နေပြည်တော် အောက်တိုဘာ ၂
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် မသန်စွမ်းရေးရာ အရပ်ဘက်လူမှု အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ မသန်စွမ်းရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၉ ဖွဲ့မှ ကိုယ်စားလှယ်များ၊ International In-stitute for Democracy and Electoral Assistance (International IDEA)အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် မသန်စွမ်းသူများ ပါဝင်ခွင့် ရရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် မသန်စွမ်းသူ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ကြောင်း။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၉(က)နှင့် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း အပိုဒ် ၂၉ တို့တွင် မသန်စွမ်းသူများ၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို တန်းတူရရှိရေး အတွက် ဆောင်ရွက်ထားသည်ကို သိရှိရကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ၂ဝ၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပုဒ်မ (၂၉)နှင့် ပုဒ်မ(၃ဝ)တို့တွင် မသန်စွမ်းသူတိုင်းသည် ရွေးကောက်ပွဲများ၌ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်ရရှိရေးကို ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂ဝ၁၄-၂ဝ၁၈)နှင့် (၂ဝ၁၉-၂ဝ၂၂)တို့တွင်လည်း အားလုံးပါဝင် ဆောင်ရွက်မှုမြှင့်တင်ခြင်း အခန်းကို ထည့် သွင်းရေးဆွဲခဲ့ပြီး မသန်စွမ်းသူများ အားလုံး ဆန္ဒမဲပေးပိုင်ခွင့် ရရှိရေး အတွက် အလေး ထားဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်ငါးမြို့နယ်တွင် မသန်စွမ်းစံပြမဲရုံ ကိုးရုံဖွင့်လှစ်ပြီး မသန်စွမ်းမဲဆန္ဒရှင်များအဆင်ပြေလွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရွေးကောက်ပွဲများတွင် အမြင်အာရုံ မသန်စွမ်းသူများ အတွက် မျက်မမြင်လက်စမ်း စာပေ(Braille
Template)ဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆန္ဒပြုမဲပေးနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော် Grand Amara Hotel ၌ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာစွမ်း ရည်မြှင့် သင်တန်းများတွင် မသန်စွမ်းသူများမဲပေးခြင်းဆိုင်ရာ သရုပ်ပြ သင်ခန်းစာများနှင့် ဆင့်ပွားသင်တန်းများ ပို့ချဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မသန်စွမ်း မဲဆန္ဒရှင်ဦးရေ၈၇၂၈ဝ ဦးရှိသည်ဟု သိရှိရကြောင်း။
၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလနှင့် တိုက်ဆိုင်နေသည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်၊ လမ်းညွှန်ချက်များနှင့် အညီ မသန်စွမ်း မဲဆန္ဒရှင်များ အပါအဝင် မဲဆန္ဒရှင်ပြည်သူ အားလုံး စိတ်ချလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် မသန်စွမ်းသူများရေးရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မိတ်ဆက်စကား ပြောကြားခဲ့ပြီး ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးမြန်းချက်များကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။