နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံသွေးကြောကျဉ်းရောဂါဆိုတာ နှလုံးသွေးလွှတ်ကြောနံရံများ ပိုလျှံနေတဲ့ မလိုတဲ့ မကောင်းတဲ့အဆီ (L-Low Density Lipoprotein) များစုပုံလာရာမှ သွေးကြောနံရံထူလာပြီး သွေးစီးကြောင်းကျဉ်းသွားခြင်း(သို့) လုံးဝပိတ်သွားခြင်းကို ဆိုလိုပါတယ်။

နှလုံးသွေးကြောကျဉ်းနေပါက နှလုံးကြွက်သားများ ရှင်သန်မှုအတွက်  လိုအပ်တဲ့သွေးများနဲ့ အောက်ဆီဂျင်ပမာဏ လုံလောက်စွာ မရှိတော့လို့ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ သွေးပေါင်ကျခြင်းတို့ ဖြစ်လာနိုင်ကာ အချိန်မီကုသဖို့ အရေးကြီးတဲ့ အခြေအနေပဲဖြစ်တယ်။

နှလုံသွေးကြောကျဉ်းရောဂါ ဖြစ်စေတဲ့ အဓိကအကြောင်းရင်းများမှာ သွေးတိုးရောဂါ၊ သွေးတွင်း အဆီဓာတ်များခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မျိုးရိုးဗီဇပါခြင်းတို့ဖြစ်တယ်။

အဓိကရောဂါလက္ခဏာတို့မှာ ရင်ဘတ်အောင့်ခြင်း၊ မိနစ်ပိုင်းမျှ ဆင်နင်းခံရသလိုအောင့်ခြင်း၊ အဆိုပါ နေရာမှတစ်ဆင့် လက်မောင်း၊ ဘယ်လက်ပခုံး၊ လည်ပင်း၊ မေးရိုး၊ လက်နှစ်ဖက်၊ နောက်ကျော၊ သွားများထိပျံ့နှံ့သွားနိုင်ခြင်း၊  အသက်ရှူမဝခြင်း၊ ရင်တုန်ခြင်း၊ ရုတ်တရက်သတိလစ်ခြင်း၊ အားနည်းကာ ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တယ်။

နှလုံးသွေးကြောကျဉ်းရှိ/မရှိ အတည်ပြုစစ်ဆေးခြင်းကို ဆရာဝန်များက သင့်လျော်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပေးပါတယ်။ လက်ရှိရောဂါခံစားရတဲ့ လက္ခဏာများနဲ့ ယခင်ကျန်းမာရေးချို့ယွင်းမှုများ၊ မိဘမျိုးရိုးနဲ့  နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းရှိ/မရှိ၊ အီးစီဂျီ(ECG)ဆွဲခြင်း၊ အက်ကို(Eicho)ရိုက်ခြင်းများ ပြုလုပ်ပါတယ်။  ရင်ဘတ်ဓာတ်မှန် (Chest X'rays) ရိုက်ခြင်း၊ အာထရာဆောင်း (Ultrasound)၊ စီတီ(CT- Angiogram)ရိုက်ခြင်း၊ စိတ်လှုပ်ရှားစမ်းသပ်အီးစီဂျီ  (Stress Test-Exercise ECG)စမ်းသပ်ခြင်းတို့ ပြုလုပ်ရမှာ ဖြစ်တယ်။ လူနာရဲ့နှလုံးဟာ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ဘဲ မောပန်းခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်ပေါ်လာပြီး ECG မှာပြောင်းလဲ၊  နှလုံးသွေးကြောကျဉ်းရောဂါခံစားနေတယ် ဆိုတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ ပိုမိုတိကျစွာ သိရှိနိုင်စေဖို့ နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်းနည်းနဲ့ စစ်ဆေးနိုင်ပါတယ်။ နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်းဆိုတာ လူနာရဲ့ပေါင် သို့မဟုတ်  လက်ကောက်ဝတ်ရှိ သွေးလွှတ်ကြောမှတစ်ဆင့် နှလုံးသွေးကြောထဲကို သေးငယ်တဲ့ပိုက်တစ်ခု ထည့်သွင်းကာ ဆေးရည်တစ်မျိုး ထိုးသွင်းကြည့်ခြင်းနည်းနဲ့ ဘယ်သွေးကြော ဘယ်လောက်ကျဉ်းနေတာကို ပုံရိပ်ဖော်ကွန်ပျူတာ မှတစ်ဆင့်ကြည့်ရှုခြင်း ဖြစ်တယ်။ အဆိုပါ သွေးကြောဓာတ်မှန်ရိုက်ခြင်းကို (CCL-Cardiac Catherization Lab)မှာပြုလုပ်ရပါတယ်။ အချို့အဆိုပါ သွေးကြောဓာတ်မှန်ရိုက်ခြင်းမှာသာ ရောဂါရှာတွေ့ရှိပြီး စတန်း(Stant) ထည့်ခြင်းဆောင်ရွက်နိုင်တာတွေ့ရှိရပါတယ်။

 

နှလုံးသွေးကြောကျဉ်းရောဂါကုသမှု

 

ဆေးဝါးများအသုံးပြုကာ ကာကွယ်ကုသခြင်း၊ နှလုံးသွေးကြောနဲ့ချဲ့ပြီး  သွေးကြောထောက်ကိရိယာ (stant) ထည့်ခြင်း၊ နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း၊ ပိတ်နေတဲ့ သွေးကြောနေရာမှာ ခန္ဓာကိုယ်မှ ကျန်းမာတဲ့ အခြားသွေးကြောနဲ့လမ်းလွှဲကာ သွေးကြောအစားထိုးကုသခြင်းတို့ ဖြစ်တယ်။

သွေးကြောကျဉ်းတဲ့ အခြေအနေအစအဦးမှာ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့  သင့်လျော်တဲ့ဆေးဝါးများ သောက်သုံးခြင်းနဲ့ လူနာရဲ့နေထိုင်မှုပုံစံဖြင့် ပြုပြင်ပြောင်းလဲပေးခြင်းနည်းနဲ့ ကာကွယ်နိုင်ပါတယ်။ နှလုံးသွေး ကြောကျဉ်း ပမာဏဟာ ၅၀ ရာခိုင်နှုန်းအထက်ဖြစ်ရင် နှလုံးသွေးကြောချဲ့တဲ့နည်း သို့မဟုတ် နှလုံးသွေးကြောဖြတ်တောက် ကုသခြင်း နည်းများနဲ့ ကုသနိုင်တယ်။ ကုသမှုနှစ်နည်းကို ရွေးချယ်ရာမှာ နှလုံးသွေးကြောကျဉ်းမှုပေါ်မူတည်ကာ    နှလုံးအထူးကု ဆရာဝန်ကြီးများက  ဆုံးဖြတ်ပေးကြပါတယ်။ သွေးကြောကျဉ်းမှုမှာ ကျဉ်းတဲ့သွေးကြောရဲ့ တည်နေရာ၊ နှလုံးကြွက်သားရဲ့ ခံနိုင်ရည်စွမ်းအား၊ လူနာရဲ့ အသက်အရွယ်နှင့် ကျန်းမာရေးပေါ် မူတည်ကာ ဆုံးဖြတ်ပေးကြပါတယ်။

 

ဘောလုံးငယ်နဲ့သွေးကြောချဲ့ခြင်း

 

နှလုံးသွေးလွှတ်ကြောရဲ့ ကျန်တဲ့အပိုင်းကို ဘောလုံးနဲ့ချဲ့ကာ ကုသနိုင်တယ်။ ဘောလုံးငယ်နဲ့ သွေးကြောချဲ့ ပြီးပေမယ့် သွေးကြောရဲ့မူလသဘာဝအရ ကျုံ့နိုင်၊ ဆန့်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် မူလကျဉ်းတဲ့ ပုံစံပြန်ကျဉ်းသွားတတ်တယ်။ နှလုံးသွေးကြောထောက်(Stant) ထည့်ရတယ်။

လူနာတစ်ဦးနဲ့တစ်ဦး သွေးကြောအရွယ်အစားကျဉ်းမှုပမာဏမတူတဲ့အတွက် Stant မတူပါ။ Stant အမျိုးအစား အမျိုးမျိုးရှိရာ သတ္တုနဲ့ပြုလုပ်ထားတဲ့ သွေးကြောထောက်ကိရိယာ၊    သတ္တုပေါ်မှာ ဆေးသုတ်လိမ်းထားတဲ့ သွေးကြောထောက် ကိရိယာနှစ်မျိုးရှိတယ်။ သွေးကြောထောက်ကိရိယာ(Stant) ထည့်သွင်းအပြီးမှာ လူနာဟာ နာရီအတော်ကြာလဲလျောင်းနေရမှာ ဖြစ်တယ်။ ဆေးရုံမှဆင်းပြီးပေါင် သို့မဟုတ် လက်ကောက်ဝတ် သွေးထွက်ခြင်းဖြစ်ပေါ်ရင် ဆေးရုံအမြန်လာပြဖို့ လိုပါတယ်။

နှလုံးသွေးကြောဖြတ်ဆက်ကုသခြင်းက  ပိုပြီးသင့်လျော်တယ်။ ခန္ဓာကိုယ်အစိတ်အပိုင်း နေရာသစ်တစ်ခုမှာ  ကျန်းမာတဲ့သွေးကြောကို  ရယူပြီး သွေးကြောလမ်းကြောင်း အသစ်ဖန်တီးကာ ကုသပေးခြင်းဖြစ်တယ်။  ဆေးရုံမှဆင်းပြီး အခြားထူးခြားတဲ့ လက္ခဏာရှိရင်  ဆေးရုံလာပြရတယ်။ Stant ထည့်ပြီး သွေးကျဲဆေးနှစ်မျိုး တစ်နှစ်တိတိ မပျက်မကွက်သောက်ရမယ်။  ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးသောက်ပြီး ပြန်လည် ပြသရမယ့်အချိန်ပြသဖို့လိုတယ်။ ဆေးလိပ်၊ အရက်ဖြတ်ရမယ်။ သင့်လျော်တဲ့လေ့ကျင့်ခန်းသုံးကြိမ်နဲ့ တစ်ကြိမ်မိနစ် ၃၀ ခန့်၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးတစ်ခုခုလုပ်ပေးသင့်ပါတယ်။

သင့်လျော်တဲ့ကိုယ်အလေးချိန်  ဘီအမ်အိုင်။ ဘီအမ်အိုင်ဆိုတာ ခန္ဓာကိုယ်အလေးချိန် (Kg) ကိုအရပ်အမြင့်မီတာ (နှစ်ထပ်ကိန်း) နှင့် စားလို့ရတဲ့ ရလဒ်ဖြစ်ကာ သာမန် (၁၈ ဒသမ ၉ -၂၄ ဒသမ ၉)အတွင်းထိန်းထားရမယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ငါးများများစားရမယ်။ အုန်းနို့၊ ဥအနှစ်၊ ဟင်းရွက်ဆီ၊ ဆီအုန်း၊ ပြန်ကြော်ဆီနဲ့ ပြင်ဆင်ထားတဲ့ အသင့်အမြန်စားအစာ(ဆင်းဒဝစ်၊ ပီဇာ၊ ဟမ်ဘာဂါ၊ အာလူးချောင်းကြော်တို့) ရှောင်သင့်တယ်။ ဆား၊ အချိုမှုန့်၊ ကြက်သားမှုန့်တို့ ရှောင်ရမယ်။  သွေးပေါင်ချိန်  သင့်တင့်မျှတတဲ့ (၁၂၀/၈၀)မီလီမီတာ ပြဒါးမှာ ထားရှိရမယ်။

ဆီးချိုသွေးချိုရှိသူများ၊ ဆီးချိုရှိသူများအချိုရှောင်ဖို့၊ ဆီးချိုဆေးနှစ်မျိုးတွဲသောက်ဖို့လိုမယ်။ ဆီးချိုဆေး မက်ဖော်မန့် (Metformin 500 Mg) နဲ့ ဂလိုင်ဇစ် (Glizid 80 Mg) တို့သောက်ဖို့လိုပါမယ်။ စိတ်ဖိစီးမှု လျှော့ချကာ အိပ်မပျော်ရင်အိပ်ဆေးသောက်ရမယ်။ အထိုင်များခြင်းကို ရှောင်ကြဉ်ကာ သွားသွားလာလာ အလုပ်လုပ် သင့်ပါတယ်။  ဆရာဝန်နဲ့  လိုအပ်ရင် လိုအပ်သလို ပြသသင့်ပါတယ်။ ။

ဒေါက်တာလွင်သန့်