မြန်မာနေရှင်နယ်လိဂ်က ရွေးချယ်ချီးမြှင့်သည့် စက်တင်ဘာနှင့် အောက်တိုဘာလတို့ အတွက် အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုများကို ရှမ်းယူနိုက်တက် အသင်းက ရရှိခဲ့ကြောင်း သိရသည်။
တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရှမ်းယူနိုက်တက် အသင်းနည်းပြ ဦးအောင် နိုင်ကရရှိပြီး အကောင်းဆုံးကစားသမား ဆုကို ဂိုးသမားမျိုးမင်းလတ်က ရရှိခဲ့သည်။
အဆိုပါဆုများကို ရှမ်းယူနိုက်တက် အသင်းနှင့် ရတနာပုံအသင်းတို့ ပွဲစဉ် အပြီးတွင် ပေးအပ်ခဲ့ခြင်းဖြစ်ရာ နည်းပြဆုကို ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန် နောင်မြင့်ဝေနှင့် အကောင်းဆုံး ကစားသမားဆုကို မြန်မာ နေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့က တက်ရောက်ချီးမြှင့်ခဲ့သည်။
အကောင်းဆုံးနည်းပြဆုကို အထိမ်းအမှတ် ဆုတံဆိပ်နှင့်အတူ ဆုကြေး ငွေကျပ် ၁၅ဝဝဝဝ၊ အကောင်းဆုံး ကစားသမား ဆုကို အထိမ်းအမှတ် ဆုတံဆိပ်နှင့်အတူ ဆုကြေး ငွေကျပ် ၂ဝဝဝဝဝ ချီးမြှင့်ပေးခြင်း ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်နိုင်သည် အကောင်းဆုံး နည်းပြဆုကို ယခုနှစ် ရာသီအတွက် ဒုတိယအကြိမ် ရရှိခြင်းဖြစ်ပြီး ဂိုးသမား မျိုးမင်းလတ်အနေဖြင့် အကောင်းဆုံး ကစားသမားဆုကို ပထမအကြိမ် ရရှိခြင်း ဖြစ်ကြောင်း သိရသည်။