လျှောက်သင့်သည့်လမ်း  ကျွမ်းသင့်သည့်နည်း

မိမိကိုယ်ကိုသာ ဂရုစိုက်ပါ

 

ကျွန်ုပ်တို့သည်  မိမိ၏ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းရာ၌ လွဲချော်မှုများ၊ ဆုံးရှုံးမှုများကြုံတွေ့ တတ်သည်မှာ ဓမ္မတာဖြစ်သည်။ ထိုလွဲချော်မှု၊ ဆုံးရှုံးမှုများကို အများက မည်သို့ပင် ရှုမြင်သုံးသပ်စေကာမူ  ဂရုစိုက်မနေသင့်ပါ။ အကယ်၍ ထိုကိစ္စကို ဂရုစိုက်ကာ မိမိလျှောက်လှမ်းဆဲ ခြေလှမ်းများကို ရပ်တန့်ပစ် လိုက်လျှင် ပန်းတိုင်သို့ ရောက်တော့မည် မဟုတ်ပေ။ ဥပမာအားဖြင့် မိမိလမ်းလျှောက်နေစဉ် ချော်လဲသည် ဆိုပါစို့။ မြင်သူအချို့က ဝိုင်းရယ်ကောင်းရယ်လိမ့်မည်။ အချို့က လာရောက်၍ ဝိုင်းထူပေးကောင်းပေးလိမ့်မည်။ အချို့ကမူ  မည်သို့မျှမပြောဘဲ ရပ်ကြည့် ကောင်းကြည့်နေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ  ချော်လဲခြင်းနှင့် ပတ်သက်၍ ရှက်ရွံ့အားငယ်စရာမလို။ လူအများ၏ မိမိအပေါ် ထင်မြင်ပြုမူမှုသည် အရေးမကြီး။ မိမိလမ်းကို မိမိဆက်လျှောက်ရန်သာ ကြိုးစားရမည်။ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် စကားပုံတစ်ခုရှိသည်။ ချီးမွမ်းခုနစ်ရက်၊    ကဲ့ရဲ့ခုနစ်ရက်ဟူ၍ ဖြစ်သည်။ အဓိပ္ပာယ်မှာ မိမိလုပ်ရပ်အပေါ် ပတ်ဝန်းကျင်လူများ၏ ချီးမွမ်းမှု၊ ကဲ့ရဲ့မှုတို့သည် ခုနစ်ရက်သာကြာသည်။

ထိုကာလ ကျော်လွန်သည်နှင့် အလိုလိုမှေးမှိန်ပျောက် ကွယ်သွားကြလေသည်။ မိမိ၏ ဆိုးခြင်း၊ ကောင်းခြင်းအပေါ်  သူတို့ဂရုမစိုက်နိုင်အားတော့ချေ။ သို့ဖြစ်၍ ပတ်ဝန်းကျင်ကြောင့်   မိမိ၏လုပ်လက်စ အလုပ်ကို ရပ်ပစ်ရန်၊ မိမိ၏ရည်မှန်းချက်ကို ဖျက်ဆီးပစ်ရန်မလို။

စစ်ရှုံးဘုရင်ကြီးတစ်ပါးသည် ဂူတစ်ဂူ၌ ခိုဝင်ပုန်းအောင်းနေစဉ်  ပင့်ကူတစ်ကောင်၏ မဆုတ်မနစ်သော ဇွဲကို တွေ့မြင်ခဲ့ရသည်။ အပေါ်မှ အကြိမ်ကြိမ် ပြုတ်ကျခဲ့သော်လည်း အကြိမ်ကြိမ်ကြိုးစား၍ တက်ခဲ့သဖြင့် နောက်ဆုံးတွင် အောင်မြင်သွားသော ပင့်ကူလေးကို မြင်ပြီး စိတ်ဓာတ်ခွန်အားများ ပြန်လည် ရရှိခဲ့သည်။ထိုစိတ်ဓာတ်ခွန်အားဖြင့် လက်နက်ဗိုလ်ပါစုဆောင်း၍ ရန်သူကို နောက်တစ်ကြိမ် ရင်ဆိုင် တိုက်ခိုက်ခဲ့ရာ အောင်မြင်မှု ပြန်လည်ရရှိခဲ့သည်။

 

မိမိကိုနားလည်တန်ဖိုးထားသူများနှင့်သာနေပါ

     

မိမိသည် လူတိုင်းနှစ်သက်သဘောကျသူဖြစ်ရန် ကြိုးစားနေ၍မဖြစ်ပေ။ အကယ်၍ တစ်ယောက်မကျန် မိမိကို နှစ်သက်သဘောကျစေရမည် ဟူသော ခံယူချက်ဖြင့် မဖြစ်မနေကြိုးစားနေပြီ ဆိုလျှင် ထိုကြိုးစားမှုသည် မှားနေပြီဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက သင်၏တန်ဖိုး၊ သင်၏အသုံးဝင်မှု၊ သင်၏ အရည်အချင်းကို သိနားလည်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ဂရုပြုရမည်မှာ မိမိ၏ တန်ဖိုးကို မသိသူများ ရှိသကဲ့သို့ မိမိကို နားလည်တန်ဖိုးထားသူများ ရှိနေသည်ဟူသော အချက်ဖြစ်သည်။ ထိုနားလည်တန်ဖိုး ထားသူများနှင့် ယှဉ်တွဲပေါင်းဖော်နေထိုင်သင့်သည်။ မြတ်စွာဘုရားပင်လျှင် မိမိတန်ဖိုးမသိသော ဒိဋ္ဌိအယူရှိသူ၊ တရားပြ၍ မရနိုင်သူတို့ကို တရားမဟောပေ။မိမိတရားကို သိနားလည်ပြီး ကျွတ်တမ်းဝင်မည့်သူများကိုသာ တရားပြတော်မူသည်။ တစ်ခါက ပန်းချီဆရာ တစ်ဦးသည် ပန်းချီကားချပ်တစ်ခု ရေးဆွဲ၍ ပန်းချီကားချပ်နားတွင် စုတ်တံနှင့်ဆေးများ အဆင်သင့်ထားပေးလိုက်သည်။ ထို့နောက် မည်သူမဆို ပန်းချီကားတွင် လိုအပ်ချက်ရှိပါက ဖြည့်စွက်ရေးဆွဲခွင့်ပေးလိုက်သည်။ ထိုအခါ လူအသီးသီးက သူတို့လိုအပ်သည် ထင်သော နေရာများတွင် ဖြည့်စွက်ရေးဆွဲသွားကြသည်။ သို့သော် လူအသီးသီးဖြည့်စွက် ရေးဆွဲပြီးချိန်တွင် ပန်းချီကားမှာ ဆေးရောင်များ ဗရပွနှင့် ရှုမကောင်းအောင် ပျက်စီးသွားလေသည်။ ဖြည့်စွက်ရေးဆွဲသူတို့မှာ ပန်းချီအကြောင်း မသိဘဲ စိတ်ထဲထင်မြင်သလို ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။ တစ်ဖန် ပန်းချီဆရာက ပန်းချီကားချပ်တစ်ခု ထပ်မံရေးဆွဲကာ ပန်းချီပညာကို နားလည်တတ်ကျွမ်းသူ အချို့အား  ဖြည့်စွက်ရေးဆွဲ ခွင့်ပေးလိုက်သည်။ ထိုသူတို့က ပန်းချီကားတွင် အမှန် လိုအပ်မည့်ရေးဆွဲမှု အချို့သာ ဖြည့်စွက်ရေးဆွဲပေးခဲ့ကြသည်။ ဖြည့်စွက်ရေးဆွဲပြီးချိန်တွင် ပန်းချီကားမှာ နှစ်သက်ဖွယ်ပြီးပြည့်စုံသည့်    ပန်းချီကားတစ်ခုဖြစ်သွားခဲ့သည်။ ထို့ကြောင့်  မိမိ၏ လုပ်ဆောင်မှု ကို လူအားလုံးနှစ်သက်အောင် ကြိုးစားမှုထက် မိမိ၏ လုပ်ဆောင်မှုကို  သိနားလည် တန်ဖိုးထားသူတို့နှင့် နေထိုင်လုပ်ကိုင်ခြင်းသည်သာ  အမှန်ကန်ဆုံးဖြစ်သည်။

 

ပြည့်စုံလုံလောက်သောအချိန်ကိုစောင့်၍ မရပါ

 

မိမိ၏အလုပ်အတွက်   ပြည့်စုံလုံလောက်သော အချိန်ကို စောင့်ဆိုင်းနေ၍မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် အလုပ်တစ်ခုကိုစလုပ်ရန် ပြည့်စုံလုံလောက်သော အချိန်ဟူ၍ မရှိသောအချိန်ကို စောင့်ဆိုင်းနေသူသည် ပျင်းရိခြင်းခြောက်ပါးဖြစ်သည့် စောသည်၊ နောက်ကျသည်၊ ချမ်းအေးသည်၊ ပူသည်၊ ဆာလောင်သည်၊ ပြည့်အင့်သည်တို့နှင့်သာ အချိန်ကုန်သွားပြီး မည်သည့်အလုပ်မျှ မလုပ်ဖြစ်သူနှင့် တူနေပေလိမ့်မည်။  အချိန်နှင့်ဒီရေသည်  လူကိုမစောင့်ဆိုသကဲ့သို့  အလုပ်လုပ်ရန်  အချိန်စောင့်ဆိုင်းနေသူအတွက် အချိန်က ထိုသူကို စောင့်မည် မဟုတ်ပေ။ အချိန်တိုင်းသည် အလုပ်လုပ်နေရမည့် ကာလဖြစ်ပြီး အောင်မြင်မှုအတွက် အမြဲချီတက်နေသူသာ လိုရာပန်းတိုင်သို့ရောက်မည်ဖြစ်သည်။ ရုံးခန်းများတွင် ချိတ်ဆွဲထားသော စာကြောင်းတိုလေးတစ်ကြောင်းကို ဖတ်ဖူးကြပေလိမ့်မည်။  မနက်ဖြန် အလုပ်  ယနေ့လုပ်၊ ယနေ့အလုပ် ယခုလုပ် ဟူ၍ ဖြစ်သည်။ ရုံးလုပ်ငန်းသာမဟုတ်၊ မည်သည့်အလုပ်ကို လုပ်သူဖြစ်စေ လိုက်နာဆောင်ရွက် သင့်သော လမ်းညွှန်ချက်ဖြစ်သည်။ အလုပ်လုပ်မည့်သူအတွက် ရက်ရာဇာ၊  ပြဿဒါးရွေးနေ၍ မဖြစ်ပေ။  မိမိလုပ်မည့် အလုပ်ကို ဆိုက်ဆိုက်မြိုက်မြိုက်လုပ်ခြင်း၊ ကြိုကြို တင်တင်လုပ်ခြင်းသည်သာ အောင်မြင်မှုနှင့်လက်တွေ့ နီးစပ်နိုင်ပေသည်။

 

ရွေးချယ်စရာလမ်း အမြဲရှိသည်

 

မည်မျှပင် ခက်ခဲနေသောအလုပ်၊ အကျပ်အတည်း တွေ့နေသောအလုပ်ဖြစ်ပါစေ  ရွေးချယ်ဖြေရှင်းရန် လမ်းစရှိနေမြဲ ဖြစ်သည်။ ဘုရင့်နောင်၏ နောင်ရိုးတိုက်ပွဲကို လေ့လာကြည့်ပါ။ အောင်မြင်ရန်ခက်ခဲသည့် တိုက်ပွဲအတွက် ဖောင်ဖျက်၍ နောက်ကြောင်း ပြန်မလှည့်ဘဲ အနိုင်တိုက်မည်ဟူသော ရွေးစရာလမ်း (တစ်နည်းအားဖြင့်) အောင်မြင်မှုကို ရစေမည့် နည်းလမ်းက ရှိနေပြီးဖြစ်သည်။ထိုသဘောကို ဘုရင့်နောင်က သိသည်။ထို့ကြောင့် အခက်အခဲကို မုချကျော်လွှားရန် စိတ်ဓာတ်ခွန်အားနှင့် သတ္တိကိုပေးမည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်။ အမှန်တကယ် လက်တွေ့တွင်လည်း အောင်မြင်မှုရခဲ့သည့် တိုက်ပွဲဖြစ်ကြောင်း သမိုင်းတွင် အထင်အရှားတွေ့နိုင်သည်။ ထို့ကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မည်သည့်အရေးကိစ္စဖြစ်စေ  မည်မျှပင် အခက်အခဲအကျပ်အတည်း ကြုံတွေ့ရစေကာမူ  ရွေးချယ်စရာလမ်းကား  ဧကန်ရှိမြဲပင်ဖြစ်သည်။

 

အတွေးကောင်းများတွေးပါ

 

ကိုယ်လျှောက်မည့် လမ်း၊ ကိုယ်မျှော်မှန်းသည့် ရည်ရွယ်ချက်အတွက်  အတွေးကောင်းများတွေးရသည်။ အတွေးကောင်း ဆိုသည်မှာ  မိမိအတွက် ပျော်စရာကောင်းမည့်အတွေး၊  အောင်မြင်မည်ဆိုသည့် အတွေးများကို ဆိုလိုသည်။ အတွေးကောင်းများသည် ရည်ရွယ်ချက်အတွက် အထောက်အပံ့ကောင်းများဖြစ်သည်။  အတွေးကောင်းများကသာ  မိမိ၏စိတ်ခံစားချက်ကို ကောင်းမွန်အောင်လုပ်ဆောင်နိုင်ပြီး ခံစားချက်ကောင်း များက လုပ်ရပ်ကောင်းများ လုပ်နိုင်လာမည်။ လုပ်ရပ်ကောင်းသည်နှင့်  ရလဒ်ကောင်းရလာမည်။ ထို့ကြောင့် မကောင်းသောအတွေးများ၊ စိတ်ပျက်ညည်းညူနေသည့် အတွေးများမတွေးသင့်ပါ။

 

ပျော်ရွှင်စရာကောင်းသော ဘဝကို ဖန်တီးပါ

 

မိမိဘဝတွင်  မိမိသာလျှင်  ပဲ့ကိုင်ရှင်ဖြစ်သည်။ မည်သည့်အခြေအနေတွင်ဖြစ်စေ မိမိပျော်ရွှင်စေမည့် ဘဝမျိုးကိုသာ ဖန်တီး၍ အောင်မြင်အောင် အမြဲကြိုး စားနေရမည်။ စိတ်ဓာတ်ကျသော ဘဝမျိုး၊ စိတ်ပျက် ညည်းညူနေသော ဘဝမျိုးကို ဖန်တီးမိသူသည် အောင်မြင်သောဘဝကို ရမည်မဟုတ်ပေ။

 

အကောင်းဆုံးနှင့် အဆိုးဆုံး နှစ်မျိုးစလုံးအတွက် ပြင်ဆင်ထားပါ

         

မိမိရည်မှန်းချက်ပန်းတိုင်သို့ရောက်အောင် ကြိုးစားရာ၌ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားရသည်။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားအားထုတ်ရသည်။ သို့သော် မိမိကြိုးစားအားထုတ်မှု၏ ရလဒ်ကိုကား  အကောင်းဆုံးရလဒ်ကို  မျှော်လင့်သကဲ့သို့  အဆိုးဆုံးရလဒ်အတွက်လည်း  ကြိုတင်ပြင်ဆင်ထားရမည်။ အကောင်းဆုံးရလဒ်ကိုချည်း မျှော်လင့်ထားသည့်အခါ    ရုတ်တရက်အဆိုးဆုံးရလဒ်နှင့်   ရင်ဆိုင်ရချိန်တွင်  စိတ်ဓာတ်ကျခြင်း၊ စိတ်ပျက်လက်လျှော့ကာ နောက်ထပ်ကြိုးစားချင်စိတ် မရှိဖြစ်သွားတတ်သည်။ ထို့ကြောင့် အကောင်း အဆိုး ရလဒ်နှစ်ခုအတွက် မိမိဘက်က ကြိုတင်ပြင်ဆင်ထားမှသာ  ရှေ့ဆက်ရမည့်ခရီးအတွက်  အားမာန်များ ထပ်မံရရှိကာ ပန်းတိုင်မရောက်မချင်း အရောက်လှမ်းကာ အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်မည် ဖြစ်ပေသည်။  ။

ညွန့်ဝင်း(နတ်တလင်း)