အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ မေ ၅ ရက်)
မြန်မာနိုင်ငံတွင် နှစ်စဉ်မေလ ၅ ရက်နေ့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ထားရာ ယနေ့သည် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ဖြစ်သည်။ မီးဘေးရှောင်မလောင်ခင်တား ဆောင်ပုဒ်သည် လူတိုင်းအတွက် သတိပြုရမည့် ဆောင်ပုဒ် ဖြစ်သည်။ မည်သည့်ဘေးအန္တရာယ်မဆို မဖြစ်ခင်ကကြိုတင်ကာကွယ်မှသာ ပျက်စီးဆုံးရှုံးမှုနည်းပါးမည်ဖြစ်သည်။ မီးသည် ရန်သူမျိုး ငါးပါးတွင် တစ်ပါးပါဝင်သော်လည်း လူသားတို့အတွက် မီးသည်မရှိမဖြစ်အရာဖြစ်သည်။ မီးကိုပိုင်နိုင်စွာသုံးတတ်လျှင် မိသားစုဘဝ ပြုံးနိုင်သကဲ့သို့ ပေါ့လျော့စွာ သုံးမိလျှင်ကား ဆုံးတတ်သည်ကို သတိပြုသင့်ပါသည်။
မီးသည် နွေမိုးဆောင်း ချိန်ခါမရွေး၊ နေရာမရွေးလောင်တတ်သည့်အတွက် မီးမလောင်ရန်အကောင်းဆုံးနည်းမှာ ကြိုတင် ကာကွယ်ခြင်း ဖြစ်သည်။ မီးဖိုနံဘေးတွင် လုံလောက်သော အကာအရံများထားရှိပါ။ အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ မီးကပ်မီးချိတ်၊ ရေပုံး၊ သဲပုံးများအသင့်ထားရှိပါ။ လျှပ်စစ်မီးကြိုးများ ဆွေးမြည့်ပေါက်ပြဲနေလျှင် ကျွမ်းကျင်သူများနှင့်အမြန်ဆုံးပြင်ဆင်ပါ။ ဂက်မီးဖို အသုံးပြုရာတွင် လေဝင်လေထွက်ကောင်းစေရန်အတွက် ပြတင်းပေါက်များဖွင့်ထားပါ။ ဤအချက်များမှာ ခက်ခဲသည့် အချက်များ မဟုတ်ပါ။ လူတိုင်းလိုက်နာရန်လွယ်ကူပါသည်။
မီးလောင်ရသည့် အကြောင်းရင်းများတွင် မီးဖိုမီးကြောင့် မီးလောင်မှုဖြစ်ရခြင်းမှာ အိမ်တိုင်းတွင် အသုံးပြုသောမီးဖိုတွင် မီးကြွင်း မီးကျန်ရှိနေခြင်း၊ မီးဖိုမီးကို လိုသည်ထက်ပို၍သုံးစွဲခြင်း၊ မီးဖိုအသုံးပြုစဉ် အစောင့်မရှိခြင်း၊ ကျေးလက်တောရွာများတွင် ထင်းကျပ် တင်ခြင်း၊ ကျပ်ခိုးများကို မီးစွဲခြင်း၊ ဆီအိုးအပူလွန်ကဲခြင်း၊ မီးဖိုနှင့်ထရံအကာ နီးကပ်နေခြင်း၊ ဓာတ်ဆီ၊ ရေနံဆီနှင့်မီးမွှေးခြင်း၊ မီးလောင်လွယ်သော ပစ္စည်းများ လောင်စာဆီများကို မီးဖိုအနီးထားရှိခြင်း၊ အသက်အရွယ်ကြီးရင့်သူ၊ မသန်စွမ်းသူနှင့် ကလေး သူငယ်များမှ ချက်ပြုတ်ကြော်လှော်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။
မီးဖိုမီးကဲ့သို့ပင် လူသားတို့၏ ပေါ့ဆမှုကြောင့်လည်း မီးလောင်မှုဖြစ်လေ့ရှိသည်။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မီးကို မငြှိမ်းသတ်ဘဲလွှင့်ပစ်ခြင်း၊ ဘုရားမီးပူဇော်ပြီးစောင့်မကြည့်ခြင်း၊ လူမရှိဘဲ ဖယောင်းတိုင် မီးခွက်ထွန်းထားခြင်း၊ ဖုန်းဘက်ထရီအား ကို တစ်ညလုံးသွင်းထားခြင်း၊ ခြင်ဆေးခွေကို အောက်ခံမပါဘဲအသုံးပြုခြင်း၊ ကလေးသူငယ်များက မီးခြစ်များကို အလွယ်တကူ ယူဆော့ခြင်း၊ ဈေးဆိုင်ခန်းများပိတ်သိမ်းရာတွင် လျှပ်စစ်မီးခလုတ်များဖွင့်ထားခဲ့မိခြင်း၊ လျှပ်စစ်ဝိုင်ယာကြိုးများပေါက်ပြဲနေခြင်းကို အချိန်မီမပြင်ဘဲထားခြင်း၊ မီးပျက်သွားသည့်အခါ မီးခလုတ်များကို အချိန်နှင့်တစ်ပြေးညီ မပိတ်ဘဲထားမိခြင်း၊ အရက်သေစာ သောက်စားပြီး မူးယစ်ရမ်းကားခြင်းတို့သည် လူသားတို့၏ ပေါ့ဆမှုကြောင့် ဖြစ်ပေါ်လာသော မီးလောင်မှုများဖြစ်သည်။
အကယ်၍ မီးလောင်မှုဖြစ်ပွားပါက ထွက်မပြေးပါနှင့်၊ ကြိတ်၍မငြှိမ်းပါနှင့်၊ ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံပါ။ မိမိနေအိမ်တွင် ရှိထားသော မီးသတ်ဆေးဘူးကို အသုံးပြုလိုက်ပါ။ နီးစပ်ရာ မီးသတ်တပ်ဖွဲ့စခန်းကို အမြန်ဆုံးအကြောင်းကြားပါ။ လူတိုင်းအိမ်တိုင်း တွင် မိမိတို့နေထိုင်ရာ မြို့နယ်မီးသတ်စခန်း၏ ဖုန်းနံပါတ်များကို နေအိမ်အတွင်း ထင်သာမြင်သာရှိသည့်နေရာတွင် ရေးမှတ်ထားရန် မမေ့ပါနှင့်။ သင့်ကိုကူညီနိုင်သူသည် မီးသတ်တပ်ဖွဲ့သာဖြစ်သည်။ မီးသတ်တပ်ဖွဲ့ကိုသာ အချိန်မီအကြောင်းကြားနိုင်ပါလျှင် အချိန်မီ မီးငြှိမ်းသတ်ခြင်းဖြင့် ပြည်သူလူထုစိတ်ချမ်းသာစေရမည်။ မိမိတို့နေထိုင်သည့်ရပ်ကွက်အတွင်း လမ်းများသည် မီးသတ်ကား အလွယ်တကူ ဝင်ထွက်နိုင်သော လမ်းများဖြစ်နေရန်ကိုလည်း ပြည်သူများအနေဖြင့် ကြိုးပမ်းထားသင့်ပါသည်။
မီးလောင်မှုတစ်ခုခုဖြစ်ပွားတိုင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် အချိန်နှင့်တစ်ပြေးညီ ရောက်လာပါလိမ့်မည်။ မီးဘေးအန္တရာယ်ကို အိမ်ထောင်စုတစ်စုမှသည် ပြည်သူလူထုတစ်ရပ်လုံး စုပေါင်းကြိုတင်ကာကွယ်ထားသင့်သည်။ မီးလောင်ခြင်းဆိုသည်မှာ အပူနှင့် အလင်းထွက်ပေါ်လာသည့် ဓာတ်ပြုမှုဖြစ်သည်။ မီးလောင်မှုဖြစ်ပွားနိုင်သော အခြေခံအချက်သုံးချက်ဖြစ်သည့် လောင်စာ၊ အောက်ဆီဂျင်နှင့် အပူရှိန်တို့အနက်မှ တစ်ခုခုကိုဖယ်ရှားလိုက်လျှင် မီးလောင်မှုရပ်ဆိုင်းသွားပါမည်။ မီးကိုနိုင်သည်မှာ ရေသာ ဖြစ်သည်။ အိမ်တိုင်း၊ ရပ်ကွက်တိုင်း၊ နေရာတိုင်းတွင် မီးအန္တရာယ်ကြုံတွေ့ရပါက ရေအဆင်သင့်ရှိနေရန်လိုပါသည်။ ရေမရှိလျှင် မီးငြှိမ်းသတ်ရန် မဖြစ်နိုင်သည့်အတွက် ရေကိုသီးခြားဆောင်ထားခြင်းဖြင့် မီးလောင်မှုကိုထိန်းချုပ်နိုင်ပါသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့များအနေဖြင့် လူအသင့်၊ ယာဉ်အသင့်၊ ရေအသင့်၊ ဆီအသင့်ဟူ၍ သင့်လေးသင့်ဖြင့် နေ့စဉ် အဆင်သင့်ရှိနေပါသည်။ မီးသတ်ဦးစီးဌာနက ခေတ်မီ မီးငြှိမ်းသတ်နည်းများ၊ အထပ်မြင့် အဆောက်အအုံတိုက်ခန်းများတွင် မီးငြှိမ်း သတ်နည်းများနှင့် ယင်းတိုက်ခန်းများတွင် နေထိုင်သူများအား ကယ်တင်ခြင်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ထားပြီးဖြစ်ပါ သည်။ မီးသတ်တပ်ဖွဲ့များအနေဖြင့် မီးသတ်စွမ်းရည်အပြည့်အဝရှိအောင် လေ့ကျင့်ဖြည့်ဆည်းထားသလို ပြည်သူများအနေဖြင့် မီးလောင်မှုမဖြစ်ရေး လိုက်နာရမည့် အချက်များအတိုင်း လိုက်နာသင့်ပါသည်။ လူသားတို့၏ အမှတ်တမဲ့ပြုမူမှုသည် အမှတ်တရ မမေ့နိုင်စရာဖြစ်တတ်သည်။ အနှစ်ချုပ်ရလျှင် ကြိုတင်ကာကွယ် မီးဘေးအန္တရာယ်ဆိုသည့်အတိုင်း ကြိုတင်ကာကွယ်မှုဖြင့် မီးလောင်ခြင်းကို ကာကွယ်နိုင်ကြပါစေကြောင်း။ ။