ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အလွန်အန္တရာယ်ကြီးမားသောမူးယစ်ဆေးဝါးကို အမျိုးသား ရေးအသွင်ဖြင့် အလေးအနက်ထားတိုက်ဖျက်တားဆီးလျက်ရှိသည်။ လုံးဝပပျောက်သွားခြင်း မရှိသေး သော်လည်း ဖမ်းဆီးရမိမှု အရေအတွက်မှာ လွန်စွာများပြားသည်။ မူးယစ်ဆေးဝါးသည် ထုတ်လုပ်သူများရှိနေ၍ ရောင်းဝယ် ဖောက်ကားခြင်းများ ရှိနေသည်။ ရောင်းဝယ်ဖောက်ကားခြင်း ရှိနေသည်နှင့်အမျှ သုံးစွဲသူများ ရှိနေသည်။ ထုတ်လုပ်သူ၊ ရောင်းဝယ်သူများ အနေဖြင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်၍ ငွေကြေးရရှိမှုမှာလွန်စွာ များပြားလှသည်။ ငွေကိုရေလိုသုံးနိုင်သည်ဖြစ်၍ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်းနှင့် တရားဥပဒေ ဖောက်ဖျက်ကျူးလွန်ခြင်းတို့ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ထိုဒဏ်ကိုရိုးသားစွာ လုပ်ကိုင်စားသောက် နေကြသောပြည်သူများ ခံစားကြရသည်။
မူးယစ်ဆေးဝါးသုံးစွဲမှု အများစုမှာ လေ့လာတွေ့ရှိချက်များအရ လူငယ်လူရွယ်များက အများဆုံးဖြစ်သည်။ လူငယ်များ မူးယစ်ဆေးဝါးစွဲရခြင်း အကြောင်းအရာများကို လေ့လာကြည့်သောအခါ ပတ်ဝန်းကျင် အပေါင်းအသင်း လူငယ်လူရွယ်တို့၏ အပြုအမူကို တွေ့မြင်၍ အတုမြင် အတတ်သင် သုံးစွဲမိခြင်း၊ မူးယစ်ဆေး ဝါးသုံးစွဲရန် အပေါင်းအသင်းများက တိုက်တွန်း ဆွဲဆောင်ခြင်း၊ မိဘများ၏ သွန်သင်ဆုံးမမှု လွဲမှားခြင်း၊ သူငယ် ချင်းများနှင့် ရွယ်တူတန်းတူများ သုံးစွဲနေသည်ကိုမြင်၍ အားကျမခံအပြိုင်အဆိုင် သုံးစွဲခြင်း၊ ဆေးသုံးစွဲခြင်း ကိုခေတ်မီသည်ဟု အယူအဆလွဲမှားခြင်း၊ အထူးအဆန်းသဘောလက်တည့်စမ်းခြင်း၊ မိမိ၏ပူပင်သောက ဗျာပါဒများ ပပျောက်စေဖို့ မှီဝဲသုံးစွဲခြင်း၊ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းမှုကြောင့် မူးယစ်ဆေးဝါးသုံးစွဲမိခြင်း၊ ဆေးဝါး၏ တဒင်္ဂအာနိသင်ကို ကြိုက်နှစ်သက်ရာမှ ဆေးစွဲလာခြင်း၊ ဆေးဝါးအဖြစ် မှီဝဲရာမှ တန်ဆေးလွန်ဘေး ဖြစ်ကာ ဆေးစွဲလာကြခြင်းတို့ ဖြစ်သည်။
အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒတွင် သုံးစွဲမှု လျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ် လျှော့ချရေး အချက်များ၌ ကလေးသူငယ်များ၊အမျိုးသမီးများ၊ အန္တရာယ်ကျရောက် လွယ်သောလူအုပ်စုနှင့် ပြည်သူလူထုအတွက် မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ကုသမှုအခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် ကုသရေး ဝန်ဆောင်မှုများ၏ အရည်အသွေး ပြည့်မီရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် လူထုအတွင်း ပြန်လည်ဝင်ဆံ့ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများနှင့် အန္တရာယ်များ လျှော့ချရေး စသည်ဖြင့် ဖော်ပြပါရှိသည်။
မူးယစ်ဆေးဝါး ပြဿနာကို ကာကွယ်တားဆီးရေးမှသည် ချုပ်ငြိမ်းပျောက်ကွယ်ရေးတာဝန်မှာ တစ်ကမ္ဘာလုံး၏ တာဝန်ဖြစ်သကဲ့သို့ သက်ဆိုင်ရာ နိုင်ငံတိုင်းရှိ ပြည်သူတိုင်း၏ တာဝန်လည်း ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး (ငါ၊သူတစ်ပါး၊ယောက်ျား၊မိန်းမ)၏ ကိုယ်စီတာဝန်ဖြစ်သည်ဟု ခံယူထားသင့်သည်။ သို့မှသာနိုင်ငံတော်အတွင်းရှိ အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ ရှေ့ခရီးသည် ဖြောင့်ဖြူးသာယာနေမည် ဖြစ်သည်။ မိဘတိုင်း၏ တာဝန်၊ ဆရာတိုင်း၏ တာဝန်၊ ကျောင်းသားတိုင်း၏ တာဝန်၊ နိုင်ငံ့ဝန်ထမ်းတိုင်း၏ တာဝန်ဟူ၍ ခံယူထားပြီး ကိုယ်စီကိုယ်စီတတ်စွမ်းသည့် ဘက်မှပါဝင်ကူညီမှသာ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်မည်ဟု ယုံကြည်ပါသည်။
နိုင်ငံတော်အစိုးရ အဆက်ဆက်က မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း လုံးဝချုပ်ငြိမ်းသွားသည်အထိ အောင်မြင်နိုင်ခြင်း မရှိခဲ့ပါ။ စင်စစ်အားဖြင့် မူးယစ်ဆေးဝါးဟူသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် အရာဖြစ်သည်။ ဝေးဝေးက ရှောင်ရမည့်အရာ ဖြစ်သည်။ ဘိန်းဖြူအန္တရာယ် ကင်းဝေးစေရန် တိကျပြတ်သားသောဥပဒေနှင့် ထိန်းချုပ်သင့်သလို လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားရေးများကို တွေးဆပြီး မငဲ့ညှာသင့်တော့ပါ။ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ရောင်းဝယ်သူများကို သက်ညှာနေမည် ဆိုလျှင် အမြစ်ပြတ်ရန် ခက်ခဲပါလိမ့်မည်။
အုပ်ချုပ်သူတို့၏ ပြင်းထန်သော အာဏာစက်ဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ ဖမ်းဆီးရှာဖွေဖော် ထုတ်သူများ အပိုင်းကလည်း သတင်းကွင်းဆက်မပြတ်အောင် ရယူ၍လည်းကောင်း၊ ပြည်သူများဘက်ကလည်း ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုး၊ ငါ့အပေါင်းအသင်းတစ်ယောက်ယောက်များ မူးယစ်ဆေးဝါး သားကောင်ဖြစ်သွားခဲ့ရင် ဆိုသော နာကျင်ခံစားရမှုမျိုး ခံစားကာ ကိုယ်ချင်းစာစိတ်ဖြင့် ကြိုတင်မြော်တွေး၍ လည်းကောင်း၊ အမျိုးသားရေး စိတ်ဓာတ်၊ ဘာသာရေး အသိစိတ်ဓာတ်ဖြင့် လည်းကောင်း ပူးပေါင်းတိုက် ဖျက်ကြရမည် ဖြစ်ပေသည်။ သို့မှသာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နယ်နိမိတ်အတွင်း မူးယစ်ဆေးဝါးလုံးဝ (လုံးဝ)ကင်းစင်သွားမည် ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူတိုင်းလူတိုင်းက ကိုယ်စီအသိဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်ချက်တွင် တတ်စွမ်းသည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။