တပည့်အရေးစိတ်မအေး အတွေးများရ ဆရာ့သောက

တပည့်အရေးစိတ်မအေး အတွေးများရ ဆရာ့သောက

စာသင်နှစ်တစ်နှစ်တာ ကာလပြီးဆုံးခဲ့ပြီ။ အခက်အခဲ အကျပ်အတည်းပေါင်းများစွာ စိုးရိမ်စိတ်ကြီးစွာနှင့် ဖြတ်ကျော်ခဲ့ရသော စာသင်နှစ်ကြီးပြီးဆုံးခဲ့ပါပြီ။ အခက်အခဲကြားက   အောင်မြင်စွာ ကျင်းပခဲ့သော ဤစာသင်နှစ်တစ်နှစ်တာပြီးခဲ့ပုံကို အခုလိုချပြလိုက်ချင်ပါသည်။

ကိုဗစ်-၁၉ ရောဂါဘေးကြောင့် ဖွင့်ခွင့်မရခဲ့သော ၂၀၂၀-၂၀၂၁ စာသင်နှစ်တစ်နှစ်မှာ “အော် ကလေးတွေတော့ လမ်းပေါ်မှာ၊ လိုင်းပေါ်မှာလေနေကြပြီ”ဆိုပြီး စိုးရိမ်စိတ် ပူပန်စိတ်တွေနှင့် အနာဂတ်ကလေးငယ်တွေ လမ်းပျောက်မှာ စိတ်ပူခဲ့ဖူးပါသည်။

၂၀၂၁-၂၀၂၂ စာသင်နှစ်ရောက်ပြန်သော်လည်း ကျန်းမာရေးကာလ  အကောင်းကြီး မဟုတ်သေး။

ဒီလိုနှင့်ဇွန်လဆန်း၍   စာသင်ကျောင်းတွေ ဖွင့်ပြီ၊ ကလေးတွေ စာသင်ခန်းထဲ  ပြန်ရောက်ပြီဆိုတာ   တွေးရင်းကြည်နူးမိသည်။  ကျိတ်ပျော်ခဲ့သည်။

သို့ပေမယ့် အချို့တပည့်များမှာ ကျောင်းပြန်မတက်ကြဘဲ လုပ်ငန်းခွင်ဝင်သူ၊ အိမ်ထောင်ရက်သား ကျသွားသူစသဖြင့် အကြောင်းအမျိုးမျိုးနှင့် စာသင်ကြားခွင့် ဆုံးရှုံးခဲ့ရသည်ကိုမြင်ရပြန်တော့  ရောဂါဆိုးကြီးကို  မကျေမနပ်ဖြစ်ခဲ့ရပြန်သည်။

အခက်အခဲကြားက  စာသင်နှစ် ဖွင့်ခဲ့ပေးခြင်းအတွက် ကြည်နူးမိပေမယ့် မငြိမ်းချမ်းသည့် ဒေသမှာ တာဝန်ကျနေသော ပညာရေးဝန်ထမ်းမိသားစုများ၏ အခက်အခဲများကို ကြားသိရပြန်တော့ ထပ်တူပင် ဝမ်းနည်း စိတ်မကောင်း ဖြစ်ခဲ့ရပြန်သည်။   မိမိကို ထမင်းကျွေးသော အလုပ်အပေါ် လေးစားတန်ဖိုးထားခြင်းအား  အပြစ်ဟုမြင်ကြသည်ကို  များစွာ စိတ်မကောင်းဖြစ်မိပါသည်။ တာဝန်ကျရာဒေသမှာ မိမိ၏ဝါသနာကို   အရင်းခံပြီး  စေတနာစိတ်ဖြင့် အနစ်နာခံကာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဆရာများ ဘေးအန္တရာယ် အမျိုးမျိုးနှင့် ကြုံရသောအခါ ကျွန်မတာဝန်ကျသော ဒေသလေးမှာ ဆရာကိုဆရာမှန်းသိပြီး မိမိတို့၏ ကလေးများကို ပညာအမွေလာပေးနေပါလား ဆိုသောအသိနှင့် ကူညီစောင့်ရှောက်ပြီး လုံခြုံမှုပေးကြသော ဒေသခံရွာလေးကို ကျေးဇူးတင်မိသည်။

ကျွန်မ တာဝန်ကျသောရွာလေးသည် ကျောင်းအုပ်ဆရာမကြီး၏တည်ငြိမ်မှု၊ ရွာခံဆရာများ၏ ရိုးသားမှုကြောင့် တစ်ရွာလုံးက အလေးထားသော အလက(ခွဲ) စာသင်ကျောင်းလေးဖြစ်ပါသည်။

ကျောင်းဖွင့်စ  တစ်လကျော်ကျော်လောက်မှာပဲ ကိုဗစ်ကပ်ဆိုး တတိယလှိုင်း ဝင်နှောက်၍  စာသင်ကျောင်းများ   ပြန်ပိတ်ခဲ့ရပြန်သည်။ ရောဂန္တရ ကပ်ဘေးကြီးကို မလွန်ဆန်နိုင်၍ ဆရာ၊ ကျောင်းသား စာသင်ကျောင်းနှင့် လေးလနီးပါး ဝေးခဲ့ရပြန်ပါပြီ။ ဒီတစ်နှစ်သာ  ထပ်ပိတ်ခဲ့လျှင် အတန်းငယ်ထက် အတန်းကြီးများ ပညာရေး တစ်ပိုင်းတစ်စဖြင့် လမ်းပေါ်ရောက်ပြီး ပျက်စီးသွားမှာကိုတွေးပြီး စိုးရိမ်စိတ်ဝင်ခဲ့ပြန်သည်။

အခက်အခဲကြားကပဲ   နိုဝင်ဘာ ပထမပတ်မှာ ကျောင်းများ ပြန်ဖွင့်ခွင့်ရ၍    ဝမ်းသာခဲ့ရသည်။ ကျောင်းဖွင့်ကာလ အလွန်နည်းသွား၍ ဆရာ၊ ကျောင်းသားတို့မှာ ရသမျှအချိန်လေးကို ကျောင်းစာအိမ်စာများနှင့် နပန်းလုံးခဲ့ရသည်။

ဆရာများမှာ နေ့တွင် တပည့်များအား သင်ကြားပေးနိုင်ရန် ညကို ညဉ့်နက်သန်းခေါင်အထိ သင်ခန်းစာပြင်ဆင်ခဲ့ရသည်။ ကျောင်းစာနှင့် မလုံလောက်၍ အိမ်စာပါ ထည့်ပေးရသည့် အနေအထားဖြစ်ခဲ့သည်။

တပည့်ဘက်မှကြည့်ပြန်လျှင်လည်း ဆရာတစ်ယောက်ချင်းစီ ပေးသောသင်ခန်းစာကို အမီလိုက်ကြရပါသည်။

တစ်ပတ်မှာ ခြောက်ရက်စာသင်ချိန်အပြင် အချိန်ပိုပါခေါ်သည့်ရက်များလည်းရှိခဲ့သည်။ ဆရာအင်အား မလုံလောက်၍ အလယ်တန်းကလေးများအား စေတနာဆရာအဖြစ် ပညာဒါနမျှဝေပေးသော ရွာခံဆရာမလေး နှစ်ဦးကိုလည်း ကျေးဇူးတင်ရသည်။

ဆရာ၊ ဆရာမကို အလေးထားသည့် လေးစားစရာ ချစ်စရာ့ရွာမှာ   တာဝန်ကျရခြင်းအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူမိသည်။

လုံခြုံမှုအပြည့်အဝဖြင့် စောင့်ရှောက်ပေးပြီး ကျောင်းလိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေသော ရပ်ရွာကို ကျေးဇူးဆပ်ချင်မိသည်။ ထို့ကြောင့် ယနေ့ခေတ်  ရှားပါးသွားသော လူကောင်းလေးများ ဖြစ်စေရန် ကျောင်းအားရက် တနင်္ဂနွေမှာ လယ်ဆင့် ကျောင်းသား၊ ကျောင်းသူများကို စာသင်ရုံမက စာရိတ္တပိုင်းဆိုင်ရာ နူးညံ့သိမ်မွေ့အောင်လည်း ယဉ်ကျေးလိမ္မာ သင်ခန်းစာလေးဖြင့် မိမိတတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့သည်မှာ ကျေနပ်အားရမိသည်။

ကလေးများ၏ရင်ထဲသို့  ဘာသာရေး အသိလေးထည့်ပေးရ၍ ပီတိဖြစ်မိသည်။ ဝါသနာ၊ စေတနာနှင့် အနစ်နာပေါင်းပြီး လူတော်လေးတွေ လူချော်မဖြစ်စေဖို့ လူပေါင်းမှားပြီး လူကောင်းစိတ်ပျောက်မှာစိုး၍ နှလုံးသားထဲသို့ ဘာသာရေး အသိများ ဖြည့်စွက်ပေးခဲ့ရသည်။

ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်စေရန်လည်း အားကစားဘက်ကို အားပေးရပြန်သည်။ အမေရိကန်နိုင်ငံ၏ ၂၆ ဦးမြောက်သမ္မတ “သီအိုဒိုရုစဗဲ့လ်”၏ “ဘယ်နေရာရောက်နေနေ ကိုယ့်မှာရှိတဲ့ စွမ်းအားနဲ့  ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်၊ စွမ်းနိုင်သလောက် အကောင်းဆုံး လုပ်ပါ”ဟူသော စကားကို မှတ်သားမိသည်။

အထက်မှာ တင်ပြသည့်အတိုင်း  ရက်တိုအတွင်း အမီကြိုးစားခဲ့ရသော စာသင်နှစ်ကို မည်သည့်နည်းနှင့်မှ အပျက်မခံလိုပါ။ ထို့ကြောင့် စိုးရိမ်စိတ်များဖြင့် အတန်းဝင်ခဲ့ရသော  စာသင်နှစ်မပြီးဆုံးမီ နှစ်ဆုံးစာမေးပွဲနီးမှပင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်က မြန်မာနိုင်ငံကို ဝင်လာသောအခါ တပည့်အရေးမြော်တွေးကာ  စိုးရိမ်ပူပန်ခဲ့ရသည်။ စာမေးပွဲကြီးကို အမြန်ပြီးစေချင်မိသည်။

ခါတိုင်းပုံမှန်စာသင်နှစ်တွင် ကိုးလတာကြာလျှင် ယခုနှစ်စာသင်နှစ်သည် တစ်ပတ်တွင် ခြောက်ရက်တက်ရ၍ ညနေ အချိန်ပိုသင်ချိန်များနှင့် ပေါင်းလိုက်လျှင် ယခင်နှစ်များ မမီသော်လည်း  စာသင်ရက်များ အလွန်အကျွံမနည်းလှပေ။  တပည့်များအပေါ်  ထားရှိသောစေတနာ၊ ဆရာတစ်ယောက်၏ဝါသနာ၊  ရယူလိုစိတ်ကင်းပြီး အနစ်နာခံ ပေးဆပ်လိုစိတ်သည် ဆရာစိတ်ရှိသူများ၏ရင်တွင်  အမြစ်တွယ်နေဆဲဖြစ်သည်။

၈ တန်းစာမေးပွဲကြီးနီး၍  တပည့်များအား အဆောင်သို့ခေါ်ယူကာ အနီးကပ် သင်ကြားပေးရင်း ကျွန်မတို့  အလယ်တန်းပြ သုံးယောက်မှာ တပည့်တို့နှင့်ပင် အချိန်ကုန်ခဲ့ရသည်။

တစ်နှစ်စာ သင်ကြားသင်ယူမှုတွေကို နှစ်ဝက်လောက်သာသာ ဖြတ်သန်းခဲ့ရသော ယခုလို စာသင်နှစ်မှာ အတတ်နိုင်ဆုံး ကြိုးစားသင်ပေးခဲ့ပြီမို့ ကလေးတို့ အတွက်လည်း အထိုက်အလျာက်ရခဲ့ပါပြီ။ အခက်အခဲ များစွာကြားက ကြိုးစားခဲ့သမျှတွေကို အရာထင်ချင်သည်။ စိုးရိမ်စိတ်၊ သောကစိတ်တွေနဲ့ ဖြတ်သန်းရသော ယခုစာသင်နှစ်ကို အောင်မြင်စွာဖြင့် အမြန်ကုန်ဆုံးချင်ပါပြီ။

လူတော် လူကောင်းဖြစ်အောင် ကြိုးစားသင်ပေးရသော်လည်း နောက်ဆုံးအဆင့် လူတော်မဖြစ်ခဲ့တောင် လူကောင်းဖြစ်အောင်  လေ့ကျင့်ပေးခဲ့ရပါသည်။

ကမ္ဘာကြီးဖျားနာမှု မပြီးဆုံးနိုင်သလို အိုမီခရွန်ကလည်း ကမ္ဘာပတ်လျက်ရှိလေသည်။ မြန်မာနိုင်ငံတွင်လည်း အိုမီခရွန်ဗိုင်းရပ်က ပိုဆိုးလာ၍ အချိန်မတိုင်မီ  ကလေးများ စာသင်ကြားမှု ရပ်နားလိုက်ရမှာကို အလွန်စိုးရိမ်မိသည်။

ဖေဖော်ဝါရီလထဲမှာ အိုမီခရွန်ပိုးတွေ့ရှိ ကူးစက်မှုတွေ များလှပြီဆိုပြန်တော့ စိတ်ပူရပြန်ပြီ။

အခက်အခဲ အကျပ်အတည်းကြားက သင်ထားသမျှလေး ကြိုးစားထားသမျှလေး အရာထင်ပါ့မလား၊ ကလေးတွေ စာမေးပွဲကိုရော  ကောင်းစွာဖြေရပါ့မလားဆိုပြီး   စိတ်ပူမိသည်။  အထူးသဖြင့်တော့ ဘာအကြောင်းနှင့်မှ ကလေးတွေစာသင်နှစ်တစ်နှစ်ထပ်ပြီးဆုံးရှုံးရမှာကို မလိုလားပါ။   ဒီလိုပူနေရတဲ့ ရက်တွေကို အမြန်ကုန်ဆုံးချင်သည်။

၈ တန်းစာမေးပွဲဖြေလို့မှ မပြီးသေး မုန်တိုင်းငယ်တစ်ခုက မြန်မာနိုင်ငံဘက်ကို ဦးတည်နေပြန်ပါသတဲ့။

ကျွန်မတို့ နေပြည်တော်မှာ အလွန်မဆိုးရွားပေမယ့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသော အားကောင်းသည့် မုန်တိုင်းငယ်သည် ခန့်မှန်းထားသော လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံအတွင်း ဝင်လာရာ တိုက်ဆိုင်စွာပဲ စာမေးပွဲနောက်ဆုံးရက်နှင့် တည့်တည့်တိုးခဲ့လေသည်။

လေကြမ်း မိုးကြမ်းကြားမှပင် အဖြေလွှာထည့်ထားသော  သေတ္တာကို  သော့နှစ်လုံးခတ်ပြီး ကြိုးနှင့်တုပ်နှောင်ကာ ဆိုင်ကယ်တစ်စီး၊ ကြီးကြပ်ရေးမှူးကတစ်စီး၊ လက်ထောက်ကြီးကြပ်က တစ်စီးဖြင့် အဖြေလွှာ သေတ္တာကို အလယ်မှာထား မောင်းစေပြီး မိုင်သုံးဆယ်ကျော်ဝေးသော မြို့နယ်ပညာရေးမှူးရုံးသို့  အချိန်မီပို့ခဲ့ရသည်။  အချိန်အခါမဟုတ်ရွာသော မိုးသည်လည်း တစ်နေကုန်အငြိုးကြီးစွာရွာလေရာ လိုက်ပို့သူ ရွာခံသုံးဦးနှင့် ဆရာမနှစ်ဦးမှာ ခိုက်ခိုက်တုန်ခဲ့ရလေသည်။ ဘယ်လောက်ပင် ချမ်းတုန်နေပါစေ အဖြေလွှာနှင့် လက်ကိုင်ဖုန်းများ ရေမစိုရန်အဓိကဟု စိတ်ကမှတ်ယူကာ  အရောက်ပို့ခဲ့ရပါသည်။  ပညာရေးရုံး အရောက် ဘာသာရပ်အလိုက် တစ်နေရာစီ လိုက်လံအပ်နှံ၍ အားလုံးပြီးစီးမှပင် စိတ်အေးလက်အေး နေနိုင်ပါတော့သည်။ စိတ်ထဲမှလည်း တာဝန်ကြီးတစ်ခု ကျေသွားသလို လုပ်ငန်းတစ်ခု အောင်မြင်သွားသလို ခံစားရသည်။

နောက်ရက် ၈ တန်းစာစစ်ပြီး  လကုန်ရက်မှာ ဆယ်တန်းအခန်းစောင့်တာဝန်ကို ဆက်လက်ယူခဲ့ရပြန်သည်။ မမြင်နိုင်သော အနှောင့်အယှက် အခက်အခဲ ဘယ်လိုပင်ရှိနေပါစေ  တာဝန်ကျရာနေရာသို့ နံနက် ၇ နာရီခွဲအရောက်  ချီတက်ခဲ့ရပြန်သည်။ အိမ်ပြန်ချိန်နောက်ကျလျှင် မျှော်တတ်သော အမေနှင့် “စားသတိ၊  သွားသတိအမြဲရှိနော်”ဟု  နေ့တိုင်းမှာတတ်သော အဖေ့အသံကို နားထောင်မှတ်ထားပြီး ဉာဏတိုက်စစ်မှူးများက ယူနီဖောင်းအပြည့်ဖြင့် တာဝန်ကျေအောင် ထမ်းခဲ့ရသည်။ တက္ကသိုလ်ဝင်တန်းကလေးများ    ကြိုးစားစွာဖြေနေကြသည့် မြင်ကွင်းကိုမြင်ရတော့ ပီတိဖြစ်ရပြန်သည်။

စာမေးပွဲလာမဖြေကြသော ခုံနံပါတ်အလွတ်လေးတွေ မြင်ရပြန်တော့ စိတ်မကောင်းဖြစ်ရပြန်သည်။

အခြေခံပညာကို ဆုံးခန်းတိုင်အောင်မသင်ကြဘဲ လမ်းလွဲသွားသော ကလေးများကို ဆရာကြီး အောင်သင်း စကားနှင့်မှာလိုက်ချင်ပါသည်။

“ဘယ်သူတွေဘာပြောနေနေ   မင်းကိုယ်ကို မင်းချစ်ရင် ပညာသင်ပါ။ စာဖတ်ပါ။တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင် ပညာသင်ပါ။ စာဖတ်ပါ။”

နာယူသင့်သောစကား၊ မှတ်သားလိုက်နာသင့်သော စကားဖြစ်ပါသည်။

အသက်မွေးဝမ်းကျောင်း ဆိုင်ရာများ  အနက်မှ ပညာဖြင့်  အသက်မွေးမှုသည် အလွန်မွန်မြတ်လှသည်။  ဘယ်သူမွေးမွေး ကိုယ့်ကလေးဟု   စိတ်ကမှတ်ယူကာ   ဆရာ့ဝတ္တရားငါးပါးဖြင့်  ကြိုးစားသင်ကြားပေးနေသည်ကို ထာဝရ ဂုဏ်ယူနေဆဲဖြစ်သည်။

စာသင်နှစ်တစ်နှစ်တာ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်၍ ဆရာလည်းပျော် တပည့်များလည်း ပျော်ခဲ့ရသည်။ ကျွန်မတို့လည်း  နွေရာသီ သင်တန်းအတွက် အားမွေးရင်း နောင်နှစ်ပညာသင်နှစ်မှာ ကျောင်းနေရွယ်ကလေးအားလုံး     အနှောင့်အယှက်မရှိ ကျောင်းတော်ရင်ခွင်သို့ အရောက် လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။  ။

မြပုလဲ