အောင်ပွဲမင်္ဂလာကုသိုလ်တော်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၃ ရက်)

 

မြန်မာ့သမိုင်းတွင် ဗုဒ္ဓဘာသာသာသနာတော်ကို ချီးမြှောက်သောမင်းများ ပေါ်ထွန်းသည့်အခါတိုင်း ဘုရားပုထိုးစေတီကျောင်းကန် များ ဆောက်လုပ်လှူဒါန်းခြင်း၊ သံဃာတော်များအတွက် ပစ္စည်းလေးပါးစဉ်ဆက်မပြတ် ထောက်ပံ့လှူဒါန်းခြင်းတို့ဖြင့်  ကုသိုလ်ယူ ကြသည်။ သာသနာပြုမင်းများအဖြစ် သာသနာ တော်ကိုစောင့်ရှောက်ကြသည်။ ထို့အတူ နောင်အစဉ်အဆက် သာသနာ တည်တံ့ခိုင်မြဲစေရန်အတွက် ဘုရား စေတီများတည်ထားခြင်းကို ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံအတွင်း တည်ထား ကိုးကွယ်ခဲ့ သော ဘုရား ပုထိုးစေတီများကို လေ့လာကြည့်လျှင် အံ့သြဖွယ်ရာအချက်အလက်များစွာ တွေ့ရမည်ဖြစ်သည်။ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း တည်ထားပူဇော်ခဲ့ကြသည်။

            မည်သည့် အခက်အခဲများရှိနေစေကာမူ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်အနန္တ၊ တည်ဆောက်သူ အလှူရှင်တို့၏ စေတနာအနန္တတို့ကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ စေတီပုထိုးကျောင်းကန်များကို တည်ဆောက်နိုင်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာစတင် ထွန်းကားရောက်ရှိချိန်မှ ယနေ့တိုင် စေတီပုထိုးများစွာ ရေတွက်၍မကုန်နိုင်အောင်  တည်ဆောက်ပူဇော်ခဲ့ကြ သည်မှာ ဗုဒ္ဓဘာသာသာသနာ စည်ပင်ထွန်းကားခြင်း၏ ပြယုဂ်များပင်ဖြစ်သည်။ ဗုဒ္ဓဘာသာစတင်ပေါ်ထွန်းချိန်က ကမ္ဘာ့နေရာ အနှံ့သို့ ရောက်ရှိခဲ့သော်လည်း မိစ္ဆာဒိဋ္ဌိအဖျက်ရန်များကြောင့် နေရာဒေသများစွာတွင်မှေးမှိန်ခဲ့ရသည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံ သည်သာ ဗုဒ္ဓဘာသာသာသနာ၏ အကြီးဆုံးခံတပ်ကြီးသဖွယ် တည်တံ့လျက်ရှိသည်။

            ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ၌တည်ဆောက်ပူဇော်လျက်ရှိသည်။ ထိုသို့တည်ဆောက်ကိုးကွယ်ခြင်းမှာ “မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်း တောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန်” ဟူသော ကောင်းမြတ်သည့် ရည်မှန်းချက်များဖြင့် သာသနာတော်ထုံး၊ ဗုဒ္ဓ ဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံးများနှင့်အညီ တည်ဆောက်ပူဇော်နေခြင်းဖြစ်ပါသည်။

            ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ဝတ္ထု ကံတော်အတွင်း တည်ဆောက် မည့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော်သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်းနှင့် အောင်ပွဲမင်္ဂလာ ကုသိုလ်တော် အခမ်းအနားကို ဧပြီ ၂၇ ရက် နံနက်တွင် ကျင်းပခဲ့သည်။

နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ တပ်ကုန်းမြို့ မဟာ သီဟနာဒ ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏတို့အမှူးပြုသည့် သံဃာတော် ၅၄ ပါး ကြွရောက် ချီးမြှင့်တော်မူကြ သည်။

            ပထမဦးစွာ သံဃာတော်များက ဝိသုံဂါမသီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်းအား ဝိနယဥပဒေ သများနှင့်လျော်ညီစွာ ဆရာထေရ်စဉ်ဆက်တို့၏ သြဝါဒများနှင့်အညီ ဆောင်ရွက်တော်မူကြသည်။ ထို့နောက် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော် သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်း အောင်ပွဲမင်္ဂလာ ကုသိုလ်တော်အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြသည်။ သံဃာတော် အရှင်သူမြတ်တို့က မေတ္တာပို့ဂါထာတော်များရွတ်ဆိုပူဇော်ပြီး ဘုရားဒါယကာ၊ ဒါယိကာမများက ရတနတ္တယ ပူဇာဂါထာနှင့် မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာသုံးကြိမ်ရွတ်ဆိုကြသည်။ ယင်းနောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ ဗုဒ္ဓိပါဠိဆရာတော်ကြီးက ဝိသုံဂါမသိမ်တော်၏ ဘွဲ့တော်အမည်ကို အဂ္ဂါဓိပတိ  ဘွဲ့အမည် သတ်မှတ်ပါသည်။

            အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဝင်များ၊ ကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများနှင့်အလှူရှင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ် ပစ္စည်းများလောင်းလှူကြသည်။ သာသနာ့ဗိမာန်အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော်ကြီးမြေနေရာအား ဧပြီ ၂၃ ရက်ညနေပိုင်းတွင် ပါဠိဆရာတော်ကြီး အမှူးပြုသည့်သံဃာ တော် ၁၂ ပါးက အနန္တရာယိက အန္တရာယ်ကင်းအခမ်းအနားကိုလည်းကောင်း၊ ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ သံဃာတော် ၁၁၇ ပါးတို့က သီမာသမူဟနန သိမ်နုတ်ကံဆောင်ခြင်းအခမ်းအနားကိုလည်းကောင်း၊ ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင်  ပေါက်မြိုင်ကျောင်းတိုက်ဆရာတော်နှင့် မဟာသီဟနာဒကျောင်းတိုက်ဆရာတော် တို့အမှူးပြုသည့်သံဃာတော် ၅၄ ပါးက သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်းကျင်းပသည်။

            ယခုတည်ဆောက်မည့် သာသနာ့ဗိမာန်အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော်ကြီးမှာ အလျား ၂၀၈ ပေ၊ အနံ ၂၀၅ ပေရှိပြီး သံဃာ စင်တွင် သံဃာတော်အပါး ၁၈၀၊ ဘေးခုံတန်းနှစ်ဖက်နှင့်အလယ်ခန်းမတွင် လူပုဂ္ဂိုလ် ၁၈၉၀ ဦးဝင်ဆံ့နိုင်မည်ဖြစ်သည်။ ယခု သိမ်တော်ကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသိမ်တော်ကြီး တစ်ခုဖြစ်လာတော့မည်ဖြစ်ပေရာ ရဟန်းရှင်လူပြည်သူများအတွက် အောင်ပွဲမင်္ဂလာကုသိုလ်တော်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။