ယာယီတိုက်ပွဲရှောင် စခန်းများတွင် နေထိုင်လျက်ရှိသော ယာယီတိုက်ပွဲရှောင်ပြည်သူ များအား ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်

ယာယီတိုက်ပွဲရှောင် စခန်းများတွင် နေထိုင်လျက်ရှိသော ယာယီတိုက်ပွဲရှောင်ပြည်သူ များအား ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်

 
နေပြည်တော်၊ မေ - ၄

 
ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ယာယီတိုက်ပွဲရှောင် စခန်းများတွင် ယာယီနေထိုင် ၍ နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်ကြမည့် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီတိုက်ပွဲရှောင်အိမ်ထောင်စုများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် နေအိမ်အသစ်ဆောက်လုပ်ရန်နှင့် နေအိမ်ပြုပြင်ရန်အတွက် ထောက်ပံ့ ငွေများနှင့် အသုံး အဆောင်ပစ္စည်းများ ပေးအပ်ခြင်းကို ဧပြီ ၃၀ ရက်တွင် ပလက်ဝမြို၊ ကီမိုခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။
အဆိုပါ ထောက်ပံ့ငွေများနှင့် အသုံး အဆောင်ပစ္စည်းများ ပေးအပ်ရာတွင် တာဝန် ရှိသူများက တန်းဆိပ်ကျေးရွာ၊ အောက်မီးလဝကျေးရွာ၊ ပလက်ချောင်းဝကျေးရွာ၊ ရီးမဝကျေးရွာနှင့် တုံးမဝကျေးရွာများမှ အိမ်ထောင်စု ၄၄ အတွက် တန်ဖိုးနည်း အိမ်ရာ များကိုလည်းကောင်း၊ အိမ်ထောင်စု ၈၇ စုအတွက် နေအိမ်အသစ် ဆောက်လုပ်ရန်နှင့် နေအိမ်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများများကိုလည်းကောင်း၊ အိမ်ထောင်စု ၁ စုစီ အတွက် ICRC မှ ထောက်ပံ့ပစ္စည်း ၇ မျိုးကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု ၁၆၉ စုသည် မေလ ၂ ရက်တွင် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပလက်ဝမြို့မှ စက်လှေများဖြင့် ထွက်ခွာကြရာ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အိမ်ထောင်စုဝင်များ၏ အသုံးအဆောင်ပစ္စည်းများကို စက်လှေများပေါ်သို့ သယ်ယူရွှေ့ ပြောင်းပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။