ဆင်စာနှင့် ဆင်စခန်းဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရန် အလှူရှင် လိုအပ်လျက်ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့နယ် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းရှိ ဆင်များ ဆင်စာအတွက် အလှူရှင် လိုအပ်မှုရှိသကဲ့သို့ ဆင်စခန်း ဝန်ထမ်းများအတွက်ပါ အလှူရှင်များ လိုအပ်လျက် ရှိကြောင်း ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်း တာဝန်ရှိသူထံမှ သိရသည်။

''ယခုကာလတွင် ခရီးသွား လုပ်ငန်းများ ပိတ်ထားရခြင်းကြောင့်    ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင် စခန်းမှ ဆင်များအတွက် အာဟာရဖြစ်စေမယ့် ဖြည့်စွက်စာလိုအပ်ချက်တွေ ရှိလာပါတယ်။ လာရောက်လှူဒါန်းသူတွေ ရှိပေမယ့် လမ်းပန်းဆက်သွယ်ရေး အနည်းငယ်ခက်ခဲတဲ့အတွက်  နည်းပါးနေပါသေးတယ်။ ဆင်တွေတင်မကဘဲ စခန်းမှာရှိတဲ့ ဝန်ထမ်းတွေအတွက်ပါ  အလှူရှင် လိုအပ်ပါတယ်''ဟု ဆင်စခန်းအောင်မြင်ရေးအတွက် လုပ်ဆောင်ပေးနေသူ ကိုပြည့်ဖြိုးဝင်းက ပြောသည်။

ရွှေစက်တော်     မန်းချောင်းအပန်းဖြေ ဆင်စခန်းတွင် ဝန်ထမ်း  ၃ဝ  ကျော်ရှိပြီး နေ့စားဝန်ထမ်းများလည်း ရှိရာ စခန်းပိတ်ထားရချိန်တွင် စခန်းသန့်ရှင်းရေး၊ ဆင်စာကျွေးရခြင်းများကို နေ့စဉ် လုပ်ဆောင်နေရပြီး ဆင်များကို လေ့ကျင့်သင်ကြားပေးမှုများ လုပ်ဆောင်ပေးနေကြကြောင်း၊ လှူဒါန်းလိုသူများ အနေဖြင့် ဆင်စခန်း Facebook Pageတွင်  ဆက်သွယ်ရမည့်လိပ်စာ၊ ဖုန်းနံပါတ် တင်ပေးထားပြီး လူကိုယ်တိုင် မလာရောက်နိုင်ပါက   ဖုန်းဖြင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ဆင်စခန်းတာဝန်ခံ  ဦးအောင်ကိုကိုထက်က ပြောသည်။

ရွှေစက်တော်  မန်းချောင်းအပန်းဖြေ ဆင်စခန်းမှာ ဆင် ၁၃ ကောင်ရှိပြီး ဆင်စာအတွက် လှူဒါန်းသူများ ရှိသော်လည်း နည်းပါးနေပြီး ဆင်စခန်းဝန်ထမ်းများ အတွက်လည်း အလှူရှင်များ လိုအပ်လျက် ရှိကြောင်း  သိရသည်၊၊