ပိုက်ဆန်လျှော် သစ်စိမ်းမြေသြဇာအကြောင်း သိကောင်းစရာ

ပိုက်ဆန်လျှော် သစ်စိမ်းမြေသြဇာအကြောင်း သိကောင်းစရာ

ယနေ့အချိန်အခါတွင်   ရာသီဥတု ပြောင်းလဲလာမှုများ လျင်မြန်စွာဖြစ်ပေါ် လျက်ရှိရာ  သဘာဝအရင်းအမြစ်များ ဆုံးရှုံးမှုကိုရင်ဆိုင်ကြုံတွေ့နေရသောကြောင့် စိုက်ပျိုးရေး ထုတ်လုပ်မှု ကဏ္ဍကို ထိခိုက်စေပါသည်။ အနာဂတ်လူသားတို့၏ စားနပ် ရိက္ခာဖူလုံစေရေး အတွက် စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်မှုကို ရရှိရန် စိုက်ပျိုးရေး ဆိုင်ရာ   သဘာဝ အရင်းအမြစ်များကို ထိန်းသိမ်းရေးသည် အရေးကြီးလှပါသည်။

ထို့ပြင်  ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအလွန်ဖြစ်၍ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ စိုက်ပျိုးရေး လုပ်ငန်းများ၌အသုံးပြုရသော ဓာတ်မြေသြဇာများ ထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် ဓာတ်မြေသြဇာများ ရှားပါးခြင်း၊ သယ်ယူပို့ဆောင်မှု  အခက်အခဲများကြောင့် ဓာတ်မြေသြဇာများ ဈေးနှုန်းမြင့်တက်ခြင်း နှင့်   အလွယ်တကူ ဝယ်ယူ၍မရသော ပြဿနာများနှင့်  ရင်ဆိုင်နေရပါသည်။ ရေရှည်တည်တံ့သော စိုက်ပျိုး ထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်မှာ မြေဆီလွှာအရည်အသွေး ကောင်းမွန်ပြီး အပင်အာဟာရဓာတ် လုံလောက်စွာ ရရှိရန်မှာ အရေးကြီးလှပါသည်။ အပင်အာဟာရဓာတ် လုံလောက် မျှတစွာရနိုင်မှသာ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးမြှင့်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍  နွားချေးနှင့်  သစ်ဆွေးမြေသြဇာများ သုံးစွဲခြင်း၊ သီးနှံရိတ်သိမ်းပြီး အပင်အကြွင်းအကျန်များကို မြေသို့ပြန်လည် ထည့်သွင်းပေးခြင်းအားဖြင့် မြေဆီလွှာပြုန်းတီးခြင်းနှင့် အပင်အာဟာရဓာတ်များ လျော့နည်းဆုံးရှုံးခြင်းတို့ကို ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

သီးနှံအထွက်နှုန်းများ တည်ငြိမ်တိုးတက်စေရန်နှင့်  စိုက်ပျိုးသူ  တောင်သူများ အမြတ်အစွန်း ရရှိနိုင်ရန်အတွက် မြေသားဖွဲ့စည်း တည်ဆောက်မှုကို ကောင်းမွန်စေသည့် ထွန်ယက်စိုက်ပျိုးမှု ပုံစံနှင့် သီးနှံပင် အကြွင်းအကျန်များ မြေတွင်းသို့ပြန်လည် ထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ထို့ပြင် အပေါ်ယံ မြေသားများ တိုက်စားပျက်စီး ဆုံးရှုံးခြင်းများကို ကာကွယ်ပေးခြင်း၊ သစ်ဆွေးဓာတ်များ လုံလောက်အောင် ထည့်သွင်းပေးခြင်းနှင့် မြေဆီလွှာအတွင်းရှိ အကျိုးပြုဇီဝသက်ရှိ များနှင့် အပင်အာဟာရဓာတ် လှည့်ပတ်မှု ပုံစံ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းများကို အဓိကထား၍လည်း ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သစ်စိမ်းမြေသြဇာ စိုက်ပျိုးခြင်းသည်လည်း နည်းလမ်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။

စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များကို ဖြန့်ဝေပေးခြင်း၊ သီးနှံအထွက်တိုးစေမည့်  နည်းလမ်းကောင်းများကို လေ့လာသုတေသနပြုခြင်း၊  မျိုးသစ်မျိုးကောင်းများ၊ မြေဆီလွှာနှင့် မြေသြဇာစီမံ ခန့်ခွဲမှုနည်းလမ်း ကောင်းများကို သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။

သစ်စိမ်းမြေသြဇာဆိုသည်မှာ အကြီးမြန် ဆွေးမြည့်လွယ်၍ ဇီဝဒြပ်ထု(Biomass) အထွက်များများ ရရှိသောအပင်မျိုးများကို ကြဲပက်စိုက်ပျိုးကာ ထယ်ထိုးမြေမြှုပ်ခြင်း အားဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲပေး၍ မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးသော သဘာဝမြေသြဇာပင်ဖြစ်ပါသည်။

သီးနှံများ   မစိုက်ပျိုးမီ  သို့မဟုတ် သီးနှံရိတ်သိမ်းပြီး ခေတ္တမြေလှပ်ချိန်တွင် အကြီးမြန်သော ပဲမျိုးရင်းဝင် အပင်များကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီအချိန်  တွင် ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် နောက်စိုက်ပျိုးမည့် သီးနှံအတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်၊   ဖော့စ်ဖရပ်ဓာတ်၊ ပိုတက်ရှ်ဓာတ်များနှင့်  သစ်ဆွေးဓာတ် (Organic Matter)များကို ရရှိစေပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို  သစ်စိမ်းမြေသြဇာ ကျွေးခြင်း (Green Manuring) ဟု ခေါ်ဆိုပါသည်။  သစ်စိမ်းမြေသြဇာအဖြစ် ပဲမျိုးရင်းဝင် အပင်များဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲ  စသည်တို့အပြင် ပိုက်ဆန်လျှော်၊  ဆူးမဲ့ထိကရုံး(Mimosa) အစရှိသည်တို့ကို  သစ်စိမ်းမြေသြဇာ အပင်များအဖြစ် အသုံးပြုနိုင်ပါသည်။ ၎င်းတို့အထဲမှ ယခုအခါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသော သစ်စိမ်းမြေသြဇာအပင် ပိုက်ဆန်လျှော်အကြောင်း သိကောင်းစရာများကို   သုတေသန တွေ့ရှိချက်များနှင့်တကွ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ပိုက်ဆန်လျှော်ပင် သစ်စိမ်းမြေသြဇာ

    သစ်စိမ်းမြေသြဇာပင် အမျိုးမျိုးအနက် အပင်အကြီးမြန်၍ စိုက်ပျိုးရ အလွယ်ကူ ဆုံးအပင်သည် ပိုက်ဆန်လျှော်ပင်ဖြစ်ပါသည်။ ပိုက်ဆန်လျှော်၏ အင်္ဂလိပ်အမည်မှာ Sunn Hemp  ဖြစ်ပြီး သိပ္ပံအမည်မှာ  Crotalaria junceaဖြစ်ပါသည်။ ပိုက်ဆန်လျှော်

ာ့ပိုင်းဒေသများအတွက် သစ်စိမ်းမြေသြဇာပင် အဖြစ် လူသိများသော ပဲမျိုးရင်းဝင် အပင်တစ်မျိုး ဖြစ်ပါသည်။

အစိုဓာတ်လုံလောက်ပါက မည်သည့်မြေအမျိုးအစားတွင်မဆို ကောင်းစွာပေါက် ရောက်ရှင်သန်နိုင်သော အပင်ဖြစ်ပါသည်။

လင်းတာတုံ့ပြန်မှုရှိပြီး   နေ့တာရှည် ကာလများ ရရှိပါက ပင်ပိုင်းကြီးထွားမှု ကြာရှည်စေသော  အပင်မျိုးဖြစ်ပါသည်။

ပိုက်ဆန်လျှော်ပင်အား သစ်စိမ်းမြေသြဇာ အဖြစ်စိုက်ပျိုးခြင်း

    ပိုက်ဆန်လျှော်အား သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုရန်  စိုက်ပျိုးမည်ဆိုပါက မျိုးစေ့နှုန်း တစ်ဧကလျှင် ၆ ပြည်မှ ၁၂ ပြည်အထိအသုံးပြုရန် လိုအပ်ပါသည်။ မျိုးစေ့နှုန်းထားများများသုံးလေ သစ်စိမ်း ပမာဏများများရလေဖြစ်ပါသည်။ 

ပုံမှန်အားဖြင့် စပါးအခြေခံသီးနှံပုံစံများတွင် လယ်မြေများ၌ မိုးစပါးရိတ်သိမ်းပြီး နောက် ထယ်(၁)စပ်၊ ထွန်(၁)စပ်ဝင်ပြီး မျိုးစေ့ကို ညီညာအောင် ကြဲပက်ရပါသည်။ ထို့နောက် ထွန်(၁)စပ်ဖြင့် ပြန်ဖုံးပေးရပါသည်။ စိုက်ပျိုးပြီး ထယ်ထိုးနစ်မြှုပ်ရမည့် အချိန်သည် အထူးအရေးကြီးပါသည်။

-        မိုးရေကိုသာ အားကိုးစိုက်ရသော ကုန်းပိုင်းယာမြေများတွင် မိုးသီးနှံမစိုက်ပျိုးမီ ကြဲပက်စိုက်ပျိုးထားပါက အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း ထယ်ထိုး မြေမြှုပ်ပေးရပါသည်။

-        ပုံမှန်အားဖြင့် လယ်မြေများတွင် မိုးစပါး ရိတ်သိမ်းပြီးနောက် နွေသီးနှံမစိုက်ပျိုးမီ ပိုက်ဆန်လျှော်မျိုးစေ့ ကြဲပက်၍ အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်း

မြေသြဇာအဖြစ် ထယ်ထိုးမြေမြှုပ် ပေးလေ့ရှိပါသည်။

-        နွေသီးနှံရိတ်သိမ်းပြီးနောက်  မိုးစပါး မစိုက်ပျိုးမီ ပိုက်ဆန်လျှော်မျိုးစေ့ ကြဲပက်၍လည်း အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်းမြေသြဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့လည်း ရှိပါသည်။

-        အခြားနေရာတွင် စိုက်ပျိုးထားပါက သက်တမ်း ၄၅ ရက်မှ  ၆၅  ရက်သား အတွင်း ပိုက်ဆန်လျှော် အပင်အား ရိတ်ပြီး လယ်တွင်ချ၍ စပါးမစိုက်ခင် နှစ်ပတ်အလို သမန်းတွင်မြှုပ်၍ ထည့်သွင်းနိုင်ပါသည်။

၂၀၁၄-၂၀၁၅ ခုနှစ်၌ ပိုက်ဆန်လျှော်၊ ပဲလွမ်းနှင့် မတ်ပဲတို့၏ အပင်သက်တမ်း အလိုက် ထယ်ထိုးမြေမြှုပ်ခဲ့ရာ မြေတွင်း၌ ရရှိသော အာဟာရဓာတ် ပါဝင်မှုများကို အောက်ပါအတိုင်း ဓာတ်ခွဲစစ်ဆေးခြင်းရလဒ် အဖြစ် တွေ့ရှိရပါသည်။

သုတေသနမှတ်တမ်းများ အရ ပိုက်ဆန်လျှော်မျိုးစေ့ တစ်ပြည်လျှင် မျိုးစေ့အရေအတွက် ငါးသောင်းခန့်ပါရှိပြီး တစ်ဧကလျှင်  ၁၀  ပြည်နှုန်းကြဲပက်ပါက မျိုးစေ့ ငါးသိန်းခန့် ရှိမည်ဖြစ်ပါသည်။ ၎င်းမျိုးစေ့များကို ကြဲပက်ပါက အပင်ပေါက်ရာခိုင်နှုန်း ၈၀ ရှိမည်ဆိုလျှင် ပိုက်ဆန်လျှော်အပင်ပေါက် လေးသိန်းကျော် ရရှိမည်ဖြစ်ပါသည်။

၂၀၂၁ ခုနှစ် မိုးစပါးမစိုက်မီ စမ်းသပ်တွေ့ရှိချက်မှာ  တစ်ဧကလျှင် မျိုးစေ့နှုန်း ၁၀ ပြည်ဖြင့်  ရက် ၅၀ သား၌ ထယ်ထိုးမြေမြှုပ်လျှင် တစ်ဧကလျှင် သစ်စိမ်းပမာဏ အစိုချိန် ၁၂ ဒသမ ၅ တန်ထွက်ရှိမှုမှ တစ်ဧကလျှင် နိုက်ထရိုဂျင်ဓာတ်ပမာဏ ၁၃၂ ဒသမ ၅ ပေါင်၊ ဖော့စ်ဖရပ်ဓာတ် ၁၇ ဒသမ ၅ ပေါင်၊ ပိုတက်စီယမ်ဓာတ် ၁၅၄ ပေါင်နှင့် ဆာလ်ဖာဓာတ် ၉ ပေါင် ခန့်ရရှိနိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။ (အမြစ်မပါ ကျန်အပင်အစိတ်အပိုင်း၏ နိုက် ထရိုဂျင်ဓာတ်ပါဝင်မှု ရာခိုင်နှုန်း ၃ ဒသမ သုည ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် ပါဝင်မှု ရာခိုင်နှုန်း သုည ဒသမ ၄၀ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ်   ပါဝင်မှုရာခိုင်နှုန်း ၃ ဒသမ ၄၅ ရာခိုင်နှုန်းတို့အပေါ် မူတည်၍ တွက်ထားခြင်းဖြစ်ပါသည်။) ဤတွက်ချက်မှု ပမာဏတို့သည် မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိတို့၏ လှုပ်ရှားဆောင်ရွက်မှုများ၊ အပင်မှရယူနိုင်မှု၊ မြေ၏အပူချိန်နှင့် ရာသီဥတုများအပေါ် မူတည်၍ အာဟာရ ဓာတ်ရရှိမှု ကွာခြားနိုင်ပါသည်။

သက်တမ်းကြာလေ ဇီဝဒြပ်ထု (Biomass) အထွက်ပမာဏ ပိုများနိုင်လေဖြစ်ပါသည်။ သို့ရာတွင် သက်တမ်းကြာလာသည်နှင့်အမျှ အပင်အစိတ်အပိုင်းများ ပိုမို ရင့်မာလာသဖြင့် ထယ်ထိုးနစ်မြှုပ်ပါက ဆွေးမြည့်ချိန် ပိုမိုကြာနိုင်မည်ဖြစ်ပါသည်။

ထယ်ထိုးနစ်မြှုပ်ထားပြီး ၁၀ ရက်မှ ၁၄ ရက်အကြာတွင် ကောင်းစွာဆွေးမြည့်ပြီးမှ သာလျှင် နောက်သီးနှံကို စိုက်ပျိုးသင့်ပါသည်။

ပိုက်ဆန်လျှော်သစ်စိမ်း စိုက်ပျိုး၍ မြေမြှုပ်ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။             

(၁) မြေဆီလွှာအတွင်းရှိ  အစိုဓာတ်ကို ထိန်းသိမ်းပေးသည် သာမက သစ်ဆွေး ဓာတ်ကိုလည်း တိုးတက်စေကာ မြေသားဖွဲ့စည်းမှုကိုလည်း တိုးတက် ကောင်းမွန်စေပါသည်။

(၂)     လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးသည့်အတွက် မြေဆီလွှာအတွင်း  နိုက်ထရိုဂျင်ဓာတ် ဖြည့်တင်းပေးရာ ရောက်ပါသည်။

(၃) မြေဆီလွှာအတွင်းရှိ အပင်အာဟာရ ဓာတ်များအား မြေအောက်သို့ စိမ့်ဝင် ဆုံးရှုံးခြင်းမှ ကာကွယ်ပေးသည်။

(၄)     မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေပြီး အပေါ်ယံမြေလွှာများ ပျက်စီးမှုကို ကာကွယ်ပေးပါသည်။

(၅)    မြေညံ့များတွင် စိုက်ပျိုးပြီး ထွန်ယက် မြေမြှုပ်ပေးပါက မြေဆီအရည်အသွေးကို တိုးတက်စေပါသည်။

မျိုးစေ့ထုတ် စိုက်ပျိုးခြင်း 

    ပိုက်ဆန်လျှော်အား မျိုးစေ့ထုတ် စိုက်ပျိုး မည်ဆိုပါက စိုက်ပျိုးသင့်သော အချိန်မှာ  သြဂုတ်လအတွင်း ဖြစ်ပါသည်။ တစ်ဧကလျှင် မျိုးစေ့နှုန်း ၃-၄ ပြည်နှုန်းဖြင့် အသုံးပြုရပါမည်။ စိုက်ပျိုးရာတွင် တန်းကြား ၁ ပေခွဲခြား၍ကြွက်မြီးတန်းချ စိုက်ပျိုးရပါသည်။  ၂  ပတ်သားခန့်တွင် ၆  လက်မခြား ၁ ပင်ချန် သားခွဲပေးရန် လိုပါသည်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် အသီးတောင့်များ   ရိတ်သိမ်းနိုင်ပါသည်။  ရိတ်သိမ်း ပြီးနောက် အခြောက်ခံခြွေလှေ့သန့်စင်၍ မျိုးစေ့အဖြစ် အသုံးပြုနိုင်ပါသည်။ တစ်ဧက လျှင် မျိုးစေ့အထွက်နှုန်း ၈ တင်းမှ ၁၀ တင်းခန့် ရရှိနိုင်ပါသည်။ ပိုက်ဆန်လျှော်သည် နေ့တာတို အပင်မျိုးဖြစ်ပြီး နေ့တာ အတိုအရှည်အပေါ်မူတည်၍ ပန်းပွင့်ချိန် ကွာခြား နိုင်ပါသည်။ သို့ဖြစ်ပါ၍ တစ်နှစ်လျှင် တစ်ကြိမ်သာလျှင် မျိုးစေ့ထုတ်အဖြစ် စိုက်ပျိုးနိုင်ပါသည်။

ပန်းပွင့်နေသော ပိုက်ဆန်လျှော်စိုက်ခင်းပုံ   ပိုက်ဆန်လျှော်မျိုးစေ့ပုံ

      ပိုက်ဆန်လျှော် သစ်စိမ်းမြေသြဇာပင်များသည်   မြေဆီလွှာ၏ အရည်အသွေးကို တိုးတက်စေရုံသာမက ပိုက်ဆန်လျှော်ပင်သည် ပေါင်းပင်များပေါ်မှ အုပ်မိုးကြီးထွား လေ့ရှိသဖြင့် ပေါင်းပေါက်ရောက်မှု လျော့ပါးစေခြင်း၊ မြေတွင်းသို့ အခြားသဘာဝ မြေသြဇာများ(မြေဆွေး၊ နွားချေး)များ လိုက်လံထည့်ပေးရသည်ထက် လုပ်အားခ သက်သာခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ ဓာတ်မြေသြဇာ သုံးစွဲမှုကို  လျော့နည်းစေကာ ကုန်ကျစရိတ် သက်သာစေခြင်း၊ မြေဆီလွှာ တိုက်စားမှုမှ  ကာကွယ်ပေးခြင်းစသော အကျိုးကျေးဇူးများ ရရှိစေပါသည်။

  အချို့နိုင်ငံများတွင် ပိုက်ဆန်လျှော်ကို သစ်စိမ်း မြေသြဇာအဖြစ်သာမက စက္ကူ၊ ကြိုး၊ ပိုက်ကွန်နှင့်ဖျာများ  ရက်လုပ်ရန် လျှော်ပင်အဖြစ်လည်း အသုံးပြုကြောင်း လေ့လာ တွေ့ရှိရပါသည်။

ထို့ကြောင့် ပိုက်ဆန်လျှော်အား သစ်စိမ်း မြေသြဇာအဖြစ် လည်းကောင်း၊  အခြား အသုံးပြုမှုများအတွက် လည်းကောင်း လွန်စွာအသုံးဝင်သော အပင်ဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများအတွက်  လက်တွေ့စိုက်ပျိုး အသုံးချနိုင်ပါရန် သုတေသန တွေ့ရှိချက်များကို ကိုးကား၍ ရေးသား ဖော်ပြလိုက်ရပါသည်။

အကိုးအကား။

- စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေဆီလွှာသိပ္ပံ သုတေသနဌာနစု ဓာတ်ခွဲစစ်ဆေး ခြင်း ရလဒ်အဖြေများ။ (၂၀၁၄-၂၀၁၅ç ၂၀၂၀-၂၀၂၁)

-  စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးမွေးမြူရေးစနစ်သုတေသနဌာနစု။(၂၀၂၁)

- https://www.researchgate.net.   Sunnhemp in India.