ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အောက်တိုဘာ ၁ ရက်တွင် အပ်နှံထားသည့်ယာဉ်အား ရောင်းစားခဲ့သူကို ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းမှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျော်ဖြိုးဝေ ၄ဝ နှစ်သည် နောင်ချိုမြို့မရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်းပိုင်ဆိုင်သော 1G/---- ခြောက်ဘီးယာဉ်အား မန္တလေးမှ မူဆယ်သို့ ကုန်ပစ္စည်းများပို့ဆောင်ပြေးဆွဲရန်အတွက် ယာဉ်မောင်း အောင်ဇင်ထွန်းအား မောင်းနှင်စေခဲ့ကြောင်း၊၂ဝ၂ဝ ပြည့်နှစ်အတွင်း ယာဉ်မောင်း အောင်ဇင်ထွန်းက အဆိုပါယာဉ်အား မူဆယ်မှ မန္တလေးသို့ ပြန်လည်မောင်းနှင်လာစဉ် လမ်းခရီး အခက်အခဲများကြောင့် ယာဉ်အား၎င်း၏ဦးလေးဖြစ်သူ မျိုးတင့်(ခ)ဆံရှည်ထံ အပ်နှံထားခဲ့ကြောင်း၊ ထိုသို့အပ်နှံထားသည်ကို ၂ဝ၂ဝ ပြည့်နှစ် ဧပြီ ၁၄ ရက်တွင် မော်တော်ယာဉ်အား ပြန်လည်ယူခဲ့စဉ် မျိုးတင့်(ခ)ဆံရှည်က မန္တလေးသို့ ကုန်များ ပို့ဆောင်ခိုင်းထားသည့်အတွက် သုံးရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း ပြောဆိုသဖြင့် စောင့်ဆိုင်းခဲ့ကြောင်း၊ စက်တင်ဘာ ၃ဝ ရက်တွင် ဒုတိယအကြိမ် ထပ်မံသွားရောက်၍ ကားအားယူခဲ့စဉ် မျိုးတင့်(ခ)ဆံရှည်က မော်တော်ယာဉ်အား နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာနေသူ တစ်ဦးထံ ရောင်းချထား သည်ကို သိရှိရသဖြင့် တူတော်စပ်သူ ယာဉ်ပိုင်ရှင် ကျော်ဖြိုးဝေက မျိုးတင့်(ခ)ဆံရှည်အား နောင်ချိုမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မျိုးတင့်(ခ) ဆံရှည်အား နောင်ချိုမြို့မရဲစခန်းက (ပ) ၁၃၄/၂ဝ၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄ဝ၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။