အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ မေ ၆ ရက်)
မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင်နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် အသက်မွေး ဝမ်းကျောင်းပြုကြသူများ ဖြစ်ကြသည်။ ထိုသူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံကာ အစားအသောက် ကနဦး ထုတ်လုပ်သူများ ဖြစ်ကြသည်။ ၎င်းင်းတို့ထုတ်လုပ်သော အခြေခံအစားအသောက်များသည် အရည်အသွေးစံချိန် စံညွှန်းပြည့်မီရန် လိုအပ်ပေသည်။ တန်ဖိုးမြှင့် စားသောက်ကုန်များအဖြစ် ထပ်ဆင့်ထုတ်လုပ်ရာတွင်လည်း အသေးစား၊ အလတ်စားမှ စားသောက် ကုန်လုပ်ငန်းကြီးများအထိ အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ ကုန်ထုတ်လုပ်မှုတိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးလှပေသည်။
ပြည်တွင်းထုတ်လုပ်မှုသည် ပြည်ပဈေးကွက်များသို့ ဆက်လက်ရောင်းချနိုင်ရေးအတွက်လည်း ပိုမိုကြိုးစား လုပ်ဆောင်ကြရမည် ဖြစ်သည်။ ပြည်ပပို့ကုန်တိုးမြှင့်ရေး၊ နိုင်ငံခြားငွေရရှိရေးအဆင့်အထိ ဆောင်ရွက်လုပ်ကိုင်ကြရမည်ဖြစ်သဖြင့် နိုင်ငံတကာစံချိန် စံညွှန်းနှင့်ကိုက်ညီစွာ စနစ်တကျထုပ်ပိုးကြရမည် ဖြစ်ပေသည်။ ယခုအခါ အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒကို ဧပြီ ၂၇ ရက်နေ့က မိတ်ဆက်ဖြန့်ဝေလိုက်ပြီဖြစ်ရာ နိုင်ငံအတွက်အရေးပါသည့် လိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်း ပေးလိုက်ခြင်းဖြစ်သည်။ အဆိုပါမူဝါဒကို ချမှတ်လိုက်ခြင်းအားဖြင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ကိုက်ညီသော ခေတ်မီဥပဒေနှင့် နည်းဥပဒေများကိုလည်း မူဝါဒနှင့်အညီ ချမှတ်လာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ အစားအသောက် ထိန်းချုပ်ရေးဆိုင်ရာစနစ်များနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ သဘောတူညီချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိလူနေမှုဘ၀ စားသောက်မှုပုံစံများ ပြောင်းလဲလာမှုအရ လတ်ဆတ်သည့် အသီးအရွက်၊ အသား/ငါးအစရှိသည်ကို ဝယ်ယူချက်ပြုတ်စားသောက်မှုများအပြင် အသင့်ထုပ်ပိုးပြီး ကြာရှည်ခံအောင်ဆောင်ရွက်ထားသည့် အစားအသောက်များကိုလည်း စားသောက်နေကြရသည်။ ထို့ကြောင့် အခြေခံစားသောက်ကုန်လုပ်ငန်းများ စတင်ထုတ်လုပ်စဉ်မှ တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် ဆက်လက်ထုပ်ပိုးထုတ်လုပ်သည်အထိ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြ ရမည်ဖြစ်သည်။
ပြည်သူများဝယ်ယူစားသုံးနေကြသည့် အသင့်ထုပ်ပိုးပြီး စားသောက်ကုန်များသည် အသေးစား ကုန်ထုတ်လုပ်ငန်းများမှ အများစု ထွက်ရှိလာခြင်းဖြစ်သည်။ အသေးစားထုတ်ကုန် ၁၇၂၃၄ ခုတွင် စား သောက်ကုန်လုပ်ငန်း ၄၂၆၅ ခုပါဝင်လျက်ရှိသည်။ ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းစားသောက်ကုန်များသာမက ပြည်ပမှတင်သွင်း လာသည့် စားသောက်ကုန်များကိုလည်း ဈေးကွက်မတင်မီကတည်းက စိစစ်ပေးလျက်ရှိရာတွင် အစားအသောက်ထုတ် လုပ်ခြင်း ထောက်ခံချက်ရရှိသည့် အစားအသောက်လုပ်ငန်းပေါင်း ၁၀၅၆ ခုနှင့် သောက်ရေသန့်လုပ်ငန်း ပေါင်း ၂၃၆၈ ခုရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ ထို့အတူ မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီ၊ ခေါက်ဆွဲ၊ လက်ဖက် စသည့်စားသောက်ကုန်များကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
စားသုံးသူပြည်သူများအနေဖြင့် ဝယ်ယူစားသုံးသည့် စားသောက်ကုန်၏အမှတ်တံဆိပ်ရှိ ပါဝင်ပစ္စည်းကိုကြည့်ရှုပြီး မိမိတို့ ကျန်းမာရေး အတွက် သင့်လျော်သည့် အစားအသောက်များရွေးချယ်ဝယ်ယူ စားသောက်နိုင်စေရန်၊ သက်တမ်းလွန် အစား အသောက်များကိုသိရှိပြီး ရှောင်ရှားနိုင်ရန်နှင့် စားသောက်ကုန် ဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ခြေရာခံမှုအားကောင်းစေရန် အတွက် “အသင့်ထုပ်ပိုးထားသောအစား အသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့်(၈/၂၀၂၂)” ကိုလည်း ထုတ်ပြန်ပေး ထားပြီးဖြစ်သည်။ ပြည်သူများအနေဖြင့် သိရှိလိုက်နာကြမည်ဆိုလျှင် မိမိနှင့်တကွ မိသားစုတိုင်း၏ ကျန်းမာရေးထိခိုက်စေမည့် ဘေးအန္တရာယ်ကို တစ်စိတ်တစ်ပိုင်းကာကွယ်တားဆီးရာရောက်မည်ဖြစ်ပေသည်။
အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒသည် ပြည်သူလူထု၏ ကျန်းမာရေးအတွက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းနေရန်ဆိုသည့်မျှော်မှန်းချက်အပြင် သက်ဆိုင်ရာ ကဏ္ဍအလိုက် နိုင်ငံတကာနှင့်လျော်ညီသည့် စံချိန် စံညွှန်းများပေါ်ထွက်လာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်လုပ်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပေါ်ထွက်လာရေး၊ ပို့ကုန် လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေပိုမိုရရှိရေးတို့ကို ဆက်လက်လုပ်ဆောင်သွားနိုင်ရန် မျှော်မှန်းပြီး ရေးဆွဲချမှတ် ခြင်းဖြစ်ကြောင်းသိရှိရသည်။
ယခုမူဝါဒအရ သက်ဆိုင်ရာနယ်ပယ်အလိုက် တိကျသည့်တာဝန်ခွဲဝေမှုများပေါ်ပေါက်လာမည် ဖြစ်ပြီး အစားအသောက်ကြောင့် ဖြစ်သည့် ကျန်းမာရေးဆိုးကျိုးများကိုလည်း ကာကွယ်နိုင်မည်ဖြစ်သဖြင့် စိတ်ချယုံကြည်ရသည့် အစားအသောက် ဈေးကွက်တစ်ရပ် ထူထောင်နိုင်မည်ဖြစ်သည်။ နိုင်ငံ၏လုပ်အား စွမ်းအားစု လေးပုံသုံးပုံမှထုတ်လုပ်နေသည့် စိုက်ခင်းမှသည် စားသုံးသူအထိ အစား အသောက်ကွင်းဆက် တစ်လျှောက်ရှိ အစားအသောက်များသည် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်စုံကြွယ်ဝနေမှသာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကျန်းမာကြံ့ခိုင်လာမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။ ။