တီဗွီပလတ်မှ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ လွိုင်လင်အရှေ့အုပ်စု ဟိုခိုက်အမှတ်(၁) ကျေးရွာ၌ အောက်တိုဘာ ၁ ရက်မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် တီဗွီပလတ်ခုံ အပူလွန်ကဲရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွိုင်လင်မြို့ လွိုင်လင်အရှေ့အုပ်စု ဟိုခိုက်အမှတ်(၁)ကျေးရွာ၌ တင်ဦးသည်   ၎င်း၏နေအိမ် အုတ်ခံပျဉ်ထောင်နှစ်ထပ် ငါးပင်၊ လေးပင်အိမ်တွင် တီဗွီထိုင်ကြည့်နေရာမှ ပလတ်မဖြုတ်မိ၍ အပူလွန်ကဲပြီး မီးလောင်ကျွမ်းရာ လွိုင်လင်မြို့မရဲစခန်းမှ ဒုတိယရဲအုပ်ကျော်ဇင်ဦး ဦးစီးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ   မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် ၁၈ သိန်း မီးလောင်ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးကိုပေါ့ဆစွာ အသုံးပြုသူတင်ဦးအား   လွိုင်လင်မြို့မရဲစခန်းက (ပ)၄ဝ/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။