ပူလောင်သောက မဖြစ်ရအောင် စွမ်းဆောင်နေသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့
ဤကမ္ဘာကြီးတွင် လူသားတစ်ဦးအဖြစ် ဘဝရှင်သန်နေထိုင်စဉ်အတွင်း အမျိုးမျိုးသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြရသည်။ ရင်ဆိုင်ရသမျှဘေးအန္တရာယ် အပေါင်းကို ကျော်လွှားနိုင်ရန်မှာ လူတိုင်းတွင်မမေ့မလျော့ မပေါ့ဆသော သတိအစဉ် ထားရှိကြရမည် ဖြစ်သည်။ ကမ္ဘာနှင့်အဝှမ်း နှစ်စဉ်ကြုံတွေ့နေရသည်မှာ မီးဘေး၊ ရေဘေး၊ လေဘေးတို့ဖြစ်သည်။ ထိုဘေးအန္တရာယ်များ မကြုံတွေ့ရန်မှာ ကြိုတင်ကာကွယ်မှုသာဖြစ်သည်။ ကြိုတင်ကာကွယ်မှု ဆိုသော်လည်း အဆိုပါဘေးအန္တရာယ်တို့ အလစ်အငိုက် ကျရောက်လာသည့်အခါ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရသည့်အခါမျိုး ရှိတတ်သည်။
ထိုအခါလူသားတို့အတွက် ကယ်ဆယ် ကူညီပေးမည့် အဖွဲ့အစည်းကို မျှော်လင့်တောင့်တကြသည်။
မြန်မာနိုင်ငံတွင် ထိုဘေးဆိုးသုံးမျိုးမှ တစ်မျိုးမျိုးနှင့် ကြုံတွေ့ရလေတိုင်း တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်း ပြည်သူများက ပရဟိတစိတ်ဓာတ်ဖြင့် ကူညီကယ်ဆယ်မှုပြုကြသည်။ ထိုဘေးအန္တရာယ် သုံးမျိုးတွင် လူသားတို့အတွက် အဆိုးရွားဆုံးဘေးမှာ မီးဘေးဟုဆိုချင်ပါသည်။ မီးသည်ပူလောင်သည်၊ အရှိန်ရလာသည်နှင့် အိမ်တစ်လုံးကို သို့မဟုတ် အဆောက်အအုံတစ်ခုခုကို မိနစ်ပိုင်းအတွင်း ပြာကျစေသည်။ မိနစ်မှနာရီသို့ အချိန်ကြာလာပြီး နာရီပေါင်းများစွာ လောင်ကျွမ်းနေလျှင်ကား ဆုံးရှုံးမှုမှာ အများဆုံးအခြေအနေသို့ ဆိုက်ရောက်ကြရသည်။ သူခိုးခိုးလျှင် အဝတ်စုတ် လောက်ကျန်နိုင်သေးသော်လည်း မီးခိုးလျှင်ကား ဘာမျှကျန်မည် မဟုတ်ပေ။
မီးလောင်မှု အပူရှိန်ကြောင့် ပူသည်ကတစ်မျိုး၊ မိမိပိုင်ပစ္စည်းအားလုံး ဆုံးရှုံးသွား၍ ပူရသည်ကတစ်မျိုးနှင့် မီးဘေးသင့်ခံရသူများ၏ ဘဝမှာလွန်စွာ သနားဖွယ် ကောင်းလှသည်။ မီးပေါ့ဆသူ လူတစ်ဦး တစ်ယောက်ကြောင့် တစ်ရွာလုံး၊ တစ်ရပ်ကွက်လုံး၊ တစ်မြို့လုံးမီးလောင်ကျွမ်း ခံရသည့်ဖြစ်စဉ်များက နှစ်စဉ်နီးပါး ကြုံတွေ့ကြရသည်။ မီးလောင်ခံရသူများအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သလို နိုင်ငံတော်အတွက်လည်း ဆုံးရှုံးမှုများပင်ဖြစ်သည်။ ပြန်လည် ထူထောင်ရေး အတွက် နိုင်ငံ့ဘဏ္ဍာများ သုံးစွဲကြရသည်။ မီးဘေးသင့်ခံရသူများမှာလည်း သူများလှူဒါန်း ပေးကမ်းကူညီမှုဖြင့် ဘဝကိုရပ်တည်ကြရသည်။ ဆိုလိုသည်မှာ နေရာဒေသတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခြင်းသည် လူသားတို့ကို ဒုက္ခနွံတွင်း သွတ်သွင်းလိုက်ခြင်းပင် ဖြစ်တော့သည်။
မည်သူတစ်ဦး တစ်ယောက်ကမျှ မီးဘေးမကြုံတွေ့စေချင်ပါ။ သို့သော်ကြုံတွေ့ကြရသည်။ ထိုအခါ လောင်မြိုက်နေသော မီးများအမြန်ဆုံး ငြိမ်းသွားစေရေးအတွက် မီးသတ်တပ်ဖွဲ့ကို မျှော်လင့်ကြရသည်။ မီးသတ်တပ်ဖွဲ့အမြန်ဆုံး ရောက်ရှိနိုင်လေလေ မီးအမြန်ဆုံး ငြှိမ်းနိုင်လေလေဖြစ်သည်။ မီးသတ်တပ်ဖွဲ့၏ ကူညီမှု၊ ကယ်ဆယ်မှုသည် ပူလောင်နေသောပြည်သူတို့၏ ရင်ကိုအေးမြစေတော့သည်။ မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့ကို ဖွဲ့စည်းထားရှိခဲ့သည်မှာ နှစ်ပေါင်း(၇၆)နှစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်စဉ်မေလ ၅ ရက်နေ့သည် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ဖြစ်သည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်လျှင် ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းထားသည့်မီးသတ် အစည်းအရုံးဝင် မြို့နယ်ကိုယ်စားပြု ခေါင်းဆောင်များ စုစည်းလျက် ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံကြီးကို ပထမအကြိမ် ကျင်းပသည်။ ထိုညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက် အမှာစကား ပြောကြားသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို ထိုနေ့ကစတင် ရေတွက်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့ ရှိခဲ့သည်မှာ ပုဂံခေတ်ကတည်းကဟု လေ့လာသိရှိရသည်။
မြန်မာသက္ကရာဇ် ၄၀၆ ခုနှစ်မှ ၄၃၉ ခုနှစ် (ခရစ်နှစ် ၁၀၄၄-၁၀၇၇)အထိ ပုဂံနေပြည်တော်ကြီးကို ဗဟိုပြုကာ ပထမမြန်မာနိုင်ငံတော်ကြီး တည်ထောင်ခဲ့သောအနော်ရထာမင်းကြီး လက်ထက်တွင် “သောသောညံ ပုဂံ မီးဆော်မောင်း” ဟူသော အမှတ်အသားအရ မီးသတ်တပ်ဖွဲ့ထားရှိခဲ့သည်။ သောသောညံ နေ့နံဂဏန်းအရ မီးတပ်သား ၆၆၃ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ နီးပါးကပင် မြန်မာနိုင်ငံ၌ မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု ဆိုနိုင်ပါသည်။ ကမ္ဘာတွင် ဖွဲ့စည်းခဲ့သော မီးသတ်တပ်ဖွဲ့များ သမိုင်းကြောင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် မြန်မာတို့ကများစွာ ရှေးအကျဆုံးဖြစ်ခဲ့ပေသည်။
မြန်မာတို့ ကိုယ်ပိုင်ထီးနန်းဖြင့် နေခဲ့ရသော ခေတ်ကာလများတွင် မီးသတ်တပ်ဖွဲ့များ ထားရှိခဲ့ပြီး မီးဘေးလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ကိုလိုနီခေတ် ၁၈၈၃ ခုနှစ်တွင် ရန်ကုန်မြူနီစီပယ် ကော်မတီက လည်းကောင်း၊ ၁၈၈၉ ခုနှစ်တွင် မန္တလေး မြူနီစီပယ်ကော်မတီက လည်းကောင်း မီးသတ်တပ်ဖွဲ့ များ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် မီးသတ်တပ်ဖွဲ့များ ရှိခဲ့သော်လည်း ထိုမီးသတ်တပ်ဖွဲ့များ အဓိက လုပ်ဆောင်ရသည်မှာ ဗြိတိသျှကိုလိုနီပိုင် စီးပွားရေး လုပ်ငန်းများကို မီးလောင်ဆုံးရှုံးမှုမှ ကာကွယ်ရန်အတွက်သာ ဖြစ်ခဲ့သည်။
ကိုလိုနီအစိုးရမှာ အတ္တကြီးမားပြီး သူတို့ကိုယ်ကျိုးအတွက်သာ အဓိကထားခဲ့သည့်အတွက် မျိုးချစ် စိတ်ဓာတ်ရှိသော လူငယ်များက ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသကို ကာကွယ်ကြမည်ဟူသော စိတ်ဖြင့် အရန် မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။ ရန်ကုန်မြူနီစီပယ် အက်ဥပဒေနှင့်အညီ စေတနာ့ဝန်ထမ်း မီးသတ် တပ်ဖွဲ့ကို ရပ်ရွာအလိုက် စတင်ဖွဲ့စည်းထားသော်လည်း ထိုတပ်ဖွဲ့ဝင်များမှာ မီးလောင်လျှင်ငြှိမ်းသတ်ရန် အတွက်မျှသာဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ပညာရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာန၏ အမိန့်အရ မီးဘေး တားဆီးရေးနှင့် မီးဘေးကာကွယ်ရေး ကိစ္စရပ်များကို ဆောင်ရွက်ရန် မီးသတ်ဌာနကို မီးသတ်ညွှန်ကြားရေး ဝန်အပါအဝင် အရာထမ်း ၂၁ ဦးဖြင့် စတင်ဖွဲ့စည်းပေးခဲ့သည်။
၁၉၅၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေဌာနခွဲ နိုင်ငံတော်မီးသတ် ဌာနတွင် ဝန်ထမ်း ၆၃၆ ဦးဖြင့် ထပ်မံဖြည့်တင်း ဖွဲ့စည်းပေးခဲ့သည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော်တစ်ဝန်း အဘက်ဘက်တွင် စနစ်တကျရှိစေရေး ဆောင်ရွက်လျက် ရှိရာတွင် မီးသတ်တပ်ဖွဲ့ကိုလည်း အခြားသော လက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ စနစ်တကျဖြစ်အောင် စီမံဆောင်ရွက်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် အဓိက အကျဆုံးသော အဖွဲ့အစည်းမှာ တပ်မတော်ဖြစ်သည်။
ဒုတိယအဖွဲ့အစည်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြစ်သည်။ ထိုအဖွဲ့များကဲ့သို့ ကျစ်လျစ်ခိုင်မာ စုစည်းညီညွတ်ပြီး လျင်လျင်မြန်မြန် ထိထိရောက်ရောက် နိုင်ငံ့အကျိုး သယ်ပိုးရန်အတွက် မီးသတ်တပ်ဖွဲ့အင်အား ၁၃၅၀ ဦးအထိ ဖွဲ့စည်းခဲ့သည်။
ရန်ကုန်မြူနီစီပယ်၊ မန္တလေးမြူနီစီပယ် မီးသတ်ဝန်ထမ်းများနှင့် အခြားသော ဒေသန္တရတို့ရှိ မီးသတ် တပ်ဖွဲ့များကို ၁၉၆၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ အစိုးရမီးသတ်ဌာနမှ လွှဲပြောင်းယူခဲ့သည်။ ကျန်သော မီးသတ်အဖွဲ့အစည်း အမျိုးမျိုးကိုလည်း “အရန်မီးသတ်တပ်ဖွဲ့” အဖြစ်သို့ လည်းကောင်း၊ အချို့သော အစိုးရဌာန၊ ဘုတ်ကော်ပရေးရှင်း၊ စက်ရုံ/အလုပ်ရုံတို့ရှိ မီးသတ်အဖွဲ့များကို”သီးသန့်မီးသတ် တပ်ဖွဲ့” အဖြစ်လည်းကောင်း ပြောင်းလဲပြင်ဆင်ဖွဲ့ စည်းခဲ့သည်။ ၁၉၇၂ ခုနှစ်တွင်တော်လှန်ရေး ကောင်စီ အစိုးရသည် စနစ်သစ် အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခြင်းနှင့် အတူ အစိုးရမီးသတ်ဌာနသို့ အခြားဌာနများမှ ဝန်ထမ်း ၄၈ ဦး ပြောင်းရွှေ့ပေးခဲ့သည်။ ထိုအချိန်မှစ၍ ၂၄ နာရီပတ်လုံး တာဝန်ထမ်းဆောင်သည့် မီးသတ်တပ်ဖွဲ့ဖြစ်လာခဲ့သည်။
ယခုအခါပြည်ထဲရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန အနေဖြင့် ဖွဲ့စည်းပုံအင်အား ၂၄၇၇၉ ဦးအထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ထို့အတူအရန် မီးသတ်တပ်ဖွဲ့ဝင်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် အင်အားများကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့သည်။ မီးသတ်တပ်ဖွဲ့ စွမ်းရည်မြင့်မားရေး အတွက် လူပုဂ္ဂိုလ်များကို လေ့ကျင့်မွေးမြူပေးနေသလို အထောက်အကူ ပစ္စည်းများကို ခေတ်နှင့်အညီ ဖြည့်ဆည်း တည်ဆောက်ပေးလျက်ရှိသည်။ မီးသတ် တပ်ဖွဲ့၏ ရည်မှန်းချက်အဖြစ် မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရေး ဖြစ်သည်။ ရည်မှန်းချက် တာဝန်အဖြစ် လေးရပ်သာ သတ်မှတ်ထားသော်လည်း ပြည်သူလူထု ကောင်းကျိုးသယ်ပိုးလျက် ရှိရာတွင် ရည်မှန်းချက် တာဝန်များထက် ပင် ပိုမိုသယ်ပိုးလျက်ရှိပါသည်။
ကမ္ဘာတွင်နည်းပညာများ လွန်စွာတိုးတက်လာခြင်းနှင့် အတူ ဖြစ်ပေါ်လာတတ်သည့် ဘေးအန္တရာယ် အသွယ်သွယ်ကိုလည်း ကြိုတင်စောင့်ကြည့်လေ့လာ နိုင်သောနည်းပညာများ ပေါ်ပေါက်လာပြီဖြစ်သည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မိုးလေဝသ ခန့်မှန်းချက်များသည် လက်တွေ့မြေပြင်တွင် ရာနှုန်းပြည့် မှန်ကန်သည်ကို တွေ့ရှိနိုင်သည်။ မည်သည့်နေရာ၊ မည်သည့်ရက်နေ့၊ မည်သည့်အချိန်တွင် မိုးရွာမည်၊ လေပြင်းတိုက်ခတ်မည်၊ လှိုင်းကြီးမည်၊ မုန်တိုင်းဖြစ်ပေါ်နိုင်သည်စသော ခန့်မှန်းချက်များကြောင့် ပြည်သူတို့အတွက် သဘာဝ ဘေးအန္တရာယ်ကိုကြိုတင် ကာကွယ်မှုဖြင့် အနိုင်ယူနိုင်ကြသည်။ သဘာဝဘေး အန္တရာယ်တစ်ခုဖြစ်သော မီးဘေးအန္တရာယ်မှာမူ ထိုသို့ကြိုတင်လေ့လာ စောင့်ကြည့်တွက်ချက်၍ ရနိုင်သည် မဟုတ်ပေ။ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မီးလောင်မှုဖြစ်မည်ဟူသော သတင်းကို မည်သူမျှကြိုတင် မသိနိုင်ပေ။ ထို့ကြောင့် မီးဘေးအန္တရာယ်သည် ကြောက်စရာ အကောင်းဆုံးဟု ဆိုနိုင်ပေသည်။
ပူပြင်းသောနွေရာသီ အပူရှိန်လွန်ကဲသော အချိန်တွင် မီးလောင်မှုဖြစ်နိုင်သည်ဟု ယေဘုယျခန့်မှန်း နိုင်သော်လည်း လူသားတို့၏ သတိမေ့လျော့ပေါ့ဆမှုကြောင့် မီးသည် အချိန်မရွေး လောင်ကျွမ်းနိုင်ပါသည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့များသည် အချိန်ပြည့်မီးလောင်မှု သတင်းကိုစောင့်ကြည့်နေကြရသည်။မီးသတ်တပ်ဖွဲ့များ အနေဖြင့် ပြည်သူလူထုများအား မီးဘေးကြိုတင် ကာကွယ်နိုင်ရေး အသိပေးနှိုးဆော် တိုက်တွန်းခြင်း၊ မီးလောင်မှုဖြစ်ပွားပါကလည်း မြန်မြန်သိရှိ၊ မြန်မြန်သွားရောက်၊ မြန်မြန်ကူညီ ကယ်ဆယ်နိုင်ရေးတို့အတွက် ကြိုတင်စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်ထားကြရသည်။ ပွဲမဝင်ခင်အပြင်က ကျင်းပဆိုသည့်အတိုင်း ဇာတ်တိုက်လေ့ကျင့်မှုများ၊ ပုံစံတူလေ့ကျင့် ကယ်ဆယ်မှုများကို စဉ်ဆက်မပြတ် လေ့ကျင့်ကြရသည်။ မီးသတ် တပ်ဖွဲ့ဝင်တိုင်းသည် အမြဲတမ်း လေ့ကျင့်၊ အမြဲတမ်း စစ်ဆေးအသိပေး၊ အမြဲတမ်းအသင့် ရှိစေရေးတို့ဖြင့် လုပ်ဆောင်နေကြရသည်။ ထိုသို့လုပ်ဆောင်နေသည်မှာ ပြည်သူများ အတွက်သာဖြစ်သည်။
ပြည်သူများအနေဖြင့်လည်း နေရာဒေသတစ်ခုတွင် မီးလောင်မှု စတင်ဖြစ်သည်နှင့် နီးစပ်ရာမီးသတ် တပ်ဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားခြင်းကို မဖြစ်မနေ လုပ်ဆောင်သင့်ကြသည်။ လူမှုကွန်ရက် ပေါ်တွင် သတင်းဦးအဖြစ် တင်ပြနေခြင်းထက် မီးသတ်တပ်ဖွဲ့ကိုသာ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ကြမှသာ မီးလောင်ဆုံးရှုံးမှု လျော့နည်းမည်ဖြစ်သည်။ မီးကူးစက်လောင်ကျွမ်းမှု လျော့နည်းမှသာ ဆုံးရှုံးမှုတန်ဖိုးနည်း ပါးမည်ဖြစ်သည်။ မီးလောင်လျှင် မီးငြှိမ်းသတ်ရမည်မှာ မီးသတ်တပ်ဖွဲ့အလုပ်ပဲ ဟူသော စိတ်မျိုးမထားဘဲ ပြည်သူအားလုံး ပူးပေါင်းမှသာ မီးလောင်ဆုံးရှုံးမှု လျော့နည်းမည်ဆိုသည်ကိုလည်း သတိပြုသင့်ပါသည်။ အနှစ်ချုပ်အားဖြင့် ဆိုရသော် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များကဲ့သို့ နိုင်ငံအတွက်မရှိမဖြစ် အဖွဲ့အစည်း တပ်ဖွဲ့တစ်ခုဖြစ်ပါသည်။ ပြည်သူလူထု ကောင်းကျိုးကို သယ်ပိုးနေသည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အား ဂုဏ်ပြုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)