ငြိမ်းချမ်းရေး သံလွင်ခက်ကို အမိအရ ဆုပ်ကိုင်သွားစေလို

ငြိမ်းချမ်းရေး သံလွင်ခက်ကို အမိအရ ဆုပ်ကိုင်သွားစေလို

    ဧပြီလ ၂၂ ရက်သည် နိုင်ငံတော်နှင့် ပြည်သူများအတွက် မင်္ဂလာရှိသော နေ့ရက်ပင်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  တစ်နိုင်ငံလုံး လက်နက်ကိုင် ပဋိပက္ခများ   ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကို တရားဝင်ဖိတ်ခေါ်ခဲ့သည်။  နိုင်ငံတော် အကြီးအကဲသည် စိန်ရတုကာလပင် ရောက်တော့မည့် လွတ်လပ်ရေး အနှစ်သာရကို တိုင်းရင်းသားပြည်သူများ အပြည့်အဝ ခံစားနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိသည်။ တိုင်းရင်းသား ပြည်သူများအတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းပင် ဖြစ်သည်။

NCA တွင်ပါဝင်လက်မှတ်ရေးထိုး

    ငြိမ်းချမ်းရေးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အရေးပါလျက်ရှိသည်။ စင်စစ်အားဖြင့် ငြိမ်းချမ်းရေးဆိုသော စကားရပ်သည်  လူတိုင်း၏စိတ်နှလုံးကို ချမ်းမြေ့စေသည်မှာအမှန်။ ထိုနည်းတူစွာ တည်ငြိမ်အေးချမ်းမှုရှိသော ပတ်ဝန်းကျင်တွင်လည်း တရားဥပဒေစိုးမိုးပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ် ကျင့်သုံးလျက်ရှိသော   ကမ္ဘာ့နိုင်ငံအားလုံးသည် ငြိမ်းချမ်းရေးကို ခိုင်မာအောင် တည်ဆောက်ထားပြီး ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သော အစိုးရအသီးသီးသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်  ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြသည်။ အထူးသဖြင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် သက်ဆိုင်သူများအကြား အပြန်အလှန်နားလည်မှု၊  ယုံကြည်မှု၊ စိတ်ရှည်သည်းခံ ခွင့်လွှတ်မှုတို့ကို   အခြေခံလျက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ  ပြုလုပ်ခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ  ၁၅   ရက်တွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(Nationwide Cease-fire Agreement-NCA)ကို အောင်မြင်စွာ လက်မှတ် ရေးထိုးနိုင်ခဲ့ပေသည်။ ထာဝရငြိမ်းချမ်းရေး အတွက် သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့သည်။ 

ထို့ပြင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ကလည်း၂၀၁၈ ခုနှစ်  ဖေဖော်ဝါရီလ   ၁၃   ရက်တွင် NCA ၌ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် NCA ၌ပါဝင်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အထိ ရှိလာပြီဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်လာခြင်းပင်ဖြစ်သည်။  ထို့ပြင်  ကျန်ရှိနေသော အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း NCA ၌ပါဝင်လက်မှတ် ရေးထိုးနိုင်ကြမည်ဆိုရလျှင် ပြည်ထောင်စုဖွား  တိုင်းရင်းသား အားလုံးအတွက် အတိုင်းထက် အလွန်ပင်ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုများ

   တပ်မတော်အနေဖြင့်  ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁  ရက်မှစတင်၍  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်  ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်များကို ၂၀၂၂   ခုနှစ်   ဖေဖော်ဝါရီလ  ၂၈  ရက်အထိ အကြိမ် ၂၀ အထိ  ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အပြင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ    ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။  ထို့ပြင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန်လည်း ဖိတ်ကြားခဲ့သေးသည်။ ထိုစဉ်က အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပြည်ထောင်စုနေ့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအကြား   ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

စင်စစ်အားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်များကို ရယူပြီးသည့်အချိန်မှစ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်တွင်  “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များ အတိုင်း  ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဟု မူဝါဒချမှတ်ကာ အလေးထား လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေး ကော်မတီသုံးရပ်ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီသည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးသော တိုင်းရင်းသား အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့်   တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

ဆောလျင်စွာ လက်မှတ်ရေးထိုးစေလိုဆိုရလျှင်  လက်နက်ကိုင်ပဋိပက္ခသည် နှစ်ပေါင်း ၇၀ ကျော်နေပြီဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင် အဖွဲ့များအနေဖြင့် တိုင်းရင်းသားများ၏ အကျိုးကို အမှန်တကယ် ဖော်ဆောင်လိုလျှင် မျိုးချစ်စိတ်ဓာတ် အမှန်တကယ်ထက်သန်လျှင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို  အချိန်ဆွဲမထားဘဲ ဆောလျင်စွာ  လက်မှတ်ရေးထိုး သွားသင့်ပေသည်။ အချိန်ဆွဲထားမည်ဆိုလျှင် အပြစ်မဲ့သော တိုင်းရင်းသား ပြည်သူများသာ နစ်နာကြမည်ဖြစ်သည်။ ငြိမ်းချမ်းရေး မြန်မြန်ဆန်ဆန် ရရှိမည်ဆိုလျှင် ပြည်သူများသည် အေးချမ်းသာယာ တိုးတက်မှု အသီးအပွင့်ကို လျင်မြန်စွာ ခံစားကြရမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် အပြစ်မဲ့ တိုင်းရင်းသားများအပေါ် ကိုယ်ချင်းစာနာစိတ်ထားသော အားဖြင့် မိမိတို့မျှော်မှန်းထားသည့် တန်ဖိုးထားမှုများ၊ တောင်းဆိုချက်များကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရိုးသားပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး အပစ်အခတ် ရပ်စဲရေးအတွက် နည်းလမ်းရှာဖွေ သွားသင့်ပါသည်။

အမှန်တော့ တိုင်းပြည်အတွင်း ဖြစ်ပွားနေရသည့် လက်နက်ကိုင်ပဋိပက္ခများသည် ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးတို့ကို အခြေခံ၍ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အတိတ်က မည်သို့ပင်ဖြစ်ခဲ့စေကာမူ လက်ရှိပစ္စုပ္ပန်တွင်   တိုင်းပြည်အနာဂတ် အတွက် ရိုးသားပွင့်လင်းသည့်    စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်သွားသင့်ပါသည်။   ပြည်သူအားလုံး၏ တူညီသော ရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေး ရရှိရေးပင်ဖြစ်သောကြောင့် နှစ်ဖက်အဖွဲ့အစည်းများအကြား ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားမည်ဆိုလျှင် ငြိမ်းချမ်းရေး မရရှိရန် အကြောင်းမရှိချေ။

ထိုသို့ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေနိုင်သည့် အချက်များကိုလည်း အထူးသတိထား ရှောင်ကြဉ်သွားရန် လိုအပ်သည်။ မည်သို့ပင်ဆိုစေကာမူ အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကိုသာ တည်ဆောက်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် ဒေသတွင်း အဆင့်သာမက  ကမ္ဘာ့အဆင့်အထိ    တိုးတက်စည်ပင် လာမည်ဖြစ်သည်။

အထူးသဖြင့် နယ်စပ်ဒေသများတွင်   ပညာရေး၊ ကျန်းမာရေး၊    လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ  တည်ဆောက်နိုင်မည်ဖြစ်သဖြင့် နောင်မျိုးဆက်သစ်များအတွက် အခြေခံကောင်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ဆိုရလျှင် မျိုးဆက်သစ်များ အတွက် တန်ဖိုးမဖြတ်နိုင်သည့် ငြိမ်းချမ်းရေး အမွေထားရှိနိုင်ခဲ့မည်ဖြစ်သည်။

ခေတ်သစ်ကိုလိုနီများကို သတိထားရန် လိုကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များကိုလေ့လာကြည့်မည်ဆိုလျှင် စည်းလုံးညီညွတ်မှုမရှိသော နိုင်ငံများသည်  အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားရလေ့ ရှိသည်။ စစ်အေးတိုက်ပွဲ ကာလတွင်လည်း  အင်အားကြီးနိုင်ငံများ အကြား   အုပ်စုဖွဲ့၍ ပြိုင်ဆိုင်ခဲ့ကြပြီး  အရှေ့နှင့်အနောက် အုပ်စုကွဲသွားသည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများသည် လက်ဝေခံနိုင်ငံများ ထားရှိကာ  ကိုယ်စားစစ်ပွဲများ ဆင်နွှဲလေ့ရှိသည်။ သာဓကအနေဖြင့်   လက်ရှိဖြစ်ပွားလျက် ရှိသော ယူကရိန်းအရေးတွင် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုသည် ရုရှားနိုင်ငံကို ပိတ်ဆို့မှုများ လုပ်ဆောင်နေသလို တစ်ဖက်ကလည်း ယူကရိန်းနိုင်ငံအား လက်နက်များ ထောက်ပံ့ကာ သွေးထိုးမြှောက်ပင့်မှုများ လုပ်ဆောင်လျက်ရှိသည်။ အကျိုးဆက်အနေဖြင့် ယူကရိန်းပြည်သူများသည် မြေစာပင်ဖြစ်ရတော့သည်။

ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့် တိုင်းတစ်ပါးကို အထင်ကြီး   အားကိုးနေသည်ထက် ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသောကြောင့် ညီနောင် တိုင်းရင်းသားများအကြား သွေးစည်းညီညွတ် သွားရန်လိုအပ်ပေသည်။ ကချင်ကတစ်မျိုး ရှမ်းကတစ်ဖုံ လုပ်နေမည်ဆိုလျှင် ခေတ်သစ်ကိုလိုနီများ ပိုမို သဘောကျ နှစ်ခြိုက်လာမည်ဖြစ်သည်။ ခေတ်သစ် ကိုလိုနီများသည် နိုင်ငံတစ်နိုင်ငံ၏ တရားဝင်အစိုးရအား    နည်းလမ်းပေါင်းစုံ သုံး၍ဖြုတ်ချပြီး  ၎င်းတို့အလိုကျ ရုပ်သေးအစိုးရများ တင်မြှောက်ကာ လွှမ်းမိုးချုပ်ကိုင်ထားလေ့ရှိကြသည်။   ထို့နောက်  နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက် တော့သည်။  ထို့ကြောင့် မိမိတို့ တိုင်းရင်းသား ညီအစ်ကိုများအကြား နားလည်မှုသာရှိနေမည်ဆိုလျှင်   ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် လျင်မြန်ချောမွေ့ လာမည်ဖြစ်သည်။

ငြိမ်းချမ်းရေး သံလွင်ခက်ကို   အမိအရဆုပ်ကိုင် သွားစေလို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကို တရားဝင် ဖိတ်ခေါ်ထားပြီးဖြစ်သည်။  နိုင်ငံတော် အကြီးအကဲသည်   ငြိမ်းချမ်းရေး ကိစ္စရပ်များကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးကို ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်သည်။ ငြိမ်းချမ်းရေး အတွက် ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။

ထိုသို့    ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး  ဖိတ်ခေါ်ထားသည့် ကာလနှင့်    တွေ့ဆုံဆွေးနွေးစဉ် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်    အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို   ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ လှုပ်ရှားခြင်း၊ နယ်မြေချဲ့ထွင်ခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ထမ်းဆောင်လျက်ရှိသည့်   လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်း စသည့်လုပ်ရပ်များကို ရှောင်ရှားလျက် တိုင်းပြည်နှင့်လူမျိုးအကျိုး မြော်တွေးကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေးအတွက်  ငြိမ်းချမ်းရေး သံလွင်ခက်ကို   အမိအရ ဆုပ်ကိုင်သွားရန် အကြံပြု တိုက်တွန်းလိုက်ရပါသည်။   ။

မောင်သောင်းဝင်း(တမန်ဟောင်း)