မြန်မာအမျိုးသမီးဖူဆယ်အသင်းက ထိုင်းနိုင်ငံ Kasem Bundit University အမျိုးသမီးဖူဆယ်အသင်းကို ခြေစမ်းပွဲတွင်အနိုင်ရ

နေပြည်တော်  မေ  ၆

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ   ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းနိုင်ငံ၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ရာ   ယနေ့နံနက်ပိုင်းတွင်  Kasem Bundit University  အမျိုးသမီးဖူဆယ်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ပြိုင်ပွဲပထမပိုင်းတွင် ဂိုးမရှိသရေကျနေပြီး မြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို  ပွဲချိန် ဒုတိယပိုင်းတွင် နန့်မေသဇင်က သွင်းယူပေးခြင်းဖြစ်သည်။

ထို့ပြင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဧပြီ ၂၉ ရက် နံနက်ပိုင်းကလည်း ထိုင်းကလပ် Nonthaburi အမျိုးသမီးဖူဆယ်အသင်းနှင့်  ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမတိုင်မီ   NSDF ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး     ထိုင်းနိုင်ငံ၌ ဆက်လက်နေထိုင်ကာ ကစားသမား ၂၂ ဦး ဖြင့်လေ့ကျင့်မှု များ ပြုလုပ်နေရာမှ ဧပြီ ၂၉ ရက်က   အပြီးသတ်ကစားသမား ၁၆ ဦးကို ရွေးချယ်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းနိုင်ငံ၌ လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး မေ ၁၂ ရက်တွင် ထိုင်းနိုင်ငံမှတစ်ဆင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင်   မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် မေ ၁၅ ရက်တွင် ဗီယက်နမ် အသင်းနှင့် လည်းကောင်း၊ မေ ၁၇ ရက်တွင်   ထိုင်းအသင်းနှင့်လည်းကောင်း၊ မေ ၁၉ ရက်တွင် မလေးရှားအသင်းနှင့်လည်းကောင်း ကစားမည် ဖြစ်ကြောင်း သိရသည်။   

ကျော်လွင်