အသက်အရွယ်ကြီးလာချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး ယိုယွင်းလာခြင်းက သဘာဝဟုဆိုသော်လည်း အသက်အရွယ်ကြောင့် ပြောင်းလဲလာမှုကို နည်းပါးအောင် လုပ်၍ရနိုင်သော နည်းလမ်းကောင်းများစွာ ရှိပါသည်။ ပျမ်းမျှလူတို့အသက် ၄၀ ကျော်လာချိန်တွင် ခန္ဓာကိုယ်မှာ ကြွက်သားဆုံးရှုံးမှု စတင်လာကြသည်။ အသက် ၄၀ ခန့်မှစပြီး ၁၀ စုနှစ်တစ်ခုတွင် ကြွက်သား ၈ ရာခိုင်နှုန်းခန့်ဆုံးရှုံးပြီး အသက် ၇၀ ခန့် ရောက်သည့်အခါ ဆုံးရှုံးမှုနှစ်ဆ ပိုများလာသည်။ ထိုသို့ ဖြစ်လာရခြင်းမှာ ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ် နှေးကွေးလေးလံ သွားသည့်အတွက် စွမ်းအင် ရရှိအောင် ကြွက်သားများကို ချေဖျက်ခြင်းကြောင့် ဖြစ်ပါသည်။
လူ့ခန္ဓာကိုယ်၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်သည် ကြွက်သားများဖြစ်ကြပြီး အသက်ကြီးရင့်လာလေ ကြွက်သားဆုံးရှုံးမှု မြန်ဆန်လေဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်က ကြွက်သား ပိုမိုလိုအပ်သည်။ ထို့ကြောင့် ကြွက်သားကျန်းမာရေးသည် အသက်အရွယ်၊ ကိုယ်ခံအားတို့နှင့်လည်း ဆက်စပ်နေပါသည်။ ကြွက်သားများသိမ်လှီလာသည့်အခါ လှုပ်ရှားမှုနည်းသွားပြီး အရိုးပွခြင်းနှင့်လည်း ဆက်စပ်နေပါသည်။
အရိုးကျန်းမာရေးအတွက်လုပ်ဆောင်ရမည့်အချက်အလက်များ
(က) အရိုးသိပ်သည်းဆများကိုစစ်ဆေးခြင်း
အမျိုးသား၊ အမျိုးသမီးများ ပျမ်းမျှအသက် ၄၅ နှစ်မတိုင်ခင်ကစ၍ အရိုးသိပ်သည်းဆ စစ်ဆေးသင့်ပါသည်။ အရိုးသိပ်သည်းဆ များကို အောက်ပါအတိုင်းစစ်ဆေးခြင်းဖြင့် အရိုးကျန်းမာရေးအခြေအနေကို သိနိုင်ပါသည်။
အရိုးပွ၊ မပွကို DEXA Scan ဆိုသည့် ဓာတ်မှန်ရိုက်ခြင်းဖြင့် သိနိုင်သည်။
တင်ပါးဆုံနှင့်ခါးဆစ်ရိုးကို ဓာတ်မှန်ရိုက်ပြီး အရိုးသိပ်သည်းဆနှင့် အထူအပါးကို တိုင်းတာသိနိုင်သည်။
နာကျင်မှုမရှိဘဲ ဓာတ်ရောင်ခြည် ပမာဏအနည်းငယ်ဖြင့် မြန်ဆန်စွာ တိုင်းတာစစ်ဆေးနိုင်သည်။
အထက်ပါနည်းတစ်ခုခုဖြင့် တိုင်းတာစစ်ဆေးပြီးနောက် အဖြေပေါ်မူတည်၍ လိုအပ်သလို ကုသမှုခံယူခြင်းဖြင့် အရိုးနာခြင်း၊ အရိုးဆတ်ခြင်း၊ အရိုးကျိုးခြင်း အန္တရာယ်များမှ ကာကွယ်နိုင်မည်ဖြစ်ပေသည်။
(ခ) အရိုးကျန်းမာရေးကို ထိခိုက်စေသော အချက်များ
ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ လှုပ်လှုပ်ရှားရှားမနေဘဲ အမြဲထိုင်၍နေခြင်း၊ အာဟာရဖြည့်စွက်စာများမစားခြင်း၊ အငန်ဓာတ်စားသုံးမှုများခြင်း စသည်တို့ကြောင့် အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် သတိရှိဖို့လိုပါသည်။ နေရောင်ခြည်လုံးဝမခံခြင်း သို့မဟုတ် အိမ်ထဲမှာပဲ နေထိုင်ခြင်းက ဗီတာမင်ဒီ ချို့တဲ့သဖြင့် အရိုးကိုထိခိုက်စေသည်။
(ဂ) အရိုးပွသူများအတွက် နေထိုင်စားသောက်မှုပုံစံများ
ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းကဲ့သို့သော အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ ကြက်ဥအနှစ်၊ အရိုးပါ ဝါးစားနိုင်သော ငါးကလေးများ၊ ထောပတ်သီး၊ အခွံမာသီး အစေ့အဆန်များစသည်တို့က အရိုးအဆစ်များကို သန်မာစေသည်။ ပရိုတင်း၊ ကယ်စီယမ်နှင့်ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများစားပါ။ ၎င်းင်းဓာတ်များကို မိမိ နေ့စဉ်စားသုံးနေသော အစာအာဟာရထဲမှ ပြည့်ပြည့်၀၀မရနိုင်ပါက လိုအပ်လျှင် ဖြည့်စွက်အာဟာရ ဆေးများမှီဝဲပါ။ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ပင်လယ်ငါးအမျိုးမျိုး နှင့် အဆီများသော ငါးများကို စားပေးပါ။ ငါးသေတ္တာငါး၊ ပဲပိစပ်၊ တိုဟူး စသည်တို့တွင် ကယ်စီယမ်ပါဝင်မှုများ၍ အရိုးကို ကျန်းမာစေသည်။ လှုပ်လှုပ်ရှားရှားနေထိုင်ပါ သို့မဟုတ် လမ်းပိုမိုလျှောက်ပေးပါ။ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ ဆရာဝန်ညွှန်ကြားသည့် ဆေးများကို ပုံမှန်သောက်သုံးပါ သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ ချော်မလဲအောင်သတိထားပါ။ ထိခိုက်ဒဏ်ရာမဖြစ်အောင်အထူးဂရုစိုက်ပါ။ မနက်ခင်းနေရောင် နွေးနွေးခံပေးပါ။ လမ်းသွက်သွက်လျှောက်ခြင်းကဲ့သို့ မပြင်းလွန်း၊ မပျော့လွန်းသော ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပေးခြင်း ကလည်း အရိုးအတွက်ကျန်းမာကြံ့ခိုင်စေသည်။
(ဃ) အသက်အရွယ်ကြောင့် ဒူးနာခြင်းကို သက်သာစေမည့်နည်းလမ်းများ
ဒူးသည် ခန္ဓာကိုယ်တစ်ခုလုံး၏ အလေးချိန်ကို ထမ်းထားရသလို အစဉ်လှုပ်ရှားနေရသည့်အတွက် အသက်အရွယ် ရလာချိန်မှာ မကြာခဏ နာကျင်လာတတ်သည်။
ဒူးနာသက်သာစေရန်အတွက် ကိုယ်အလေးချိန်လျှော့ပါ သို့မဟုတ် မိမိအရပ်အမောင်းနှင့် ကိုက်ညီသည့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ငါးအမျိုးမျိုး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့က ရောင်ရမ်းခြင်းကို သက်သာစေသည်။ တစ်နေ့လျှင် ရေရှစ်ဖန်ခွက် သောက်ပါ။ အရိုးအဆစ်အတွက် ဖြည့်စွက်အာဟာရများသောက်သုံးပါ။ လမ်းလျှောက်ခြင်းကဲ့သို့သော ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ။ အသက်အရွယ်ကြီးရင့်သူများက အိမ်ထဲသွားလာရာ၌ ဖိနပ်မစီးလိုကြပေ။ ၎င်းင်းအ တွက် ပြစ်တင်ဝေဖန်ခြင်းမပြုပါနှင့်။ အိမ်ထဲ ဖိနပ်မပါဘဲလမ်းလျှောက်ခြင်းက ဒူးကို ဖိအားလျော့နည်းစေသဖြင့် ဒူးနာခြင်းမှ ကာကွယ်ရာရောက်သည်။ အပြင်သွားလာရာ၌ မိမိခြေထောက်နှင့် သင့်တော်လိုက်ဖက်သည့် ဖိနပ်ကောင်းကောင်းစီးခြင်းက ဒူးနာခြင်းကို မဖြစ်ပေါ်စေနိုင်ပေ။
ကြွက်သားကျန်းမာရေးအတွက် လုပ်ဆောင်ရမည့် အချက်အလက်များ
ယခုရေးသားသည့် ကြွက်သားအားကောင်းစေနည်းဆိုသည်မှာ ဗလကြီးဖို့ကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို အဆင်ပြေပြေဆောင်ရွက်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။ ကြွက်သား အားကောင်းစေရန် လှုပ်လှုပ်ရှားရှားနေပါ။ ကြွက်သားသန်မာစေသော လေ့ကျင့်ခန်းများ လုပ်ပါ။ အိပ်ရေး၀၀အိပ်ပါ။
(က) ကြွက်သားအားနည်းခြင်းကို ဖြစ်စေသောအကြောင်းရင်းများ
ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်း၊ ကြွက်သားထိခိုက်ဒဏ်ရာရခြင်းတို့သည် ကြွက်သားအားနည်းခြင်းကို ဖြစ်စေသော အဓိကအကြောင်းရပ်များ ဖြစ်သည်။ ထို့ပြင် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ လေဖြတ်ခြင်း စသည့် နာတာရှည်ရောဂါများကြောင့်လည်း ကြွက်သားအားနည်းခြင်းကို ဖြစ်စေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုတွင် ကြွက်သားအားနည်းမှု ပြဿနာတချို့ ယာယီဖြစ်ပေါ် ခံစားရတတ်သည်။
(ခ) ကြွက်သားအားနည်းခြင်းလက္ခဏာများ
ကြွက်သားနာကျင်ခြင်း၊ အထိုင်အထခက်ခဲခြင်း၊ လှုပ်ရှားမှုကို ကောင်းစွာမထိန်းချုပ်နိုင်ခြင်း၊ မကြာခဏလဲကျခြင်း၊ ကြွက်သားများ အားမရှိသလိုခံစားရခြင်း၊ မကြာမကြာ ကြွက်တက်ခြင်း၊ ကြွက်သားများ အကြောဆွဲသလို ဆတ်ခနဲဖြစ်သွားခြင်း သို့မဟုတ် ကြွက်သားတဆတ်ဆတ်တုန်ခြင်း၊ ကြာရှည် အကြောဆွဲခြင်း၊ လှုပ်ရှားသွားလာရခက်ခဲခြင်း၊ အပ်နှင့်ထိုးသကဲ့သို့ တဆစ်ဆစ်နာခြင်း၊ မူးဝေခြင်း၊ သွက်ချာပါဒဖြစ်ခြင်း စသည်တို့သည် ကြွက်သားအားနည်းသောလက္ခဏာများ ဖြစ်သည်။ အားနည်းလာခြင်း၊ အနည်းငယ် လှုပ်ရှားရုံမျှဖြင့် ပင်ပန်းနွမ်းနယ်နေခြင်း တို့ကလည်း ကြွက်သားခွန် အားဆုံးရှုံးခြင်း၏ လက္ခဏာများပင် ဖြစ်သည်။
(ဂ) ကြွက်သားအားနည်းခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ
အရိုးကျိုးခြင်း၊ ထိခိုက်ဒဏ်ရာရလွယ်ခြင်း၊ ချော်လဲခြင်း၊ သွားလာရာတွင် အကူအညီလိုခြင်း၊ နှလုံးကျန်းမာရေး ထိခိုက်ခြင်း၊ အလွန်ပိန်လှီလာခြင်း၊ ဆီးချိုရောဂါရှိသူများ၌ အင်ဆူလင်မတိုးတော့ခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သက်တမ်းတိုခြင်းတို့သည် ကြွက်သားအားနည်းခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည်။ ထို့ကြောင့် နိစ္စဓူဝ ကိစ္စများ၌ သတိလက်လွတ်မနေသင့်ပေ။
(ဃ) ကြွက်သားအားကောင်းစေရန် စားသုံးသင့်သောအစားအစာများ
အသားဓာတ် ပြည့်ဝအောင်စားပါ။
အသားအမျိုးမျိုးစားပါ။ အဆီများသောငါး စားပါ။ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည့် ဥအမျိုးမျိုးစားပါ။ နို့နှင့်နို့ထွက်ပစ္စည်းများသောက်သုံးပါ။ တိုဟူးစားပါ။ မြေပဲ၊ ကုလားပဲနှင့် ပဲအမျိုးမျိုးစားပါ။ အခွံမာသီး အစေ့အဆန်များ စားပေးခြင်းဖြင့် ကြွက်သားများ အားကောင်းစေပြီး ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြစေရန် ရေးသား ဖော်ပြလိုက်ရပါသည်။ ။
ပေါက်ပေါက်