ကြင်နာစိတ်ထား ကြက်ခြေနီများ

ကြင်နာစိတ်ထား ကြက်ခြေနီများ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၈ ရက်)

၀၂၂ ခုနှစ် မေလ ၈ ရက် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ’ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား’’ (Be Human KIND)ဖြစ်ပါသည်။ ကြက်ခြေနီ အမှတ်အသား၊ ကြက်ခြေနီ ဝတ်စုံဝတ်ကာ လူသားတို့ ကောင်းကျို သယ်ပိုးနေကြသူများကို မြင်ရသူတိုင်းက လေးစားချစ်ခင်ကြသည်။ တန်ဖိုးထားကြသည်။ ပရဟိတ အများအကျိုး သယ်ပိုးရွက်ဆောင်သူများမှာ ဖြူစင်သော စိတ်နှလုံးသား ရှိသူများသာဖြစ်ကြသည်။

တော်သင့်ရုံစိတ်ဓာတ်ဖြင့်  အများအကျိုးကို လူတိုင်း စွမ်းဆောင်နိုင်ကြသည်မဟုတ်ပါ။  လူတိုင်းအတွက် ကျန်းမာရေးသည် အရေးအကြီးဆုံးဖြစ်သလို  ကျန်းမာရေး ချို့ယွင်းမှုတစ်စုံတစ်ရာ ဖြစ်နေသူကို ကူညီခြင်းသည် မွန်မြတ်သောလုပ်ရပ်ဖြစ်သည်။ ကြက်ခြေနီတပ်ဖွဲ့ဝင်တိုင်းသည် လူတိုင်းအပေါ် ကူညီနေသူများဖြစ်ပေရာ ကောင်းသောစိတ်ထားဖြင့်ကောင်းသော လုပ်ငန်းကို လုပ်ဆောင်နေသူများ ဖြစ်ကြသည်။

ကမ္ဘာ့ကြက်ခြေနီနေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံး သတိတရရှိလှသော အမည်မှာ ဟင်နရီဒူးနန့်ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၁၈၂၈ ခုနှစ် မေလ ၈ ရက်နေ့တွင် မွေးဖွားသည်။ အသက် ၃၄ နှစ်တွင် စီးပွားရေးကိစ္စဖြင့် တတိယမြောက် နပိုလီယံအား တွေ့ဆုံရန်သွားစဉ် ဆိုဖာရီနိုစစ်မြေပြင်ကို ရောက်ရှိသည်။ ၁၈၅၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့၏ နေရောင်အောက်တွင် စိတ်ကူး၍ပင် မရနိုင်သည့် အလွန်ရက်စက်ဖွယ် မြင်ကွင်းတစ်ခုကို ဟင်နရီဒူးနန့် တွေ့မြင်လိုက်ရသည်။ စစ်မြေပြင်တွင် လူသေနှင့် မြင်းသေကောင်တို့ ပြန့်ကြဲလျက်ရှိနေသည်။ ဆိုဖာရီနိုမြို့၏ အစွန်ဘက်လမ်းဘေး ဝဲယာရှိရေမြောင်းများ၊ လျှိုမြောင်များ၊ ချုံပုတ်များနှင့် မြက်ခင်းများတွင် အတုံးအရုံး အသေကောင်များမှာ မြင်မကောင်းအောင်ပင် တွေ့မြင်နေရသည်။

ဆိုဖာရီနိုမြို့ ကလေးသည် သေနတ်များ၊ ဗုံးများ၊ လက်ပစ်ဗုံးများဒဏ်ကြောင့် ယမ်းငွေ့များဝေကာ မြို့ပျက်တစ်ခုပမာ ဖြစ်နေသည်။ စစ်ပွဲဖြစ်လျှင် စစ်ပွဲမှာ ပါဝင်နေသူရော၊ ပတ်ဝန်းကျင်မှာ ရှိနေသူများရော ဒုက္ခနှင့် ကြုံတွေ့ရသည်မှာ ဓမ္မတာဖြစ်သည်။ စစ်ပွဲများမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ အီတလီနိုင်ငံမြောက်ပိုင်း ဆိုဖာရီနိုမြို့တွင် ဖြစ်ပွားနေသော စစ်ပွဲမှာ တတိယမြောက် နပိုလီယံ၏ ပြင်သစ်စစ်သားများနှင့် ဒုတိယမြောက် ဆာဒီးနီးယမ်းဘုရင် ဗစ်တာအီမြူရယ်၏ စစ်သားများ စုစုပေါင်း ၁၇၀၀၀၀ တို့သည် ၁၅ နာရီကြာ တိုက်ခိုက်ခဲ့ကြသည်။ သေဆုံး ဒဏ်ရာရသူ ၄၀၀၀၀ ခန့်ရှိပြီး ၁၉ ရာစုတွင် သွေးထွက်သံယိုမှု အများဆုံးသော စစ်ပွဲဖြစ်ခဲ့သည်။

စစ်မြေပြင်သို့ရောက်သွားသော  ဟင်နရီဒူးနန့်သည် အနီးအနား ရွာများရှိ အိမ်ရှင်များကို စည်းရုံးကာ အိမ်တိုင်းတွင် ဒဏ်ရာရသူလူနာများကို တတ်အားသရွေ့ပြုစုပေးသည်။ လူနာများ၏ ခြေလက်အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်ကုသရန် မစွမ်းဆောင်နိုင်ကြသော်လည်း အစာရေစာ ငတ်မွတ်နေသော လူနာများအတွက် ရေနှင့်အစားအစာများကို ကျွေးမွေးခဲ့ကြသည်။ ညစ်ပေရေနေသော ဒဏ်ရာများနှင့် လောက်တွယ်နေသော ခန္ဓာကိုယ်ကို ဆေးကြောသုတ်သင်ကာ ဆေးထည့်ပေးပြီး ပတ်တီးစည်းနှောင် ပေးခဲ့ကြသည်။ မကြာမီ ကူညီမည့် စေတနာ့ဝန်ထမ်း အဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။

ဟင်နရီဒူးနန့်၏ လူမျိုးမရွေး  ဘာသာမရွေး  ပြုစုစောင့်ရှောက်ရမည်ဆိုသည့် ကြက်ခြေနီစိတ်ဓာတ်သည် ဆိုဖာရီနိုစစ်မြေပြင်က စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကြက်ခြေနီအစ ဟင်နရီဒူးနန့်ကဖြစ်သည့်အတွက် ကမ္ဘာတစ်ဝန်းတွင် ကြက်ခြေနီလုပ်ငန်းများကို စွန့်စွန့်စားစား လုပ်ကိုင်သူများကို  ဟင်နရီဒူးနန့် ဆုချီးမြှင့်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဟင်နရီဒူးနန့်ဘွဲ့ စတင်ရရှိခဲ့သူမှာ စိုင်းအောင်လှိုင်မြင့်ဖြစ်သည်။  ၁၉၇၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီအချိန် မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ခတ်ချိုကျေးရွာတွင် မော်တော်ကားတစ်စီးသည် တစ်ဖက်ကမ်းကူးရန် ကူးတို့ဖောင်ပေါ်အတက် ဘရိတ်ချော်ပြီး မြစ်ထဲကျသွားသည်။ ရေစီးသန်ပြီး ရေအနက် ၁၈ ပေ၊ ပေ ၂၀ ခန့်မှာ ကားကိုမြင်နေရသည်။ စိုင်းအောင်လှိုင်မြင့်က ချက်ချင်းရေထဲ ခုန်ဆင်းပြီး ကားထဲမှလူကို ကယ်တင်နိုင်ခဲ့သည်။ တကယ့်ကို စွန့်စွန့်စားစား ကယ်တင်ခဲ့ခြင်းဖြစ်သည့်အတွက် ဟင်နရီဒူးနန့်ဘွဲ့ကို ချီးမြှင့်ခံရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ လူမှုရေး အသင်းတစ်သင်းအဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ၁၉၂၀ ပြည့်နှစ်တွင်ဖွဲ့စည်းခဲ့သည်။ အသင်း၏ ရည်ရွယ်ချက်မှာ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်ဖြစ်သည်။

ထိုရည်ရွယ်ချက်အောင်မြင်စေရန်အတွက် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါတားဆီးရန်၊ ဘေးဒုက္ခရောက်သူများကို ကူညီရန်ဆိုသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင်     လူတို့ကြောင့်ဖြစ်သောဘေး၊    သဘာဝကြောင့်ဖြစ်သောဘေးတို့   တွေ့ကြုံရလေတိုင်း တပ်မတော်ကဲ့သို့ အစဉ်အမြဲရှိနေသော အသင်းအဖွဲ့များတွင်       မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသည်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ကြက်ခြေနီလုပ်ငန်း ဆိုသည်မှာ လူသားထုကောင်းကျိုးအတွက် ဆောင်ရွက်နေသော အသင်းအဖွဲ့ဖြစ်ပေရာ လူသားချင်း စာနာထောက်ထားခြင်း၊ ကြားနေခြင်း၊ စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း၊ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခြင်း၊ ခွဲခြားမှုမရှိခြင်း၊ လွတ်လပ်ခြင်း၊ စည်းလုံးညီညွတ်ခြင်းဟူသော အခြေခံမူ(၇)ချက်နှင့် အညီ ကြင်နာစိတ်ထား ကြက်ခြေနီများကို ဂုဏ်ပြုရေးသား လိုက်ရပေသည်။