နေပြည်တော် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့၊ အနောက်ရပ်ကွက်ရှိ လင်းခေး-မိုင်းပန်သွား ကားလမ်း၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် အောက်တိုဘာ ၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် စိုင်းသက်ထူး(ဘ)ဦးထွန်းရီ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်ကပ်အတွင်း မှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက် အရ မိုင်းပန်မြို့၊ အနောက်ရပ်ကွက်၊ မြစိမ်းတောင်မြို့ပတ်လမ်းနေ မူးယစ်ဆေးဝါး ရောင်း/ဝယ်သူ မနန်းဆိုင်ဟန်း(ဘ)ဦးလုံးလျှံ၏နေအိမ်အား သွားရောက်စစ်ဆေးရာ မနန်းဆိုင်ဟန်းကို နေအိမ်အိပ်ခန်း အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၆၇ဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆ သိန်းကျော်)နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါမော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား မိုင်းပန်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။