကို ဖတ်မှတ်လေ့လာပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကိုလည်း ဖန်တီးနိုင်မှာဖြစ်တယ်။ အင်္ဂလန်က နာမည်ကြီး လီဗာပူးဘောလုံးအသင်းရဲ့ ဆောင်ပုဒ်က (You will never walk alone)ဖြစ်ပြီး အောင်မြင်ချင်ရင် ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့မရသလို ကျရှုံးရင်လည်း မိမိလုပ်သမျှ မိမိကံကြမ္မာသာဖြစ်ကြောင်း ရေးသား လိုက်ရပါတယ်။ ။
မောင်နေ (မြကျွန်း)