လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရွှေလှေကျေးရွာ၊ ဓနုဖြူမြို့နယ်၊ တောင်ဇီးကျေးရွာ၊ ညောင်တုန်းမြို့နယ်၊ ပန်းဆိပ်ကျေးရွာ၊ ကပ္ပလီကျွန်းကျေးရွာ၊ မြမ္မာပြာသာကျေးရွာ၊ မအူပင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်နှင့် အမှတ်(၁၂)ရပ်ကွက်များ၌ မေ ၂ ရက် ည ၉ နာရီခွဲခန့်တွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် နေအိမ် ၃၀၄ လုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၁၁၆ လုံး ပြိုကျပျက်စီးခဲ့သည်။

အဆိုပါ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်များ၌ ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ အဆောက်အဦအပျက်အစီးများနှင့် သစ်ပင်သစ်ကိုင်းအကျိုးအပဲ့များအား ဖယ်ရှား ရှင်းလင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လေဘေး သင့်ပြည်သူများအား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။