ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် ပန်သပြေကျေးရွာ ဓာတ်ငွေ့ပိုက်လိုင်း မှတ်တိုင်အနီး လူသွားလမ်းဘေး၌ အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီခွဲတွင် မျက်နှာမီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသမီး အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နမ္မတူမြို့မရဲစခန်းမှ ရဲအုပ်ဝင်းလှိုင်သည် နယ်ထိန်းတာဝန် ထမ်းဆောင်နေစဉ် ပန်သပြေကျေးရွာ ယာယီမှူး ဦးအိုက်ရီမှ ပန်သပြေကျေးရွာ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ဓာတ်ငွေ့ပိုက်လိုင်း မှတ်တိုင်အနီး လူသွားလမ်းဘေး၌ အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း သတင်းပေးပို့ချက် အရ နမ္မတူမြို့မရဲစခန်းမှ စခန်းမှူးပါဝင်သည့်ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့မှ ယာယီမှူး ဦးအိုက်ရီပါဝင်သော အဖွဲ့များသည် သက်သေများနှင့် အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မိုင်တိုင်အမှတ်(၇/၂)နှင့် (၇/၃)ကြား တောစပ်အနီး၌ မျက်နှာတစ်ခုလုံးတွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသော အမည်မသိ အမျိုးသမီး အလောင်းအား တွေ့ရှိပြီး အဆိုပါ အမျိုးသမီး အလောင်းအား နမ္မတူပြည်သူ့ ဆေးရုံသို့ ပို့ဆောင်အပ်နှံထားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ နမ္မတူမြို့မရဲစခန်းက (ပ)၃၃/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ကာ တရားခံအား ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးလျက် ရှိကြောင်းသိရသည်။