အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့၏ ညှိနှိုင်းအစည်းအဝေးကို video conferencing စနစ်ဖြင့် ကျင်းပ
နေပြည်တော် မေ ၃
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် The Country Task Force on Monitoring and Reporting - CTFMR တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ video conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး အောင်ခင်သိန်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ် အရာရှိကြီးများ၊ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံး(UNRCO)မှ Head of the Resident Coordinator’s Office ဖြစ်သူ Mr. Peter Barwick ဦးဆောင်သည့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း ရေး ကော်မတီနှင့် CTFMR တို့အကြား အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း သတင်းရရှိသည်။