ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲသို့ အကြိမ်ရေအများဆုံး တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်သည့် နည်းပြအဖြစ် နည်းပြအန်ဆယ်လော့တီ စံချိန်သစ်တင်

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီ သည် ရီးယဲလ်မက်ဒရစ်အသင်းက မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက် ရောက်နိုင်ခဲ့ပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အကြိမ်ရေအများဆုံး တက်ရောက်နိုင်သည့် နည်းပြအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အန်ဆယ်လော့တီသည်  ယခုဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းကို တစ်ကျော့ပြန်လည် ကိုင်တွယ်ပြီးနောက် ယခုဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌   ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ကာ နည်းပြဘဝတစ်လျှောက် ငါးကြိမ်မြောက်တက်ရောက်နိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်း တစ်လျှောက် ဗိုလ်လုပွဲသို့ အကြိမ်ရေအများဆုံး တက်ရောက်နိုင်သည့် နည်းပြအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နည်းပြ  အန်ဆယ်လော့တီသည်  အစောပိုင်းက ဗိုလ်လုပွဲသို့ အကြိမ်ရေအများ ဆုံးတက်ရောက်ခဲ့သည့် နည်းပြများစာရင်းတွင်   ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်း လစ်ပီ၊ မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်နှင့် လက်ရှိ လီဗာပူးအသင်း နည်းပြကလော့ပ်တို့နှင့် လေးကြိမ်စီတူညီနေသော်လည်း ယခုအခါ ငါးကြိမ်ဖြင့် အကြိမ်ရေ အများဆုံး နည်းပြအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နည်းပြအန်ဆယ်လော့တီသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ၂၀၀၃ ခုနှစ်၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၇ခုနှစ်တို့တွင် အေစီမီလန် အသင်းနှင့် တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်နှင့် ယခုဘောလုံးရာသီတို့တွင် ရီးယဲလ်မက်ဒရစ် အသင်းနှင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။                       

 Ref;Opta.com